NLD ပါတီ ဆက်လက်ရပ်တည်ရေး မဲရလဒ်အပေါ် မူတည်နေဟု စစ်ကောင်စီပြော

၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ ပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)ဆက်လက် ရပ်တည် ရေးအတွက် လက်ရှိ ၎င်းတို့စစ်ဆေးနေသည့် မဲစာရင်းရလဒ်များအပေါ် မူတည်၍ ဆက်လုပ်မည် ဟု ယနေ့  (7 May) လုပ်သည့် စစ်ကောင်စီ သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုလိုက်သည်။

စစ်တပ်သည် NLD ပါတီအား မဲမသာမှု ရှိသည်ဆိုဟု အကြောင်းပြကာ အာဏာသိမ်းခဲ့သလို ပါတီခေါင်းဆောင်များ အစိုးရအဖွဲ့ဝင်များ လွှတ်တော်အမတ်များကို ဖမ်းဆီးထားပြီး ယမန်နေ့ကပင် ပါတီဗဟိုကော်မတီ နှစ်ဦးနှင့် လူငယ်ခေါင်းဆောင်တဦးကို နောက်ဆုံးဖမ်းဆီးခဲ့သည်။

စစ်ကောင်စီ၏ ယနေ့ သတင်းစာရှင်းပွဲတွင် သတင်းထုတ်ပြန်ရေး အဖွဲ့ဝင် ဗိုလ်မှူး ကောင်းထက်စံက
စစ်တပ်က ဖွဲ့စည်ပေးသည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မဲစာရင်း များ စစ်ဆေးနေပြီး ထိုလုပ်ငန်းစဉ်များ အားလုံး ပြီးဆုံးပြီးနောက် ထွက်ပေါ်လာသည့် ရလဒ်များကိုကြည့်ကာ ယင်းပါတီ၏ ဆက်လက် ရပ်တည်ရေးကို ဆောင်ရွက်သွားမည်ဟု သတင်းထောက်တဦး၏ မေးမြန်းချက်ကို ပြန်လည် ဖြေဆိုလိုက်ခြင်း ဖြစ်သည်။

“မဲနဲ့ ပတ်သက်တဲ့ မသမာမှု ကိစ္စတွေ၊ ရလဒ်တွေ ဒါတွေ အပေါ် မူတည်ပြီးတော့ NLD ပါတီပဲဖြစ်ဖြစ် ဘယ်ပါတီပဲ ဖြစ်ဖြစ် ဒီကြားထဲမှာ သူတို့ရဲ့လုပ်ကိုင် ဆောင်ရွက်မှုတွေဟာ ဥပဒေနဲ့ ဘယ်လောက် ညီညွတ်သလဲ ဥပဒေကို ဘယ်လောက်တောင်မှ ကျော်လွန်ချိုးဖောက်ထားသလဲဆိုတဲ့အပေါ်မူတည်ပြီးတော့မှ ဒီပါတီတွေရဲ့အနာဂတ်ဟာ ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ၎င်းက ပြောသည်။

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် NLD ပါတီကသည် စစ်တပ်ကျောထောက်နောက်ခံပေးထားသည့် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို မဲအပြတ်အသတ်ဖြင့် အနိုင်ရခဲ့သည်။

ယင်းပါတီ၏ ဥက္ကဋ္ဌလည်းဖြစ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်လည်း ဖြစ်သည့် ဒေါ်အောင်ဆန်းစု ကြည်နှင့် ပါတီ ထိပ်ပိုင်းခေါင်းဆောင်များကို ဖမ်းဆီးကာ ပုဒ်မ အမျိုးမျိုး တပ်၍ တရားစွဲဆိုထားသည်။

ထို့ပြင် မြန်မာနိုင်ငံအနှံ့အပြားရှိ NLD ပါတီဝင်များ၊ အနိုင်ရကိုယ်စားလှယ်များကို လိုက်လံ ဖမ်းဆီးချုပ်နှောင်ခြင်း ဖမ်းဝရမ်းထုတ်ခြင်းများကို လုပ်ဆောင်လျက် ရှိသည်။

မေလ ၆ ရက်ကလည်း NLD ဗဟိုကော်မတီဝင် ဦးဘမျိုးသိန်း၊ ဗဟိုကော်မတီဝင် ဦးစိုးဝင်းနှင့် ရခိုင်ပြည်နယ်လုပ် ငန်း အဖွဲ့ဝင် ကိုဟိန်းမင်းထက်တို့ကို ရန်ကုန် NLD ရုံးချုပ်ရှေ့တွင် စစ်ကောင်စီတပ်များက ဖမ်းဆီးခေါ်ဆောင် သွားခဲ့သေးသည်။

ထို့ပြင် နိုင်ငံတဝန်းရှိ စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြသပိတ်စစ်ကြောင်းများကို လိုက်လံ ပစ်ခတ်ဖြိုခွဲနေပြီး နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးသူ ဦးရေ မေလ ၆ ရက်ထိ ၇၀၀ ကျော်ရှိနေပြီဖြစ်သည်။

592  Views
Previous: တိုင်းပြည်စီးပွားပျက်အောင် လှုံ့ဆော်မှုတွေကြောင့် ဘဏ်တွေမှာ ငွေအကန့်အသတ်နဲ့ ထုတ်ပေးနေ (ဗဟိုဘဏ် ဒုဥက္ကဌ)
Next: တက္ကသိုလ် ၁၅ ခုမှ ဝန်ထမ်း ၁၆၀၀ ကျော်ကို တာဝန်မှ ရပ်ဆိုင်းကြောင်း စစ်ကောင်စီကြေညာ