စစ်တပ်က အာဏာသိမ်းထားလို့ ကချင်ဒုက္ခသည် နေရပ်ပြန်ရေးစီမံချက် ဆုံးရှုံးဖွယ်ရှိနေ


ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်ရေးအတွက် ဂျပန်နီပွန်ဖောင်ဒေးရှင်းက လှူဒါန်းထားတဲ့ ဒေါ်လာ ငါးသန်း စီမံကိန်းဟာ လက်ရှိနိုင်ငံရေး အခြေအနေတွေကြောင့် ဆုံးရှုံးနိုင်ဖွယ်ရှိနေပြီလို့ ဒုက္ခသည် တွေအရေး ကူညီပေးနေတဲ့ ကချင်နှစ်ချင်း ခရစ်ယာန် အသင်းတော်များအဖွဲ့ချုပ် KBC တာဝန်ရှိသူက ပြောပါတယ်။

ဂျပန်နီပွန်ဖောင်ဒေးရှင်းရဲ့ အကူအညီနဲ့ဆောင်ရွက်နေတဲ့ ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေ နေရပ် ပြန်ရေးစီမံချက်ဟာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ဖြစ်လာတဲ့ နိုင်ငံရေး စစ်ရေးအကျပ်အတည်း တွေကြောင့် အကောင်အထည်မပေါ်တော့ဘဲ ပျက်စီးလုနီးပါးဖြစ်နေပြီလို့ သတင်းရရှိပါတယ်။

ဒုက္ခသည်ပေါင်းသိန်းနဲ့ချီတဲ့အထဲက ပထမဆုံးအသုတ်အနေနဲ့ အိမ်ထောင်စုပေါင်း ၇၀၀ ကျော် နေရပ် ပြန်အခြေချနိုင်အောင် အိမ်တွေဆောက်ပေးဖို့ အမေရိကန်ဒေါ်လာ ငါးသန်းကို ကချင်နှစ်ချင်း ခရစ် ယာန်အသင်းတော်များအဖွဲ့ချုပ် KBC အသင်းချုပ်ထံ ဂျပန်နီပွန်ဖောင်ဒေးရှင်းက ၂၀၁၈ ခုနှစ် ကတည်းက တာဝန်ပေးလွှဲအပ်ထားပါတယ်။

အခုတော့ စီမံကိန်း ၉၀ ရာခိုင်နှုန်းပြီးမြောက်နေချိန်မှာ စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်ဖို့အခွင့်ရေး ဆုံးရှုံးဖွယ်ရှိနေပြီလို့ KBC အသင်း ဥက္ကဋ္ဌ ဒေါက်တာ ကလန်ဆန်ဆွန်က ပြောပါတယ်။

 ဒေါက်တာ ခလမ်ဆမ်ဆွန်“ ကျွန်တော်ကတော့ ဒီအခြေနေမှာ ပြောရတော်တော်ခက်တယ် ဆရာရေ။ ဘာကြောင့်လဲဆိုတော့ ဘာမှတဇွတ်ထိုး လုပ်လို့မရဘူး။ အခုက ကျွန်တော် တို့ သိတဲ့အတိုင်းပဲ အခြေအနေက အမျိုးမျိုး ပြောင်းလဲ သွားနိုင်တယ်။ ဆိုတော့ ကျွန်တော်တို့ အနေနဲ့တော့ ဟိုလိုပေါ့ စစ်တပ်ဘက်ကိုလည်း ကျွန်တော်တို့က ဘယ်လို ပြောမလဲ တွန်းအားပေးလို့လည်း မရသလို၊ ကျွန်တော်တို့ အရင်တုန်းက ကျွန်တော်တို့ကိုပေးခဲ့တဲ့ Donator တွေက လည်း အခုဒီ စစ်အစိုးရနဲ့ စစ်ကောင်စီနဲ့ ဆက်ပြီးလုပ်သလား မလုပ်သလား၊ သူတို့ ဆက်ပြီး MOU ပေါ့နော်၊ ကျွန်တော်တို့ သဘောတူညီချက်ရှိလား မရှိသလား ဆိုတာလည်း ကျွန်တော် မသိရဘူး။ နောက်က ဒီအစိုးရရဲ့ လူကယ်ပြန်ဝန်ကြီးဌာနနဲ့ ဒီ Donator တွေရဲ့ကြားမှာ ဆက်ဆံမှု ကလည်း ကျွန်တော်တို့ မသိရဘူး။ UN နဲ့ သူတို့ရဲ့ ဆက်ဆံမှုတွေကလည်း မသိရဘူးဆိုတော့ ကျွန်တော်တို့ကတော့ ဒီအပေါ်မှာ ဘာမှတော့ မှတ်ချက်ပေးလို့တော့ မရနိုင်သေးဘူး”

ဒီစီမံကိန်းကို NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ်က ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ငြိမ်းချမ်းရေးဖော်ဆောင် ရေး အဖွဲ့နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA/KIO တို့ ပူးပေါင်းပြီး ဖော်ဆောင်ခဲ့ကြတာလို့ ပြောပါတယ်။

မိသားစုတစ်စုစာအတွက် နေအိမ်တစ်လုံးရဲ့ကုန်ကျစရိတ် ပျမ်းမျှတန်ဖိုး မူလက ကျပ်ငွေ ၄၅ သိန်း သတ်မှတ် ထားရာကနေ တကယ်လက်တွေ့ ဆောက်လုပ်တဲ့အခါမှာတော့ ကုန်ကျစရိတ်က သိန်း ၆၀ ဝန်းကျင်ရှိခဲ့တယ် လို့ ဆိုပါတယ်။ ဆောက်ပြီးတဲ့အိမ်တွေပေါ်မှာ စစ်ဘေးဒုက္ခသည်တွေ ပြန်မနေနိုင်တာဟာ ဆုံးရှုံးမှုပဲလို့ ဒေါက်တာ ကလန်ဆန်ဆွမ်က ပြောပါတယ်။

“ ကျွန်တော်တို့ သိတဲ့အတိုင်းပဲ အခြေအနေက အမျိုးမျိုး ပြောင်းလဲသွားနိုင်တယ်”

မြစ်ကြီးနား၊ ဝိုင်းမော်၊ ပူတာအို၊ မိုးမောက်၊ ချီဗွေ ငါးမြို့နယ်က ၂၅ ရွာမှာ အိမ်ထောင်စုပေါင်း ၇၁၅ စုအတွက် တစ်မိသားစုကို အိမ်တလုံးနှုန်းဆောက်ပေးနေတာ လက်ရှိ ၆၅၀ ကျော် ပြီးစီးနေပြီလို့ ပြောပါတယ်။

ဆက်ဆောက်ဖို့ ၅၉ လုံး ကျန်နေသေးလို့ လာမယ့် ဇူလိုင်လထဲမှာ စီမံကိန်းပြီးလိမ့်မယ်လို့ ဆိုပါတယ်။

ကိုယ့်အတွက် ဆောက်ပေးတဲ့အိမ်ကလေး နောက်ထပ်ပျက်စီးသွားမှာကို စိုးရိမ်နေတယ်လို့ ဝိုင်းမော်မြို့နယ် ၊ မိုင်းနားစစ်ရှောင်စခန်းက ဒေါ်တိန်းဒေါင်က ပြောပါတယ်။

“ဘယ်လိုခံစားရလဲဆိုတော့ ကျွန်မတို့အခု ရထားတဲ့ အိမ်လေးပေါ့နော်။ တန်ဖိုးနည်းအိမ်ဖြစ်ဖြစ် ကျွန်မ တို့အတွက်ဆိုပြီးတော့မှ ဆောက်ထားတဲ့အိမ်ကို တခေါက်ပြန်ပြီးတော့ ပျက်စီးဆုံးရှူံးသွားမှာကိုလည်း စိုးရိမ်တယ်။ ပြီးတော့လည်း ကျွန်မတို့ရွာက ၁၀ နှစ်လုံးလုံး ရွာကဒီတိုင်း စစ်ရှောင်ထားခဲ့တဲ့ ရွာဆို တော့လည်း လွန်ခဲ့တဲ့နှစ်ကဆိုရင် ကျွန်မတို့ ဖုန်သန့်ရှင်းရေးလုပ်တာဆိုလည်း အခုပြန်ပြီးတော့မှ သွားရ၊ လာရတာ အခက်အခဲပြန်ရှိလာတယ်။ ၈ လ ၁၀ လဆိုတော့ အကုန်လုံးက အခါတိုင်းလို စိတ်လွတ် ကိုယ်လွတ်ပေါ့နော် သွားလာလို့မရတော့တဲ့ အချိန်ကျလို့ရှိရင် ကျွန်မတို့ရွာက ပိုပြီးတော့မှ နဂိုကတည်း ကအတိုင်း စရှောင်တုန်းကအတိုင်း တောကြိုအုံကြား ပြန်ဖြစ်သွားမှာ စိုးရိမ်တယ်”

kachin-refugees.jpg
(ဝိုင်းမော်မြို့နယ် စင်ကြိုင်ဒုက္ခသည်စခန်းက စစ်ရှောင်ပြည်သူတွေပုံ)

အိမ်ရပေမယ့်လည်း စစ်ပွဲတွေရှိနေတာကြောင့် အိမ်ရတာနဲ့ မရတာဟာ ဘာမှမထူးခြားဘူးလို့ မိုင်းနားဒုက္ခ သည်စခန်းမှာ ၁၀ နှစ်ကြာနေပြီဖြစ်တဲ့ အသက် ၆၀ အရွယ် ဦးဂရင်ဂွန်ဂျန်က ပြောပါတယ်။

“ရွာမှာအိမ်ရလည်း အခု တဒိုင်းဒိုင်း တဒုန်းဒုန်းနဲ့ မဖြစ်ဘူးဆိုတော့ ဝမ်းသာတယ်။ အင်းအခုကတော့ တဒိုင်းဒိုင်းတဒုန်းဒုန်းနဲ့ ရွာနဲ့ တလံ၊ နှစ်လံလောက် ဝေးပြီဆိုရင်တော့ အဲတဒိုင်းဒိုင်း တဒုန်းဒုန်းနဲ့ ပစ်တယ်ဆိုရင်တော့ ဝမ်းမသာဘူး။ အခုကတော့ Camp မှာတော့ ဘာလဲဆိုတော့ အနေဆင်းရဲ နေရင်လည်း စိတ်ကတော့ မဆင်းရဲဘူးလေ”

ကချင်စစ်ရေး လေ့လာသုံးသပ်သူတွေရဲ့ မှတ်တမ်းအရ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း ကချင်ပြည်နယ်မှာ တိုက်ပွဲပေါင်း ၂၀၀ ကျော်ရှိခဲ့ပြီး ဒုက္ခသည် တစ်သောင်းသုံးထောင်ကျော် ထပ်တိုးလာတယ်လို့ KBC လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဌာနရဲ့ ပြုစုထားချက်အရ သိရပါတယ်။ ထပ်တိုးလာတဲ့ ဒုက္ခသည်တွေအတွက် စခန်းသစ် ၁၃ ခု ထပ်မံတိုးချဲ့ခဲ့ ရတယ်လို့လည်း သိရပါတယ်။

စစ်တပ်အာဏာမသိမ်းခင်က ကချင်ပြည်နယ်မှာ စစ်ပြေးဒုက္ခသည် တစ်သိန်းနှစ်သောင်းလောက် ရှိပါတယ်။ ဒါကြောင့် အခုဆိုရင် ကချင်ပြည်နယ်မှာ စစ်ပြေးဒုက္ခသည် စုစုပေါင်း ၁၃၃၅၀၀ ရှိနေပြီဖြစ်ပါတယ်။