လာမည့်ပညာသင်နှစ်ကစ၍ နွေရာသီကျောင်းပိတ်ရက် တစ်လလျှော့မည်ဟုဆို

နေပြည်တော်၊ ဧပြီလ၊ ၂၁၊ ၂၀၁၉

၂၀၁၉-၂၀ ပညာသင်နှစ်ကစ၍ အခြေခံပညာကျောင်းများ၏ နွေရာသီကျောင်းပိတ်ရက်ကို ယခင်ကဲ့သို့ သုံးလမပိတ်တော့ဘဲ နှစ်လသာ ပိတ်မည်ဟု အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောသည်။

အခြေခံပညာအတန်းများသည် ၂၀၁၈ – ၁၉ ပညာသင်နှစ်အထိ ဖေဖော်ဝါရီကုန်အထိသာ ကျောင်းတက်ရသော်လည်း လာမည့်ဇွန်လတွင်ဖွင့်မည့် ၂၀၁၉ – ၂၀ ပညာသင်နှစ်က စတင်ကာ မတ်လကုန်အထိ ကျောင်းတက်ရမည်ဖြစ်သည်။

{{အရင်က ဖေဖော်ဝါရီဆို  စာမေးပွဲစစ်ပြီးတော့ ဖေဖော်ဝါရီလကုန်ဆို ကျောင်းတွေပိတ်ပြီ။ တကယ်တော့ Academic Year ရဲ့ စာသင် တဲ့ကာလက အရင်ကတည်းက မတ်လ ၃၁ ရက်အထိ ဆွဲထားတာ။ စာသင်ချိန် ၁၀ လ ရှိရမှာကို အခုရှစ်လလောက်ပဲ သင်နေရသလိုဖြစ်နေတာ။ အဲဒါကြောင့် ဒီနှစ်ကစပြီး မတ်လနောက်ဆုံးပတ်အထိ ကျောင်း တက်ရမှာ}} ဟု ဦးကိုလေးဝင်းက ရှင်းပြသည်။

အခြေခံပညာအတန်းများ၏ နှစ်ဆုံးစာမေးပွဲကို (၂၀၁၉ – ၂၀) ပညာသင်နှစ်ကစကာ မတ်လ နောက်ဆုံး ပတ်တွင် စစ်ဆေးမည် ဟု ပညာရေးဝန်ကြီးဌာနပြည် ထောင်စုဝန်ကြီးဒေါက်တာမျိုး သိမ်းကြီးကလည်း ဧပြီ ၂၁ ရက် ၌ ကမာရွတ် တီတီစီတွင် Grade-6  (သင်ရိုးသစ်)နှင့်ပတ်သက်၍ တိုင်းဒေသကြီးနှင့် ပြည် နယ်အဆင့် ဆွေးနွေးပွဲ၌ ဆရာ၊  ဆရာမများနှင့်တွေ့ဆုံစဉ် ပြော ကြားထားသည်။

အခြေခံပညာအတန်းများကို တစ်နှစ်လေးကြိမ်စာမေးပွဲ စစ်ဆေးမည်ဖြစ်ရာ ပထမအကြိမ်  စစ်ဆေးခြင်းကို ဇူလိုင် (သို့မ ဟုတ်) ဩဂုတ်၊ ဒုတိယအကြိမ်  ကို အောက်တိုဘာ၊ တတိယအ ကြိမ်ကို ဒီဇင်ဘာ၊ စတုတ္ထအကြိမ် ကို မတ်လနောက်ဆုံးပတ်တွင် ပြုလုပ်မည်ဟု ပညာရေးဝန်ကြီး ကဆိုသည်။

အခြေခံပညာအတန်းများ၏ နှစ်ဆုံးစာမေးပွဲကို မတ်လ နောက်ဆုံးပတ်တွင် ကျင်းပမည်ဖြစ်ရာ တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် ကာလလည်း အပြောင်းအလဲရှိနိုင်ပြီး အတိအကျကို ပညာရေးဝန်ကြီးဌာနက ထပ်မံကြေညာမည်ဟု အခြေခံပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ကပြောသည်။

နှစ်စဉ် အခြေခံပညာ ကျောင်းများကို ဖေဖော်ဝါရီလကုန်တွင် ပိတ်သော်လည်း ပညာရေးဝန်ကြီးဌာန၏ ပညာရေးပြက္ခဒိန်၌ နွေရာသီကျောင်းပိတ်ရက်ကို ယခင်ကတည်းက ရက် ၆၀သာ ထည့်ဆွဲထားသည်။ ထို့ ကြောင့် မတ်လတစ်လလုံးအတွက် လချုပ်စာရင်းတွင် ကျောင်းသား၊ ဆရာ၊ ဆရာမအားလုံးကို ကျောင်းအတက်ပြပေးရသည်ဟု ပဲခူးတိုင်းဒေသကြီး အလက (ရစ်ကန်ဘူတာ)ကျောင်းအုပ်ကြီး ဦးအောင်ကျော်သူက ရှင်းပြသည်။

{{အခုကတော့ ဝန်ကြီးပြောတဲ့ပုံအရ ကလေးတွေကို မတ်လတစ်လလုံး ကျောင်းမှာထားမယ့် ပုံစံမျိုးပြောတယ်။ မိဘတွေ ကျောင်းပို့ရတာ တစ်လပိုသွားမယ်။ ရာသီဥတုက တအားပြင်းတော့ ကလေးတွေ နေပူထဲလာရ မယ်။ ကလေးတွေကျောင်းမှာ ဆော့ကစားတာရှိမယ်ဆိုတော့ သူတို့ကို ဆရာ၊ ဆရာမတွေက သတိထားထိန်းရမယ်။ နောက် တစ်ခုက ရေအခက်အခဲ၊ သုံးရေ၊ သောက်ရေအခက်အခဲကလည်း  အရင် မတ်လကျောင်းပိတ်ထားတော့ အခက်အခဲမရှိပေမယ့် မတ်လဖွင့်မယ်ဆို ဒီအခက်အခဲတွေကို ထည့်တွက်သင့်တယ်။ လေးတန်း၊ ရှစ်တန်းတွေ၊ ၁၀ တန်းတွေက ပုံမှန်မတ်လထဲ စစ်တတ်တော့ ကျောင်းဖွင့်နေရင် ဒါက ပြဿနာရှိတယ်}} ဟု ဦး အောင်ကျော်သူက ဆိုသည်။

ထို့အပြင် လက်ရှိသင်ရိုးအရ ဖေဖော်ဝါရီလကုန်တွင် ကျောင်းပိတ်ပါက သင်ကြားရေးအခက်အခဲ ထူးထူးခြားခြားမရှိ၍ စာသင် ချိန်ထပ်တိုးရန် မလိုအပ်ဟု ၎င်းက ဆိုသည်။

ပညာရေးဝန်ကြီးဌာနတွင် ပြုပြင်ပြောင်းလဲမှု အများစုကို အောက်ခြေ ဆရာ၊ ဆရာမ၊ ကျောင်းသားမိဘ ပြည်သူများကို ကြိုတင်အသိပေးမှုအားနည်းပြီး အထက်က ညွှန်ကြားမှုကိုသာ လိုက်နာရသည်က များနေ ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်အခြေခံပညာကဏ္ဍ အတွင်းရေးမှူးဦး အောင်ကျော်သူက မှတ်ချက်ပြုသည်။

နွေရာသီကျောင်းပိတ်ရက် ကို တစ်လလျှော့ချမည့်အစီအစဉ်သည်  မိဘ၊ ကျောင်းသား၊ ဆရာ အားလုံးနှင့် သက်ဆိုင်နေ၍ အားလုံးသဘောထားကို ရယူသင့် ကြောင်း၊ နိုင်ငံတကာတွင်လည်း ရာသီဥတုအပေါ် မူတည်ကာ ကျောင်းရက်ရှည်ပိတ်လေ့ရှိ၍ မြန်မာ့ရာသီဥတုနှင့် အဆင်ပြေ မည့် ကျောင်းပိတ်ရက်မျိုးကိုသတ် မှတ်သင့်သည်ဟု က အကြံပြု သည်။

ရာသီဥတုပိုမိုပူပြင်းလာချိန်တွင် နွေရာဦကျောင်းပိတ်ရက် ကာလလျှော့ချပါက ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများအပူဒဏ်ပိုခံရနိုင်၍ နွေရာသီကျောင်းပိတ်ရက်ကို  ယခင်အတိုင်းသုံးလသာ သတ်မှတ်သင့်ကြောင်း တာမွေမြို့နယ်မှ တတိယတန်းကျောင်းသားမိခင် ဒေါ်သိမ့်သိမ့်ဝင်းက မှတ်ချက်ပြု သည်။

1157  Views
Previous: (ဆောင်းပါး) သံလျင်ရောက် ခြေရာများ (သို့) ကညာ မာရီယား သခင်မ၏ ကျောင်းတော်ကို ရှာဖွေခြင်း
Next: Cardinal Charles Bo complains of ‘criminal silence’ of Myanmar’s religious leaders