NLD ပါတီကို အပြီးဖျက်သိမ်းပေးဖို့ ပါတီတချို့က ကော်မရှင်ကို တောင်းဆို

စစ်ကောင်စီက ခန့်အပ်ထားသည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) ပါတီကို လုံးဝ ဖျက်သိမ်းပေးရန် နိုင်ငံရေးပါတီ ခေါင်းဆောင်တချို့က နေပြည်တော်သို့ သွားရောက် တောင်းဆိုခဲ့ကြကြောင်း သိရသည်။

မနေ့က နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ ရုံးတွင် ပြုလုပ်သည့် ကော်မရှင်နှင့် နိုင်ငံရေးပါတီ များ တွေ့ ဆုံပွဲတွင် ၂၀၂၀ ရွေးကောက်ပွဲ၌ သောင်ပြိုကမ်းပြို အနိုင်ရရှိထားသည့် NLD ပါတီကို လုံးဝ ဖျက်သိမ်းပေးရန် ယင်းရွေးကောက်ပွဲတွင် တနေရာမျှပင် မနိုင်ခဲ့သူ ပါတီခေါင်းဆောင်များက တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

တောင်းဆိုကြသူများမှာ ရွေးကောက်ပွဲ မတိုင်မီ အကြိုကာလတွင် အတိုက်အခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေး ပါတီနှင့် အတူတွဲ၍ ကြေညာချက်များ ထုတ်ခဲ့သည့် ၂၃ ပါတီဝင် ခေါင်းဆောင်များ ဖြစ်သည်ဟု ယင်းအစည်းအဝေးသို့ တက်ရောက်ခဲ့သူတဦးက ဧရာဝတီသို့ ပြောသည်။

ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီမှ ဦးမျိုးညွှန့်၊ မိုက်ကယ်ကျော်မြင့်နှင့် ဦးသိန်းညွှန့်၏ ပါတီတို့မှ တက်ရောက်လာသူတို့က အဓိက တောင်းဆိုကြခြင်း ဖြစ်ပြီး မဲမသမာမှုများ၊ မဲစာရင်း အမှားများကို ယခင် ကော်မရှင်က တာဝန်ခံရမည် ဖြစ်သော် လည်း နောက်ဆုံးပိတ် တာဝန်ရှိသူမှာ NLD ပါတီဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။

ယင်းအစည်းအဝေးသို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ ဥက္ကဌ ဦးသန်းဌေးကိုယ်တိုင် တက်ရောက်ခဲ့သော်လည်း တစုံတရာ ပါဝင်ဆွေးနွေးခြင်း မရှိကြောင်း သိရသည်။

“မိုင်ကယ်ကျော်မြင့်က NLD ပါတီကို အရေးမယူသေးဘူးလား ဆိုတာကို ၃ ခါလောက် မေးတယ်။ တကယ့်ကို ယုံကြည်မှု အပြည့်နဲ့ သူ့နောက်မှာ စစ်တပ်တတပ်လုံး ရှိနေတဲ့ ပုံစံမျိုးနဲ့ကို ထမေးတာ”ဟု ကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ ဆုံပွဲ တွင် ပါဝင်ခဲ့သူတဦးက ပြောသည်။

ထို့ပြင် လက်ရှိ စစ်ပြိုင် အစိုးရပုံစံ ပေါက်နေသည့် ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) သည် ပြည် ထောင်စု တဝန်းလုံးကို ခြိမ်းခြောက်နေသည့်အတွက် NLD ပါတီကို အရေးယူပေးရန် စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ လက်ရှိ ကော်မရှင်က တင်ပြပေးရန်လည်း တောင်းဆိုခဲ့ကြသည်ဟု သိရသည်။

ယင်းအစည်းအဝေးတွင် ပါဝင်သူ မြန်မာအမျိုးသား ကွန်ကရက်ပါတီ ဥက္ကဌ ဦးကောင်းမြင့်ထွဋ်က“ဒီဟာတွေ ဖြစ်ပေါ်စေတဲ့ NLD ပါတီက အခုချိန်အထိ နိုင်ငံရေးပါတီ အဖြစ် ရပ်တည်ခွင့် ရနေသေးတာလားလို့ မေးခွန်း ထုတ်တာ။ အဲဒါကို ကော်မ ရှင် ဥက္ကဌက ပါးပါးနပ်နပ် ဘယ်လိုဖြေလဲဆိုတော့ စစ်ဆေးတဲ့ရလဒ်တွေ ထွက်လာမှသာ ပြောလို့ရမယ်ဆိုပြီးတော့ ဖြေတယ်”ဟု ဧရာဝတီသို့ ပြောသည်။

၎င်းက ဆက်၍ “အဲဒါကို ဦးစိုးမောင်ကလည်း ထပ်ပြောတယ်။ အချိန် ၂ ပတ်အတွင်းမှာ ဒီအဖွဲ့ (CRPH)က နိုင်ငံတကာကို ဘယ်လို ပေါက်မြောက်နေပြီ။ တိုင်းပြည်အတွက် အန္တရာယ်ကြီးလွန်းတယ်။ အဲဒါတွေအတွက်ကြောင့် NLD ကို လုံးဝ ဖျက် သိမ်းကြောင်း ကြေညာဖို့ ဆိုပြီး ဖိအားပေးကြတယ်”ဟု ပြောသည်။

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) ကမူ စစ်တပ်က အာဏာသိမ်းမှုသည် အခြေအမြစ် မရှိသည့် စွပ် စွဲချက်များဖြင့် တည်ဆဲ အစိုးရအဖွဲ့ ဝင်များကို ဥပဒေမဲ့ ဖမ်းဆီးထိန်းသိမ်းခြင်း ဖြစ်ကြောင်း၊ လက်နက်အားကိုးဖြင့် အစိုးရ အဖွဲ့ ကို ဖျက်သိမ်းရန် အားထုတ်မှုသည် ရာဇဝတ်မှု ပြစ်မှုမြောက်ကြောင်း ဖေဖော်ဝါရီလ ၈ ရက်နေ့က ကြေညာချက် ထုတ်၍ ပြောဆိုထားသည်။

NLD ပါတီကို အရေးယူသည့် ကိစ္စနှင့် ယင်းပါတီ ဆက်လက် ရပ်တည်ခွင့် ရှိ၊ မရှိ ဆိုသည်မှာ ကော်မရှင်က ဆောင်ရွက်ရ မည့် ကိစ္စဖြစ်ကြောင်း၊ ကော်မရှင်ကလည်း ဥပဒေအရ တွေ့ရှိချက်အပေါ်တွင် ဆောင်ရွက်သွားမည်ဟု ပြောဆိုထားပြီး လက်ရှိ အချိန်အထိ မည်သည့်ပါတီမျှ အရေးယူခြင်း မခံရသေးကြောင်း ယင်းဆွေးနွေးပွဲတွင် ပါဝင်သူ ဖက်ဒရယ် ပြည်ထောင်စု ပါတီမှ ဦးစောသန်းမြင့်က ပြောသည်။

မနေ့က နေပြည်တော်တွင် ပြုလုပ်သည့် ကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ ဆုံပွဲသို့ ဖိတ်ကြားခဲ့သည့် ပါတီ ၉၁ ခု ရှိ သည့် အနက် ၅၃ ပါတီ တက်ရောက်ပြီး ကျန်တက်ရောက်မှု မရှိသည့် ကျန် ၃၈ ပါတီကိုလည်း အရေးယူပေးရန် တက် ရောက်သည့် ပါတီတချို့က တောင်းဆိုခဲ့သည်ဟု သိရသည်။

ယင်းဆွေးနွေးပွဲသို့ မွန်ပြည်နယ် အခြေစိုက် ပါတီ ၂ ခု တက်ရောက်ခဲ့ပြီး လက်ရှိ အခြေအနေအရ မိမိတို့ လိုချင်သည့် အဖြေတခုကို စားပွဲဝိုင်းတွင် ထိုင်၍ ပြောဆိုပြီးနောက် ဆုံးဖြတ်ခြင်းက ပိုကောင်းသည်ဟု ယုံကြည်သဖြင့် ယခုလို တက် ရောက်ရခြင်း ဖြစ်ကြောင်း အမျိုးသမီးပါတီ (မွန်)မှ ဒေါ်မိသန်းရှင်က ပြောသည်။

“ဒီလိုမျိုး ကိုယ်ရှောင်ကြမယ်ဆိုရင် ကိုယ့်ရဲ့ နိုင်ငံရေးက တိုင်းပြည်ဟာ မကောင်းတဲ့ လက္ခဏာကို ဆောင်သွားနိုင်တယ် ပေါ့နော်။ ဘာပဲဖြစ်ဖြစ် ဆိုးတာပဲဖြစ်ဖြစ် ကိုယ်ပြောချင်တဲ့စကားလုံးကို ဝိုင်းမှာဝင်ပြီးတော့ ပြောရင်အကောင်းဆုံးပဲ။ ညှိနှိုင်းကြတာပေါ့။ ဒါကကျမဆိုလိုချင်တဲ့ဟာပေါ့”ဟု ဒေါ်မိသန်းရှင်က ပြောသည်။

ကော်မရှင် ဥက္ကဌသစ် ဦးသိန်းစိုးကမူ ယခုအချိန်တွင် နောက်ရွေးကောက်ပွဲတခု လုပ်ရန် ပြင်ဆင်မှု မရှိသေးဘဲ မဲမသမာမှု များ၊ မဲစာရင်းအမှားများကိုသာ အဓိက စစ်ဆေးလျက်ရှိကြောင်း၊ နေပြည်တော်ကောင်စီ နယ်မြေအတွင်း မဲစာရင်းအမှား များကို နိုင်ငံပိုင် သတင်းစာများတွင် စတင် ထည့်သွင်းဖော်ပြပေးနေပြီ ဖြစ်ကြောင်း ပြောသည်။

“မဲစာရင်း မသမာမှုတွေကိုပဲ စစ်ဆေးနေတယ်။ အဲ့ဒါတွေ ပြီးသွားတဲ့အခါကျမှ နောက်ရွေးကောက်ပွဲက သူ့ရဲ့ Schedule ရှိပါတယ်။ ဘယ်ချိန်မှာ မဲဆန္ဒနယ်ကြေညာတာတွေ၊ မဲစာရင်းတောင်းတာတွေစသဖြင့် ပုံမှန်အတိုင်း သွားပါလိမ့်မယ်။ သူ့မှာ နည်းဥပဒေ ရှိပါတယ်။ နည်းဥပဒေအတိုင်း သွားပါလိမ့်မယ်”ဟု ဦးသိန်းစိုးက ပြောသည်။

အရပ်သား အစိုးရထံမှ စစ်တပ်က အာဏာသိမ်းပြီး ဖေဖော်ဝါရီလ ၃ ရက်နေ့က ကြံ့ခိုင်ရေးပါတီ ဦးဆောင်သည့် ပါတီ ၂၃ ခုတို့က စစ်တပ်၏ အာဏာသိမ်းမှုကို ထောက်ခံကြောင်း၊ အခြေခံ ဥပဒေ ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ စစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုထားသည်။

ထို့ပြင် စစ်တပ်က အာဏာမသိမ်းမီ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့က ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို လက်မခံ ကြောင်း ၂၃ ပါတီ၏ အသီးသီး ထုတ်ပြန်ချက်များကိုလည်း ကြံ့ခိုင်ရေးပါတီ၏ တရားဝင် လူမှုကွန်ရက် စာမျက်နှာမှ တဆင့် ပြန်လည် ဖော်ပြပေးခဲ့သေးသည်။ By ဧရာဝတီ 

511  Views
Previous: ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး (ဒီချုပ်အစိုးရခန့်အပ်ခဲ့သော သံအမတ်ကြီး) ဦးကျော်မိုးထွန်းက တပ်မတော်၏အာဏာသိမ်းမှုကိုဆန့်ကျင်ရန်အပါအဝင် အချက်ခြောက်ချက်ကို ကမ္ဘာသို့တောင်းဆိုသောမိန့်ခွန်းပြောကြားသွား
Next: Myanmar’s UN ambassador defies Myanmar Military Junta to plead for immediate global action to overturn coup