မြန်မာအာဏာသိမ်း စစ်ကောင်စီက ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို တာဝန်မှ ထုတ်ပယ်
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို ယနေ့ (ဖေဖော်ဝါရီ ၂၇ ရက်) နံနက်ပိုင်းမှစတင်၍ နိုင်ငံဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများနှင့် စည်းမျဉ်း စည်းကမ်းများအရ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခဲ့ပြီဖြစ်ကြောင်း ယနေ့ည MRTV ၈ နာရီသတင်းတွင် ကြေညာသွားခဲ့သည်။
အဆိုပါ ကြေညာချက်အရ ဦးကျော်မိုးထွန်းသည် နိုင်ငံတော်မှ ပေးအပ်သည့် အမိန့်နှင့် ညွှန်ကြားချက်ကို လိုက်နာမှုမရှိဘဲ နိုင်ငံတော်အပေါ် သစ္စာဖောက်ဖျက်ခြင်း၊ နိုင်ငံတော်အစိုးရအား ကိုယ်စားပြုခြင်း မရှိသည့် တရားမဝင် အဖွဲ့အစည်းအား သစ္စာခံလျက် ကူညီကိုယ်စားပြုခြင်း၊ အမြဲတမ်းကိုယ်စားလှယ် မြန်မာသံအမတ်ကြီး၏ တာဝန်နှင့် လုပ်ပိုင်ခွင့်တို့ကို အလွဲသုံးစားပြုခြင်းတို့ကြောင့်ဟု ဖော်ပြထားသည်။
ယမန့်နေ့က ပြုလုပ်သည့် ကုလသမဂ္ဂ အထွေထွေညီလာခံ အလွတ်သဘော အစည်းအဝေးတွင် ဦးကျော်မိုးထွန်းသည် အာဏာသိမ်း စစ်ကောင်စီကို ကိုယ်စားမပြုဘဲ သမ္မတဦးဝင်းမြင့် အစိုးရနှင့် လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကိုယ်စားပြု ပြောကြားသွားခဲ့ပြီး စစ်တပ်အာဏာသိမ်းမှု ချက်ချင်းအဆုံးသတ်ရေး၊ မိမိတို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နှင့် တခြား ဖမ်းဆီးထိန်းသိမ်းခံထားရသူများအား ချက်ချင်း လွှတ်ပေးရေး အပါအဝင် မြန်မာနိုင်ငံသူ/သားများ၏ ဆန္ဒကို ရဲရဲဝံ့ဝံ့ တင်ပြခဲ့သဖြင့် ၎င်းအား မြန်မာအများစုက ထောက်ခံအားပေးခဲ့ကြသည်။
ဦးကျော်မိုးထွန်း၏ ကုလသမဂ္ဂ စင်မြင့်တွင် NLD အစိုးရနှင့် ဆန္ဒပြ ပြည်သူများဘက်မှ ရပ်တည် ပြောဆိုခဲ့သည်အတွက် အာဏာသိမ်း စစ်ကောင်စီအတွက်မူ နိုင်ငံတကာ မျက်နှာစာတွင် အထိနာခဲ့သည်ဟု သုံးသပ်ကြသည်။ By ဧရာဝတီ
770 Views