COVID-19 ကာကွယ်ဆေး AstraZeneca ကို သွေးခဲမှုနဲ့ ဆက်နွယ်နေပေမယ့် အကြောင်းရင်းမှန် အတည်မပြုနိုင်သေ

ရှားပါးသွေးခဲမှု ဖြစ်စဉ်တွေကြောင့် AstraZeneca COVID-19 ကာကွယ်ဆေးအပေါ် ဖိအားတွေ ပိုများလာပါတယ်။ ဥရောပသမဂ္ဂ ဆေးဝါးအဖွဲ့အစည်းက ကာကွယ်ဆေးနဲ့ သွေးခဲမှု ဖြစ်စဉ်ကြား ဆက်စပ်မှုတချို့ကို ရှာဖွေ တွေ့ရှိထားတယ်လို့ ဆိုစဉ်မှာပဲ ယူကေမှာလည်း အသက် ၃၀ အောက် လူငယ်တွေကို ဘေးထွက်ဆိုးကျိုး ဖြစ်စဉ်တွေကြောင့် တခြားကာကွယ်ဆေး ရွေးချယ်ခွင့်ပေးမယ်လို့ ကြေညာထားပါတယ်။

ဥရောပ ဆေးဝါးအေဂျင်စီ (EMA) ဘက်က ကာကွယ်ဆေးထိုးခဲ့သူတွေထဲက ရှားပါး ဦးနှောက်သွေးခဲဖြစ်စဉ်ပေါင်း ဒါဇင်နဲ့ချီ လေ့လာ သုံးသပ်ခဲ့တာပါ။ ဥရောပ စီးပွားရေးဇုံ ဧရိယာအတွင်းက ကာကွယ်ဆေး ထိုးထားသူဦး ရေ ၃၄ သန်းထဲက သွေးခဲမှုဖြစ်စဉ် ၁၆၉ ခုကို ပေးပို့လာခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ သွေးခဲမှုဖြစ်စဉ်တွေဟာ AstraZeneca ကာကွယ်ဆေးရဲ့ ရှားပါး ဘေးထွက်ဆိုးကျိုးသာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် အသက် ၁၈ နှစ်အထက် အရွယ်ရောက်ပြီးသူတွေမှာ ကာကွယ်ဆေးကို ဆက်လက် ထိုးနှံသွားနိုင်တယ်လို့ မှတ်ချက်ပြုထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ရိုက်ခတ်ခံနေရတဲ့ ဥရောပတိုက်မှာ နိုင်ငံအတော်များများဟာ ဆိုးဝါးလွန်းတဲ့ ကိုဗစ် တတိယလှိုင်းဒဏ်ကို ရင်ဆိုင်နေရဆဲပါ။ ဒါကြောင့် ဥရောပသမဂ္ဂဘက်က ထိရောက်မှုရှိတဲ့ ကာကွယ်ဆေးရရှိ ဖို့ ကြိုးပမ်းနေပါတယ်။

“EMA ကနေ ကာကွယ်ဆေးထိုးပြီး ၂ ပတ်အတွင်း ဖြစ်လာနိုင်တဲ့ ရှားပါးသွေးခဲဖြစ်စဉ်ကို ဂရုစိုက်ကြဖို့ ကျန်းမာရေးပညာရှင်တွေနဲ့ ကာကွယ်ဆေးထိုးမယ့် ပြည်သူတွေကို သတိပေး ပြောဆိုထားပါတယ်။ သွေးခဲဖြစ်စဉ်တွေထဲက အများစုက အသက် ၆၀ နှစ်အောက် အမျိုးသမီးတွေဖြစ်ပြီး၊ ဆေးထိုးပြီး ၂ ပတ်အတွင်း ဖြစ်ပွားခဲ့ကြတာပါ။

လက်ရှိ ရရှိထားတဲ့ အချက်အလက်တွေအရ တိကျသေချာတဲ့ အကြောင်းရင်းကို မပြောနိုင်သေးပါဘူး” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ယူကေအစိုးရ ကာကွယ်ဆေး အကြံပေး အဖွဲ့ကြီးက အသက် ၁၈ နှစ်ကနေ ၂၉ နှစ်ကြား လူငယ်တွေကို တခြား ကာကွယ်ဆေး ရနိုင်တဲ့ နေရာမျိုးမှာ ရွေးချယ်ခွင့်ပေးသင့်တယ်လို့ အကြံပြု ပြောဆိုလိုက်ပါတယ်။

အဆိုပါ လှုပ်ရှားမှုဟာ ယူကေ ဆေးဝါးနဲ့ ကျန်းမာရေး စောင့်ရှောက်မှု အေဂျင်စီရဲ့ ကိုယ်ပိုင်လေ့လာချက်အရ ကာကွယ်ဆေးနဲ့ သွေးခဲမှုဟာ ဆက်စပ်နေတယ်လို့ ကောက်ချက်ချခဲ့အပြီးမှာ စတင်ခဲ့တာပါ။

အေဂျင်စီရဲ့ အကြီးကဲဖြစ်သူ June Raine က မတ်လကုန်ထိ ယူကေမှာ သွေးခဲမှုဖြစ်စဉ် ၇၉ ခု ရှိခဲ့ပြီး ၁၉ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ယူကေမှာ များများမြန်မြန် ကာကွယ်ဆေး ထိုးနှံပေးရေး ကမ်ပိန်းအရ လက်ရှိအချိန်ထိ လူဦးရေ သန်း ၂၀ ကျော်ကို AstraZeneca ကာကွယ်ဆေး ထိုးပေးခဲ့ပြီးဖြစ်ပါတယ်။

“အချက်အလက်တွေကို လေ့လာရသလောက် ကျိုးကြောင်း ဆီလျော်မှု ရှိပါတယ်။ ပိုတိကျတဲ့ အဖြေပေးနိုင်ဖို့ နောက်ထပ် သိပ္ပံဆိုင်ရာလေ့လာမှုတွေ ထပ်လုပ်ဖို့ လိုသေးတယ်” လို့ Raine က ဆိုပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO ကတော့ AstraZeneca ဟာ တခြားကာကွယ်ဆေးတွေထက် ဈေးသက်သာပြီး သုံးစွဲရ လွယ်ကူတာကြောင့် ဆင်းရဲတဲ့နိုင်ငံတွေထိ ကာကွယ်ဆေး ရရှိရေး COVAX အတွက် ကျောထောက်နောက်ခံ ပေးထားပါတယ်။

 

COVID-19 ဆပ်ကော်မတီတခု ဖြစ်တဲ့ WHO Global Advisory Committee on Vaccine Safety (GACVS) က မတ်လ ၇ ရက်မှာ EMA၊ ဗြိတိန်နဲ့ တခြားနိုင်ငံတွေဆီက နောက်ဆုံးရ အချက်အလက်တွေကို လေ့လာခဲ့ကြပါတယ်။

“လက်ရှိ ထုတ်ပြန်ထားတဲ့ အချက်အလက်တွေပေါ် မူတည်ပြီး ကာကွယ်ဆေးနဲ့ သွေးခဲမှုဖြစ်စဉ်ကြား ဆက်နွယ်မှုက ကျိုးကြောင်း ဆီလျော်တယ်ဆိုပေမယ့် အတည်မပြုနိုင်သေးပါဘူး” လို့ GACVS က ဆိုပါတယ်။

“ကမ္ဘာတဝန်း AstraZeneca ကာကွယ်ဆေးထိုးထားပြီးသူ သန်း ၂၀၀ နီးပါးနဲ့ နှိုင်းစာရင် သွေးခဲဖြစ်စဉ် အရေ အတွက်က အရမ်းနည်းလွန်းနေသေးတယ်” လို့ ဆိုပါတယ်။

526  Views
Previous: In Myanmar, Easter eggs become symbol of defiance for anti-coup protesters
Next: Cardinal Bo’s message of peace for Myanmar on Divine Mercy Sunday