ဂလိုရီယာသတင်းဂျာနယ်တိုက်မိသားစုက မရမ်း-ပိတောက်စုကျေးရွာအား အရေးပေါ်လူနာတင်ယာဉ်တစ်စီးလှူဒါန်း

ရန်ကုန်၊ ဇန်နဝါရီလ ၂၃၊ ၂၀၁၉

ဂလိုရီယာသတင်းဂျာနယ်တိုက်ပိုင်ရှင်ဖြစ်သော ဦးဂျိုးဇက်ကုန်ဇမှုန်း၊ ဒေါ်အေမီ၊ သမီးဂလိုရီယာနှင့်သမီး ငယ်ခရစတီနားတို့မိသားစုက ပန်းတနော်မြို့နယ်၊ မရမ်း-ပိတောက်စုကျေးရွာများအတွက် အရေးပေါ်လူနာတင် ယာဉ်တစ်စီးကို ၎င်းကျေးရွာအခြေစိုက် အနာဂတ်အလင်းတန်းဖောင်ဒေးရှင်းအဖွဲ့အား ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့က လှူဒါန်းလိုက်သည်။

ထိုကဲ့သို့လှူဒါန်းရခြင်းနှင့်စပ်လျဉ်းပြီး ဦးဂျိုးဇက်ကုန်ဇမှုန်းက ““ဒီရွာရှိ ကျွန်တော်ယောက်ဖက ဒီကျေးရွာမှာ ဖွဲ့ထားတဲ့အနာဂတ်အလင်းတန်းဖောင်ဒေးရှင်းရဲ့ အဖွဲ့ဝင် ဖြစ်ပါတယ်။ သူကနေစပြီး သူ့ညီမဒေါ်အေမီဆီကို ဆက်သွယ်လာပြီးတော့၊ အရေးပေါ်လူနာတင်ယာဉ်တစ်စီးလှူပေးပါဆိုပြီး ပြောလာပါတယ်။ ဒီရွာတွေက ရန်ကုန်-ပုသိမ်းကားလမ်းမကြီး၊ ရန်ကုန်-အိမ်မဲကားလမ်းမကြီးမှာ ရှိနေတော့ ကားတိုက်မှု၊ ဆိုင်ကယ်တိုက်မှု၊ ကားမှောက် တာတွေ အဖြစ်များတဲ့နေရာ ဖြစ်ပါတယ်။ ဒီလိုမျိုးယာဉ်မတော်တဆဖြစ်တဲ့အခါမှာပဲ ဖြစ်ဖြစ်၊ လူနာတွေကို ဆေးရုံအမြန်ပို့နိုင်အောင်ရယ်၊ အသုဘတွေရှိတဲ့အခါမှာပဲ ဖြစ်ဖြစ် အသုံးပြုဖို့ ကားလိုတယ်ဆိုပြီး ပြောလာတယ်။ ဒါနဲ့ ကားအသစ်က ဘယ်မှာ သွားဝယ်ရမှန်းလဲ မသိဘူး။ ကားအသစ်ဆိုရင် ကျပ်သိန်း(လေးရာ) လောက် ရှိတယ်လို့ ကြားဖူးတယ်။ ဒါနဲ့ ကားအဟောင်းကို ဝယ်လို့ရရင် ဝယ်ပေးမယ်ဆိုပြီးတော့ ပြောလိုက်တယ်။ ကျွန်တော်က စပြီး ကျပ် (၉) သိန်း လှူလိုက်တယ်။ အဲဒါနဲ့ သူတို့က သူတို့က ကားဟောင်းကို လိုက်ရှာရင်း၊ အိမ်စီးကားလည်း ဖြစ်၊ လိုင်စင်လည်း ရှိပြီး အသုံးမပြုတော့တဲ့ ကားတစ်စီးကို ဗုဒ်္ဓဘာသာဘုန်းကြီးတစ်ပါးစီမှာ သွားဝယ်ကြပြီးတော့ အကြီးစားပြင်ဆင်မှုတွေ ပြန်လုပ်ပြီးတော့ အခုဆိုရင် အရေးပေါ်လူနာတွေကို ပန်းတနော်၊ ရန်ကုန်၊ အိမ်မဲ၊ ကျောင်းကုန်းစတဲ့မြို့နယ်ဆေးရုံ တွေမှာ လိုက်ပို့နေပြီ ဖြစ်ပါတယ်။ အကြီးစားပြင်ဆင်မှုတွေ အတွက် ငွေကျပ်သိန်း (၅၀) လောက်ကုန်သွားပါတယ်။ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁၉) ရက်နေ့က သူတို့က ကျွန်တော်တို့ကို ဂုဏ်ပြုလွှာပေးပါတယ်။ အဲဒီအချိန်မှာ ကားဘီးကို ပြန်ကြည့်တော့ ရှေ့ဘီးတွေက သိပ်မကောင်း တော့တာနဲ့ ကားဘီးတွေကို အသစ်လေးတပ်ဖို့ နောက်ထပ်ငွေ လှူဒါန်းလိုက်ပါသေးတယ်။ တကယ်တော့ ဒီလိုအရေး ပေါ်လူနာတင်ယာဉ်ကို လှူဒါန်းနိုင်တာက၊ ဂလိုရီယာသတင်းဂျာနယ်ကို ဝယ်ယူဖတ်ရှုပေးကြတဲ့ မိဘပြည်သူတွေ ကြောင့် ဖြစ်ပါတယ်။ နောက်တစ်ချက် ကတော့၊ ဒီနယ်ခံတွေကလည်း ကြိုးစားကြတဲ့အပေါ်မှာ၊ ကျပ်သိန်းရာ မကျော်ဘဲနဲ့၊ ကြံခိုင်ရုံတင်မကဘူး၊ လိုင်စင်လည်းရှိပြီး သဘောကောင်းတဲ့ ကားပိုင်ရှင် ဗုဒ်္ဓဘာသာ ဘုန်းကြီးနဲ့ တွေ့ကြပြီးတော့ ဘုန်းဘုန်းကလည်း ရောင်းပေးလိုက်တာဆိုတော့၊ ““လူကာကြံ၊ ဘုရားက ဖန်”” ဆိုသလိုပေါ့လေ။ လူ့ရဲ့ အကြံအစည်ပေါ်က မြင့်မြတ်တဲ့စီမံချက်အတွက် ဘုရားက ဖန်တီးပေးတာ ဖြစ်ပါတယ်။ ဒီအရေးပေါ်လူနာ တင်ယာဉ်ဟာ ဂလိုရီယာသတင်းဂျာနယ်ကိုဖတ်ရှုကြတဲ့မိဘပြည်သူတွေရဲ့စုပေါင်းအလှူလို့ ပြောချင်ပါတယ်။ လူနာတွေ (၁၀) ကျော်ကို ဆေးရုံများသို့ အချိန်မှီသယ်ပို့ပေးနိုင်တာမို့ ကျွန်တော်တို့မိသားစုက အရမ်းပီတိဖြစ်နေ ပါတယ်။ ဂျာနယ်ကနေရတဲ့ငွေတွေကိုတော့ မိသားစုအသုံးစရိတ်မှာ မသုံးဘူး။ ဘဏ်မှာ စုသလို၊ မြေကွက်ဝယ်ပြီးတော့ ရင်းထားတယ်။ တချို့ငွေကိုတော့ မိသားစုရဲ့ ပရဟိတလုပ်ငန်းမှာပဲ တတ်နိုင်သ လောက် လှူဒါန်းပါတယ်”” ဟု ရှင်းပြသည်။

ဂလိုရီယာသတင်းဂျာနယ်ရဲ့ဈေးကွက်နှင့်ပတ်သက်ပြီး အမေးကိုတော့၊ ““ဒီဂျာနယ်က ကက်သလစ် ခရစ်ယာန်အသိုင်းအဝိုင်းမှာပဲ ရောင်းချတာမို့၊ ပုဂ်္ဂလိကဂျာနယ်ဆိုတော့ ဆရာတော်ရဟန်းတွေ ခွင့်ပြုမှ ရောင်းရ တော့၊ ဈေးကွက်က သေးသေးလေးရယ်။ ဒီအကြားထဲမှာ ဒီဂျာနယ်ကို ဆရာတော် (၃) ပါးက သူတို့နယ်မှာ မရောင်းရဆိုပြီး ပိတ်ပင်ထားပြန်တယ်။ ဒါပေမယ့် ကျွန်တော်က စာပေသမားမို့လို့၊ တခြားလုပ်ငန်းတွေလည်း ရှိလို့ ဒီဂျာနယ်ကို ဆက်လက်ထုတ်ဝေနိုင်တာ ဖြစ်ပါတယ်”” ဟု ဖြေကြားပေးသည်။

ဒီလိုပိတ်ပင်မှုအပေါ် သူ၏ခံစားချက်ကို မေးတော့၊ ““ဒီဂျာနယ်ကို ပိတ်တဲ့သူတွေဟာ ဒီဂျာနယ်ရဲ့သမိုင်းမှာ ဖိနှိပ်သူတွေအဖြစ် ကျန်ခဲ့ကြပြီလေ။ အာဏာရှင်တွေအဖြစ် ကျန်ခဲ့ကြပြီ။ သူတို့သေတဲ့နောက်ပိုင်းမှာ ဒီဒေသတွေ မှာ ဒီဂျာနယ်ကို ပြန်ရောင်းချခွင့်ရအောင် ပြန်ကြိုးစားရအုံးမယ်။ ကိုယ်ကတော့ သူတို့ကို အခွင့်လွှတ်ပါတယ်”” ဟု ဖြေကြားသည်။ ၀၀၈ စအိုက်ထီခန့်

1134  Views
Previous: မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်က ဂျိုးဇက်ပညာရေးကျောင်း Joseph Education Institute အား စစ်ဆေးကူညီပေးမည့် ကော်မတီတစ်ခုကို ဖွဲ့စည်း
Next: ထောင်ကျနေကြသော အကျဉ်းသူ/သားများက ကက်သလစ်ဆရာတော်ရဟန်းတော်များကို တမ်းတနေ