Hakha – CDF မှဖမ်းဆီးထားတဲ့ကက်သလစ်ဘုန်းတော်ကြီးနှင့်ဓမ္မဆရာတို့ကို Hakha – CDF က ပြန်လွှတ်ပေးပြီ

စစ်ကောင်စီနှင့်အဆက်အသွယ်ရှိလို့ဟုဆိုကာ ဟားခါး – CDF (Hakha – Chinland Defense Forces) အဖွဲကဖမ်းဆီးထားတဲ့ ဆူရ်ခွာမြို့ကက်သလစ်ဘုန်းတော်ကြီး နိုအဲလ် ဟရန်တင်းထန်းနှင့် ဓမ္မဆရာကလဲမင်းကျူံးနှင်းတို့ကို ဟားခါး – CDF က သြဂုတ်လ (၄) ရက်နေ့က ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ဘုန်းတော်ကြီး ပေါလ်ထလာကီယိုက သြဂုတ်လ (၅) ရက်နေ့က ဂလိုရီယာသတင်းဂျာနယ်သို့ အတည်ပြုဖြေကြားပေးတော်မူသည်။

ဟားခါး – CDF အဖွဲ့က ဆူရ်ခွာကက်သလစ်ဘုန်းတော်ကြီး နိုအဲလ် ဟရန်တင်းထန်နှင့်ဓမ္မဆရာကလဲမင်းတို့အား ဇူလိုင်လ (၂၆) ရက်တွင် ဖမ်းဆီးခံရခြင်း ဖြစ်သည်။ ထုတ်ပြန်စာတွင် ကက်သလစ်ဘုန်းတော်ကြီးနှင့် ဓမ္မဆရာတိူ့ကို Hakha – CDF မှ ဖမ်းဆီးထားခြင်း တပတ်ရှိပြီဖြစ်ပြီး ၄င်းတို့အတွက် စိုးရိမ်မှုများရှိနေကြောင်းနှင့် ဝမ်းနည်းမိကြောင်း၊ Hakha -CDF တာဝန်ရှိသူများမှ ဖမ်းဆီးခံထားရတဲ့ Rev. Fr. Noel Hrang Tin Thang နဲ့ ဓမ္မဆရာ ကလဲမင်းကျူံးနှင်း တို့ကို အမြန်ဆုံးပြန်လွှတ်ပေးရန်တို့ ပါရှိသည်။

ယခုအခါ ဘုန်းတော်ကြီးနှင့်ဓမ္မဆရာတို့သည် ဆူရ်ခွာမြို့သို့ ကောင်းမွန်စွာ ပြန်လည်ရောက်ရှိကြပြီ ဖြစ်ကြောင်းလည်း ဘုန်းတော်ကြီး ပေါလ်ထလာကီယိုက အသိပေးပါသည်။

ဟားခါးကက်သလစ်ဂိုဏ်းအုပ်သာသနာမှ ဆရာတော်ကိုယ်စားလှယ်အဖြစ် သာမန်ဘာသာဝင်နှစ်ဦးနှင့် ဆူရ်ခွာမြို့မှ ကိုယ်စားလှယ်များ ပါဝင်သောအဖွဲ့သည် ၎င်းတို့နှစ်ဦး ပြန်လည်လွတ်မြောက်ရန်အတွက် ဟားခါး – CDF က ချိန်းဆိုထားသော နေရာတွင် တွေ့ဆုံကြပြီးနောက် ဟားခါး – CDF ကတောင်းဆိုထားသော အချက် (၄) ချက်ကို သဘောတူလက်မှတ်ထိုးပေးလိုက်ကြသည်ဟု သတင်းရရှိပါသည်။

၎င်းအချက် (၄) ချက်မှာ
(၁) ဘုန်းတော်ကြီးဖက်မှ စစ်တပ်နှင့်အဆက်အသွယ်မလုပ်ရန်
(၂) မကောင်းကြောင်းကို သတင်းမပို့ရန်
(၃) ဟားခါးမြို့သို့ အမြန်ပြောင်းရွှေ့ပေးရန်
(၄) အစိုးရတင်ဒါကို အကောင်အထည်မဖော်ရန်တို့ ဖြစ်သည်။

 

သို့သော် ဟားခါး – CDF (Chinland Defense Forces) အဖွဲ့၏ စွပ်ချက်နှင့်ပတ်သက်ပြီး ဆုရ်ခွာမြို့၏ကက်သလစ်ဘုန်းတော်ကြီး နိုအဲလ် ဟရန်တင်းထန်နှင့် ဓမ္မဆရာကလဲမင်းတိုအပေါ် ဆူရ်ခွာမြို့၏ သာရေးနာရေးကော်မတီ (နိုင်ငံတကာဆူရ်ခွာ) ၏ထုတ်ပြန်စာတစ်စောင်လည်း ထွက်လာသည်။

ဆုရ်ခွာမြို့၏ကက်သလစ်ဘုန်းတော်ကြီး နိုဘဲလ် ဟရန်တင်းထန်နှင့်ဓမ္မဆရာကလဲမင်းတို့အား ဖမ်းဆီးခံရခြင်း အပေါ် လူမှုကွန်ယက် (ဖေ့ဘုတ်) တွင် ရေးသားထားသော (အချက်သုံးချက်) များမှာ (က) ဘုန်းတော်ကြီးသည် မိမိကိုယ်ရေး ကိုယ်တာ ကိစ္စဖြင့် ဟားခါးမြို့သို့ သွားရာတွင် အဖမ်းခံရသည် (ခ) စစ်တပ်က သူ့ကို တွေ့ဆုံရန် ဖိတ်ခေါ် သောကြောင့် ဟားခါးသို သွားရာတွင် အဖမ်းခံရသည် (ဂ) ဘုန်းတော်ကြီးသည် စစ်တပ်နှင့်အဆက် အသွယ်ရှိသည်။ လူထုက တောထဲ တောင်ထဲသို့ ပြေးပုန်းနေချိန်တွင် ဘုန်းတော်ကြီးသည် မထွက်ပြေးဘဲ စစ်တပ်နှင့်အဆက်အသွယ်ရှိသည် ဟူသော အချက်များဖြစ်ကြသည်။
                       အထက်ပါ စွပ်စွဲချက် (၃) ခုကို အောက်ပါအတိုင်း အများပြည်သူများ သိရှိနိုင်ရန် အသိပေးဖြေရှင်းအပ်ပါသည်။
၁။ ဆူရ်ခွာမြို့၏လုံခြုံဘေးအန္တရာယ် ကင်းရေးအတွက် မြို့ပေါ်ရှိ ဘာသာရေးဂိုဏ်းပေါင်းစုံများ စုပေါင်းပြီး သာရေးနာရေးနှင့် ကိုဗစ်ကပ်ဘေးရောဂါကို ကာကွယ်တိုက်ဖျက်နိုင်ရေးအတွက် ကော်မတီတစ်ခုကို မြို့မိမြို့ဖများက ဖွဲ့စည်းကြသည်။ ၎င်းကော်မတီ၏ လုပ်ငန်းများမှာ (၁) ကျန်းမာရေးနှင့် ဆိုင်သောစောင့် ရှောက်မှု (၂) ဘာသာရေးနှင့်ဆိုင်သောစောင့် ရှောက်မှု (၃) သာရေးနာရေးနှင့်ဆိုင်သောစောင့်ရှောက်မှုတို့ ဖြစ်ကြပြီး ၄င်းအစည်းအဝေးကို တက်ရောက်ကြသူအားလုံး က ဆူရ်ခွာကက်သလစ်ဘုန်းတော်ကြီး နိုအဲလ် ဟရန်တင်းထန် ကို ခေါင်းဆောင်အဖြစ် ရွေးချယ်ခဲ့ကြပါသည်။ ထိုကြောင့် ဆုရ်ခွာသာရေးနာရေးကော်မတီက ဘုန်းတော်ကြီး နိုအဲလ်ဟရန်တင်းထန်ကို ကိုဗစ်ကာကွယ်ဆေးများ သွားထုတ်ရန် အတွက် ဟားခါးမြို့သို့ စေလွှတ်လိုက်ခြင်း ဖြစ်ပါသည်။
၂။ သူသည် စစ်တပ်နှင့်တွေ့ဆုံရန်အတွက် ဟားခါးသို့ သွားရောက်ခြင်း မဟုတ်ဘဲ အထက်ဖော်ပြသော ကိုဗစ်ကာကွယ် ဆေးများ သွားထုတ်ရန်အတွက် ဟားခါးမြို့ သို့ သွားရောက်ခြင်း ဖြစ်ပါသည်။
၃။ ဆူရ်ခွာကက်သလစ်ဘုန်းတော်ကြီးနှင့်စစ်တပ်အကြား ဆက်သွယ်မှုရှိခြင်းနှင့်ပတ်သက်ပြီး၊ ဆူရ်ခွာမြို့ တစ်ဝိုက်တွင် တိုက်ပွဲဖြစ်နေချိန်တွင် ဘုန်းတော်ကြီး နိုအဲလ် ဟရန်တင်းထန်သည် မြို့ထဲရှိ သက်ကြီးရွယ်အိုများ နှင့်ဖျားနာသူများကို မိမိကားဖြင့် အိမ်ရာရောက် လိုက်ခေါ်ပြီး ကက်သလစ်ဘုရားကျောင်းဝင်းထဲတွင် ကက်သလစ်သီလရှင်များနှင့်အတူ ပြုစုစောင့်ရှောက် ပေးပါသည်။ ဒုတိယအကြိမ် တိုက်ပွဲဖြစ်နေချိန်တွင်မူ၊ ဆူရ်ခွာမြို့ပေါ်ရှိဘာသာရေးခေါင်းဆောင်များ သည် ဆုရ်ခွာမြို့ ဘေးကင်းလုံခြုံရေးအတွက် စစ်တပ်စခန်းချ သောနေရာသို့ သွားရောက်ကာ စစ်တပ်နှင့်သွားရောက် တွေ့ဆုံကြပါသည်။ ဟားခါးမှရောက်လာသောစစ်တပ်ခေါင်းဆောင်က ဘုန်းတော်ကြီးကို လိုအပ်မှုများ မေးမြန်းပြီးနောက်၊ စစ်တပ်ကို လာရောက် တွေ့ဆုံရန်နှင့် လာရောက်တွေ့ဆုံခြင်း မရှိပါက ဆူရ်ခွာမြို့ကို မီးရှို့ပြာကျစေမည်ဟု ခြိမ်းခြောက်လာပါသည် ။ ထို့ကြောင့် မြို့ပေါ်ရှိ ဘာသာပေါင်းစုံမှ ဘာသာရေးခေါင်းဆောင်များသည် ဟားခါးမှ စစ်တပ်အကြီးအကဲကို သွားရောက်တွေ့ဆုံကြခြင်း ဖြစ်ပါသည်။
၄။ ဆုရ်ခွာမြို့၏ကက်သလစ်ဘုန်းတော်ကြီး နိုအဲလ် ဟရန်တင်းတန်နှင့်ဓမ္မဆရာကလဲမင်းဟု ဖော်ပြချက်တွင်မူ သည် ဆုရ်ခွာမြို့တွင် တာဝန်ထမ်းဆောင်သူမဟုတ်ဘဲ ဒေါင်ဗားရွာတွင် တာဝန်ထမ်းဆောင်နေသော ၊ ဓမ္မဆရာကလဲမင်း ကက်သလစ်ခရစ်ယာန် ဓမ္မဆရာတစ်ပါး ဖြစ်ပါသည်။ သူသည် ဆုရ်ခွာမြို့သို့ စစ်တပ်ရောက်ရှိလာချိန်နှင့် ကိုဗစ်ကာကွယ် ရေးဆိုင်ရာလုပ်ငန်းအတွက် အစည်းအဝေးများတွင် တစ်ခါမျှ ပါဝင်သူ မဟုတ်ပါ။
၅။ ထို့ကြောင့် လူမှုကွန်ယက်တွင် ရေးသားကြရာတွင် ဆုရ်ခွာမြို့ ထဲတွင် ဖြစ်ပျက်သော အမှန်တရားများကိုသာ ကိုးကားရေးသားကြပါရန် အသိပေးအပ်ပါသည်။
762  Views
Previous: ဘရူနိုင်းနိုင်ငံ၏ ဒုတိယနိုင်ငံခြားရေးဝန်ကြီးကို မြန်မာ့အရေး အာဆီယံအထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်
Next: Myanmar: Hakha – CDF released its abducted Catholic Priest and Catechist