မြန်မာနိုင်ငံမှာ ပဋိပက္ခတွေအကြား ပြည်သူတွေ အသက်အိုးအိမ် ဆုံးရှုံးရတာနဲ့ပတ်သက်ပြီး ပုပ်ရဟန်းကြီး ဖရန်စစ်က မြန်မာနိုင်ငံမှာ လူ့ဂုဏ်သိက္ခာနဲ့ အသက်ရှင် ရပ်တည်ခွင့်ကို လေးစားဖို့ တနင်္ဂနွေနေ့ (၁၉ ဇွန်လ ၂၀၂၂ ခုနှစ်) နေ့ ဆုတောင်းပွဲမှာ တိုက်တွန်း ပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံက ဝမ်းနည်းစရာ သတင်းတွေကို သူ့အနေနဲ့ နောက်ထပ်ကြားရပြန်တယ်လို့ ပြောဆိုပါတယ်။ မြန်မာနိုင်ငံမှာ နေအိမ်တွေမီးရှို့ခံရပြီး၊ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် လူအများအပြားဟာ အိုးအိမ်စွန့်ခွါ ထွက်ပြေးကြရပြီး၊ သူတို့အတွက် အခြေခံလူသားချင်းစာနာမှု အထောက်အပံတွေလည်း မရှိဘူးဖြစ်နေတယ်လို့ ရေရှုခရစ်တော် လူဝင်စားခြင်းနေ့ ဆုတောင်းပွဲအပြီးမှာ ပုပ်ရဟန်းမင်းကြီးက စိန့်ပီတာရင်ပြင် ဝတ်ပြုဆုတောင်းသူတွေကို ပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံက ခရစ်ယာန်ဘုန်းတော်ကြီးတွေရဲ့တောင်းဆိုချက်တွေမှာ သူလည်းအတူ ပူးပေါင်းပါဝင်ကြောင်းနဲ့ မြန်မာပြည်သူတွေကိုနိုင်ငံတကာ အသိုင်းအဝိုင်းက မေ့လျော့မထားပါဘူးလို့လည်း ပုပ်ရဟန်းမင်းကြီးက ပြောဆိုပါတယ်။
လူ့ဂုဏ်သိက္ခာနဲ့ အသက်ရှင်ရပ်တည်ခွင့် ဆိုတာကို လေးစားကြဖို့ တိုက်တွန်းလိုက်ပြီး စာသင်ကျောင်းတွေ၊ ဆေးရုံ ဆေးခန်းတွေနဲ့ ဘာသာရေး အဆောက်အဦးတွေကိုလည်း လေးစားကြဖို့ ၊ မတိုက်ခိုက်ကြဖို့ကိုလည်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က တိုက်တွန်းပြောကြားလိုက်ပါတယ်။
St. Peter ရင်ပြင်က ဆုတောင်းပွဲကို တက်ရောက်လာကြာတဲ့ အီတလီနိုင်ငံမှာရှိတဲ့ မြန်မာအသိုင်းအဝိုင်းအတွက် ပုပ်ရဟန်းမင်းကြီးက အထူးတလည် ကောင်းချီးပေးခဲ့ပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာကက်သလစ်ဓမ္မညီလာခံအတွက် စာတမ်းပြုစုရေးအဖွဲ့ အွန်လိုင်းအစည်းအဝေးကို မေလ ၂၆ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ် အချိန်တွင် စတင်ကျင်းပခဲ့ကြသည်။
အစည်းအဝေးအတွင် မြန်မာနိင်ငံလုံးဆိုင်ရာကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ်၏အထွေထွေအတွင်း ရေးမှူးလည်းဖြစ်၊ ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာ၏ လက်ထောက်ဆရာတော်လည်းဖြစ်သူ ဂျွန်စောယောဟန်မှ အစည်းအဝေးကို ဦးဆောင်ကျင်ပခဲ့သည်။
အဖဆရာတော်ကြီးစောယောဟန်မှ ပြင်ဆင်ထားသောအဖွင့်ဆုတောင်းမေတ္တာကို ကွန်ပျူတာမျက်နှာပြင်တွင် ဖွင့်ထားပြီး အစည်းအဝေးတွင်ပါဝင်တက်ရောက်လာသော ဂိုဏ်းအုပ် ဂိုဏ်းချုပ်သာသနာအသီးသီးမှတာဝန်ခံ ဘုန်းတော်ကြီးများနှင့် အတူတကွ ရွက်ဆိုဆုတောင်းဖြင့် အစည်းအဝေးကိုဖွင့်လစ်ခဲ့ကြသည်။
အဖွင့်မေတ္တာရွက်ဆိုဆုတောင်းပြီးနောက် ဦးဆောင်သူအဖဆရာတော်ကြီးမှ အဖွင့်အမှာစကားမြွက်ကြားရာတွင် အွန်လိုင်းအစည်းအဝေးသို့တက်ရောက်လာသူ ဘုန်းတော်ကြီးများ အားလုံးကိုအထူးကျေးဇူးတင်ကြောင်း၊ ဂိုဏ်းအုပ်ဂိုဏ်းချုပ်သာသနာအသီးသီးမှ ဓမ္မညီလာခံအတွက် ပြုလုပ်ထာသော စာတမ်းများကို ရန်ကုန် စမ်းချောင်းမြို့နယ်ရှိ ဆရာတော်ကြီးများရုံချုပ်၏အလုပ်မှုဆောင်အတွင်းရေးမှူး ဖာသာရ် ပီတယ်စိန်လှိုင်ဦးထံ သို့ပေးပို့လာကြသူများကိုကျေးဇူးတင်ကြောင်း၊ မပို့ရသေးသောသူများလည်း ပို့ပေးကြဖို့လိုကြောင်း၊ ဖြစ်နိုင်ပါက မြန်မာဘာသာအင်္ဂလိပ်ဘာသာနှစ်ဘာသာဖြင့် ပို့ပေးနိုင်ပါက ပေးပို့ကြရမည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးအဆင့်နောက်ဆုံးအပြီးသတ် စာတမ်းပြုစုခြင်းကို လာမည့် ဇွန်လ ၁၄၊ ၁၅ ရက်တွင်ပြုလုပ် မည်ဖြစ်ကြောင်း၊တက်ရောက် လာမည့် သာသနာအသီးသီးမှ ကိုယ်စားလှယ်ဘုန်းတာ်ကြီးများကို နေရာထိုင်ခင်း၊ အစားအစာနှင့် ခရီးစရိတ်များစဉ်ထားပေးမည်ဖြစ်ကြောင်း၊ ဇွန်လတွင်ပြုလုပ်မည့်အစည်းအဝေးအတွင်း တက်ရောက်လာမည့် ကိုယ်စားလှယ်များမှ မိမိတို့သာသနာတွင်ပြုလုပ်ခဲ့သော ဓမ္မညီလာခံအတွေ့အကြုံများကို ၅ မိနစ်စာပြင်ဆင်လာပြီးပြန်လည်ဝေမျှပေးရမည်ဖြစ်ကြောင်းနှင့် လက်ရှိပြုလုပ်ကျင်းပမဲ့ အစည်းအဝေး အစီအစဉ် (Agenda) များကို Powerpoint ဖြင့်ဖွင့်ပြကာ နှိုးဆော်အသိပေးခဲ့ပါသည်။
Powerpoint ဖြင့်ပြင်ဆင်ထားသောအစည်းအဝေးအစီအစဉ်များကို ဆရာတော်၏အတွင်းရေမှုးဖြစ်သော ဖာသာရ် ဟေလာရီမှ ကွန်ပျူတာမျက်နှာပြင်ပေါ်မှ ပြသပေခဲ့သည်။
၎င်းနောက် ရန်ကုန်သာသနာမှ ဘုန်းတော်ကြီး ဖာသာရ်ဟိုင်ဂျီနူးမြင့်စိုးမှ ၅ မိနစ်စာဝေမျှခြင်းအစီအစဉ်အတွင်း ဝေမျှပေးရမည်းနည်းလမ်းများကို ပြောပြဝေမျှပေးခဲ့သည်။
ရန်ကုန်သာသနာမှ ဘုန်းတော်ကြီး ဂျွန်ပေါလ်ဇော်မင်းအေးမှလည်း စိတ်ဝင်းစားဖွယ်ရာ မိမိရဲ့အတွေ့ အကြုံများထဲမှ အနည်းငယ်ကို အစည်းအဝေးတွင်ပါဝင်သူများအား ဝေမျှပေးခဲ့သည်။
ထို့နောက် ပါဝင်တက်ရောက်လာသူများထဲမှအချို့ကလည်း မိမိတို့ပြုလုပ်ခဲ့သော ဓမ္မညီလာခံအတွက် စားတမ်းအားနည်းချက်အားသာချက်နှင့် စစ်တမ်းကောက်ခံခဲ့ရတွင်တွေ့ကြုံခဲ့ရသော အတွေ့အကြုံ အနည်းငယ်ကို တင်ပြဆွေးနွေးခဲ့ကြသည်။
ဆရာတော်ကြီးများအဖွဲ့ချုပ်ရုံးအလုပ်အမှုဆောင်အတွင်းရေးမှူးဖာသာရ်ပီတယ်စိန်လှိုင်ဦးမှလည်း လာမည့်ဇွန်လတွင်ကျင်းပမည့်အစည်းအဝေးကို လူဦးရေအဘယ်မျှတက်မည်ကို ကြိုတင်စာရင်းတင် သွင်းပေးဖို့ အသိပေးမှာကြားခဲ့သည်။
မငြိမ်းချမ်းသည့်ဒေသတွင်ရှိနေကြသောကိုယ်စားလှယ်များက လာမည့်ဇွန်လတွင်ကျင်းပမည့် အစဉ်းအဝေးကို ခရီးလမ်းအခက်အခဲကြောင့် တက်ရောက်နိုင်ခြင်းရှိမရှိ ကြိုတင်အသိပေးသွားမည်ဖြစ်ကြောင်း ပြန်လည် ဆွေးနွေးတင်ပြအသိပေးခဲ့သည်။
ယင်းကိစ္စနဲ့ပတ်သက်ပြီး ဦးဆောင်သူ အဖဆရာတော်စောယောဟန်မှ ဇွန်လအစည်းအဝေးကို အခက်အခဲ ကြောင့်တက်ရောက်နိုင်ခြင်းမရှိပါက မိမိတို့ဝေမျှမည့်အတွေ့အကြုံများကို ရုပ်သံဗီဒီယိုဖိုင်ဖြင့်ပေးပို့နိုင်ပါက ပေးပို့စေလို့ကြောင်း အကြံပြုဆွေးနွေးခဲ့သည်။
အွန်လိုင်းအစည်းဝေးသို့ တက်ရောက်သူဦးရေ ၂၁ ဦး ပါဝင်တက်ရောက်ခဲ့ကြသည်။
မြန်မာတစ်နိုင်ငံလုံးဆိုင်ရာကက်သလစ်ဓမ္မညီလာခံအတွက်စာတမ်းပြုစုရေးအဖွဲ့၏အွန်လိုင်းအစည်းအဝေးကို ည ၈ နာရီခွဲဝန်းကျင်တွင် အပိတ်ဆု တောင်းမေတ္တာအတူတကွ ရွက်ဆိုဆုတောင်းခြင်းဖြင့် အဆုံးသတ်ခဲ့ကြသည်။
သတင်း-ရေမွန်မန်းကျော်
Credit to: Pathein Catholic Diocese website
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နေ့စဉ်နဲ့အမျှ ဖြစ်ပွားလာနေတဲ့ အကြမ်းဖက် မှုတွေ၊ တိုက်ခိုက်သတ်ဖြတ်မှုတွေကို ရပ်တန့်ရေး စစ်ကောင်စီကို နိုင်ငံတကာက တိုက် တွန်း ပြောဆိုနေပေမယ့် လက်တွေ့မှာ သတ်ဖြတ်မှုတွေက နိုင်ငံတစ်ဝန်းမှာ နေ့စဉ်နဲ့အမျှ တွေ့မြင်နေရဆဲဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းတွေမှာ ပြီးခဲ့တဲ့ ဧပြီလ နောက်ဆုံးပတ်ကစပြီး အပြန်အလှန်သတ်ဖြတ်မှုတွေ ပိုများလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနကကတော့ ပြီးခဲ့တဲ့ ဧပြီလနောက်ဆုံး ပတ်အတွင်း နိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီကြောင့် သေဆုံးရသူ ၂၄ ဦး ရှိခဲ့တယ်လို့ မေလ ၁ ရက်နေ့က ကြေညာချက်ထုတ်ပါတယ်။
ဒီဖြစ်ရပ်တွေဟာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းနဲ့ တနင်္သာရီတိုင်းတွေမှာ ဧပြီလ ၂၄ ရက်နေ့ကနေ ၃၀ ရက်နေ့ထိ တစ်ပတ်အတွင်း ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ စစ်ကောင်စီဘက်ကလည်း စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်နဲ့ မြင်းမူမြို့နယ်က ရွာနှစ် ရွာမှာ လူ ၂၃ ယောက်ကို PDF အဖွဲ့တွေက သတ်ဖြတ်ခဲ့တယ်လို့ ဒီနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။ ချောင်းဦးမြို့နယ်၊ ကင်မွန်းတော်ရွာက အပြစ်မဲ့ ပြည်သူ ၁၃ ယောက်ကို မေလ ၁ ရက်နေ့မှာ PDF အဖွဲ့က သတ်ဖြတ်သွားတာလို့ ဆိုပါတယ်။
တွေ့ရာသင်္ချိုင်း ဓားမဆိုင်းဆိုတဲ့အဖွဲ့ကတော့ ဒီသတ်ဖြတ်မှုကို သူတို့လုပ်ဆောင်ခဲ့တာလို့ ပြောပါတယ်။ ဒါပေမဲ့ သေဆုံးသူတွေဟာ စစ်သင်တန်းတက်ထားတဲ့ ပျူစောထီးတွေပဲဖြစ် တယ်လို့ အဲဒီအဖွဲ့ရဲ့ ဗိုလ်စွမ်းက တုံ့ပြန်ပါတယ်။
“ကျုပ်တို့တွေ ရှင်းခဲ့တာက ၁၂ ယောက်ရှင်းခဲ့တာ။ လက်နက်ကိုင်ကလွဲရင် ဝန်ထမ်း တွေ တချို့အလုပ်လုပ် နေတာတောင် နားလည်ပေးတယ်။ မိသားစုအခက်အခဲရှိတယ် လေဗျာ။ ဝန်ထမ်းဖြစ်ပေမယ့် CDM မလုပ်ချင်နေ မယုတ်မာနဲ့။ ကြိုက်သလောက် စိမ်းလို့ရတယ်။ နီနီ၊ စိမ်းစိမ်း စိတ်မဝင်စားဘူး။ ပြည်သူ့ရဲ့ အခွင့်အာဏာပြန်ရဖို့ တစ်ထောင့်တစ်နေရာက လုပ်နေတာ။ အဲဒီမှာ နီနီ၊ စိမ်းစိမ်း၊ ဝါဝါ ကျက်ကျက် ယုတ်မာတဲ့ကောင်ကတော့ ရှင်းလင်းရမှာပဲ”
စစ်ကောင်စီရဲ့ ဖော်ပြချက်ထဲမှာ သတ်ဖြတ်ခံရသူ ၁၃ ယောက်လို့ပါရှိပေမယ့် လုပ်ဆောင် ခဲ့တဲ့ အဖွဲ့ကတော့ အမျိုးသား ခုနစ်ယောက်၊ အမျိုးသမီး ငါးယောက် စုစုပေါင်း ၁၂ ယောက် ဖြစ်တယ်လို့ ပြောပါတယ်။
ဒီရွာက စစ်တပ် ထောက်ခံသူတွေဟာ တခြားရွာတွေကို စစ်ကောင်စီတပ်က ဝင်ရောက် မီးရှို့ရာမှာ ပါဝင်ခဲ့ဖူးသူတွေ ဖြစ်သလို လက်နက်ကိုင်ဆောင်ထားသူတွေ ဖြစ်တယ်လို့ ကင်မွန်းတော်ရွာက ထွက်ပြေးတိမ်းရှောင်နေတဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွာခံအမျိုးသားတစ်ဦးက ပြောပါတယ်။
“အင်းမရွာကိုလည်း သူတို့သွားအနိုင်ကျင့်တယ်။ ဒီပဲယင်းကိုလည်း မွှေတယ်ဗျ။ အင်းမရွာဆို အခု တစ်ရွာလုံး ကုန်ပြီဗျ။ ဟိုတစ်ခါလောင်တဲ့ကိစ္စပြီးနောက် လွန်ခဲ့တဲ့ နှစ်ရက်လောက်က တစ်ခါထပ်ရှို့တယ်။ ကျန်တာကို တစ်ခါ ထပ်ရှို့တာဗျ။ (ကင်မွန်း တော်ရွာ) အိမ်ခြေက ငါးရာကျော်ရှိမယ်။ သူတို့အင်အားက လက်နက်ကိုင် ၁၀၀ လောက်ရှိတယ်”
ဒီကင်မွန်းတော်ရွာမှာ စစ်ကောင်စီတပ်က စစ်သင်တန်းလာပေးခဲ့ဖူးသလို စစ်သား ငါးယောက်ဟာလည်း ရွာထဲမှာ ရှိနေဆဲပဲလို့ သူက ပြောပါတယ်။
အလားတူပဲ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် ပဒတ္ထိုင်းရွာက အမျိုးသား ရှစ်ယောက်နဲ့ အမျိုးသမီး နှစ်ယောက်ကို ဧပြီလ ၃၀ ရက်နေ့က PDF တွေက သတ်ဖြတ်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ သတင်းစာမှာ ဖော်ပြထားပါတယ်။
ဒါပေမဲ့ ဒီသတ်ဖြတ်မှုကိုတော့ အတည်ပြုလို့ မရနိုင်သေးဘူးလို့ လုံခြုံရေးအရ အမည် မဖော်လိုတဲ့ မြင်းမူဒေသခံတစ်ဦးက ပြောပါတယ်။
“အဲဒီအကြောင်းကို စုံစမ်းကြည့်တော့ ပျူစောထီး၊ ဒလန်လို့လည်း ပြောကြတယ်ဗျ။ အတည်ပြုလို့တော့ မရသေးဘူးဗျ။ PDF တော်တော်များများကလည်း သတင်းအခိုင် အလုံရှိမှသာ လုပ်ဆောင်ကြတာ။ NUG အစိုးရကလည်း တရားဝင် စည်းမျဉ်းစည်းကမ်း နဲ့ ချထားတော့ ဘောင်ကျော်လုပ်လို့ မရဘူးဗျ”
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်က PDF တွေအနေနဲ့ လက်လွတ်စပယ် သတ်ဖြတ်မှုမျိုး မရှိဘူးလို့ ပြောပါတယ်။
“စစ်ရေးဆိုင်ရာ ပစ်မှတ်အဖြစ် သတ်မှတ်ဖို့ သင့်ခြင်း၊ မသင့်ခြင်း ဆုံးဖြတ်တဲ့အခါမှာ တစ်ဦး တစ်ယောက်ထဲက ဆုံးဖြတ်တာထက် အစုအဖွဲ့နဲ့ ဆုံးဖြတ်ဖို့ ခိုင်လုံတဲ့ အထောက်အထားရှိမှသာ ဆုံးဖြတ်ဖို့ကို ကျနော်တို့အနေနဲ့ လမ်းညွှန်ထားပြီး ဖြစ် ပါတယ်။ အပြစ်မဲ့တဲ့ ပြည်သူတွေပေါ်မှာ စွပ်စွဲသတ်ဖြတ်မှုတွေ ရှိခဲ့တဲ့အခါမှာ စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်သွားမှာဖြစ်ပြီးတော့ အပြစ်ရှိတယ်ဆိုရင် ဥပဒေများနဲ့အညီ အရေးယူသွားမှာ ဖြစ်ပါတယ်”
“ PDF တွေက အာဏာရှင်ကို တော်လှန်တယ်။ တပ်မတော် ထောက်ခံတဲ့အုပ်စုက ပြည်သူပြည်သူချင်း တိုက်တယ်ပေါ့ဗျာ”
တစ်ဖက်မှာလည်း စစ်ကောင်စီကို ထောက်ခံတဲ့ သွေးသောက်ဆိုတဲ့ အဖွဲ့ဟာ ဧပြီလ နောက်ဆုံးပတ်ကစလို့ မန္တလေးမြို့က လူ ကိုးယောက်၊ ရန်ကုန်မြို့က လူ တစ်ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါဟာ တော်လှန်ရေးအင်အားစုတွေကို တန်ပြန်လုပ်ဆောင်လာတာဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မန္တလေးမြို့ခံ တစ်ဦးက ပြောပါတယ်။
“PDF တွေက အာဏာရှင်ကို တော်လှန်တယ်။ တပ်မတော်ထောက်ခံတဲ့အုပ်စုက ပြည်သူ ပြည်သူချင်း တိုက်တယ်ပေါ့ဗျာ။ အဲဒီလုပ်ကွက်မျိုး ဖန်တီးတာပေါ့နော်။ မန္တလေးမှာကတော့ NLD နဲ့ ပတ်သက်ခဲ့တဲ့သူတွေက အခုလတ်တလောမှာ ကျီးလန့်စာစား ဖြစ်နေကြရတယ်ပေါ့ဗျာ”
သွေးသောက်ဆိုတဲ့ အဖွဲ့က တော်လှန်ရေးကို ထောက်ခံအားပေးသူ၊ NLD ပါတီဝင်၊ သတင်းမီဒီယာနဲ့ မိသားစုဝင် တွေကို ပစ်မှတ်ထား တိုက်ခိုက်မယ်လို့ ဆိုထားပါတယ်။
အခုလို အပြန်အလှန်သတ်ဖြတ်မှုတွေ ပိုများလာတာနဲ့ ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် အကြောင်း မပြန်ပါဘူး။
အခုလို စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေကြား အပြန်အလှန်သတ်ဖြတ်မှုတွေ ရှိနေတာဟာ အာဏာသိမ်းမှုရဲ့ အကျိုးဆက်တွေပဲလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။
“အပြန်အလှန်ဖြစ်လာတဲ့ကိစ္စက မကောင်းဘူးပေါ့ဗျာ။ သို့သော်လည်း ဒီကိစ္စက စစ်တပ် က စခဲ့တဲ့ကိစ္စဆိုတော့ စစ်တပ်နဲ့ ပတ်သက်တဲ့ အုပ်စိုးမှုကို ဖြိုချမှပဲ ဒီပြဿနာ တွေက ပြေလည်မှာပေါ့။ ဒီမတိုင်ခင်မှာတော့ ဒီလိုအဖြစ်မျိုးထဲမပါအောင်လို့ ကိုယ့်လုံ ခြုံရေးကိုယ် ဂရုစိုက်ရမှာပါပဲ။ ဒါပေမဲ့ သူတို့ကိုယ်တိုင်လည်း မတရားမှုတွေကို ဆက် လက်ပြီးတော့ လုပ်နေတုန်းပါပဲ။ သွေးသောက်ဆိုတဲ့ နာမည်နဲ့ တန်ပြန်သတ်ဖြတ်မှု တွေကို လုပ်နေတာပါပဲ”
လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေမတည်မငြိမ်ဖြစ်နေဟာ ကျရှုံးနိုင်ငံအဖြစ်ကို ရောက်ရှိ နေတာဖြစ်ပြီး ဒီထက်ပိုဆိုးသွားမယ့် အလားအလာ ရှိနေတယ်လို့ ဦးသန်းစိုးနိုင်က သုံးသပ် ပါတယ်။
လက်ရှိမှာတော့ အာဏာသိမ်းပြီးနောက် သေဆုံးခဲ့ရသူ ၁၈၀၀ ကျော်ရှိနေပြီး နိုင်ငံတစ်ဝန်း က လူတစ်သောင်းသုံးထောင်ကျော် ဖမ်းဆီးခံခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မေလ ၂ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ငြိမ်ချမ်းစွာဆန္ဒပြသူတွေကို စစ်ကောင်စီတပ်က အကြမ်းဖက် ဖြိုခွင်းရာကနေ နိုင်ငံတစ်ဝန်း လက်နက်ကိုင်တော်လှန်ရေး ပေါ်ပေါက်လာ ခဲ့ပြီး မြို့ပြတွေပေါ်မှာပါ ပြောက်ကျားတိုက်ခိုက်မှုတွေ ရှိလာနေတာပါ။
မန္တလေး၊ အောင်မြေသာဇံမြို့နယ် ၂၅ လမ်းနဲ့ ၂၆ လမ်းကြား ၈၁ လမ်းမှာရှိတဲ့ ရွှေနှလုံးတော် ကက်သလစ် ဘုရားရှိခိုးကျောင်း Sacred Heart ကာသီဒြယ် ဘုရားကျောင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ လောက် ဒီလ ၈ရက်နေ့က ဝင်ရောက် စီးနင်းရှာဖွေပါတယ်။
ဒီလ ၁၇ ရက်မှာ အီစတာပွဲတော်ကျရောက်မှာ ဖြစ်ပြီး ကက်သလစ်ဘာသာဝင်တွေရဲ့ ဝါတွင်း ဥပုသ်ကာလအတွင်း ဝတ်ပြုနေချိန်မှာ စီးနင်းတာလို့ ဘုရားကျောင်းနဲ့ နီးစပ်သူတစ်ယောက်က RFA ကိုပြောပါတယ်။
စစ်သားတွေက ဘုရားကျောင်းကို ဝင်ရောက် စီးနင်းတဲ့ သောကြာနေ့မှာ Way of the Cross လက်ဝါးကပ်တိုင် လှည့်လည်ပွဲရှိတယ်လို့လည်း ပြောပါတယ်။
လူ ၂၀ လောက် ဝတ်ပြုနေတဲ့အချိန်မှာ ဝင်ရောက်စီးနင်းတာဖြစ်ပြီး ၂နာရီလောက် ပိတ်မိပြီးမှ ပြန်လွှတ်ပေးတယ်လို့ ဆိုပါတယ်။
စစ်သားတွေက လက်နက်တွေနဲ့ ရွှေငွေတွေ ဝှက်ထားတဲ့နေရာ ပြောခိုင်းချိန်မှာ လက်ထောက် ဆရာတော် Dominic Jyo Du က ဆင်းရဲသားတွေကိုပေးမယ့် အလှူငွေတွေပဲ ရှိပါတယ်လို့ ရှင်းပြဖို့ကြိုးစားတဲ့အခါ ဘုရားကျောင်းထဲ ဆွဲသွင်း လိုက်တယ်လို့ ပြောပါတယ်။
မန္တလေးဂိုဏ်းချုပ်ဆရာတော် Marco Tin Win လည်း အဲဒီအချိန်မှာ တခြား အဆောက်အအုံထဲ ရှိနေပေမယ့် ဘုရားကျောင်းထဲ ခေါ်သွားတယ်လို့ ပြောပါတယ်။ မနေ့က မနက်ထိတချို့ စစ်သားတွေ ဘုရားကျောင်းမှာ ကျန်နေခဲ့ပါတယ်။