ကယားပြည်နယ်မှာဖရူဆိုမြို့နယ် မိုဆိုးရွာအနီးမှာ လူအစုလိုက် အသတ်ခံရပြီးနောက် အကူအညီပေးရေးဝန်ထမ်း ၂ ဦး ပျောက်ဆုံးနေ


မြန်မာနိုင်ငံက လက်နက်ကိုင် ပဋိပက္ခတွေ ပေါ်ပေါက်နေတဲ့ ကယားပြည်နယ်မှာ အမျိုးသမီးနဲ့ ကလေးတွေ အပါအဝင် လူ ၄၀ နီးပါး သတ်ဖြတ် မီးရှို့ခံခဲ့ရပြီးနောက် ဒေသခံဝန်ထမ်း ၂ ဦး ပျောက်ဆုံးနေကြောင်း နိုင်ငံတကာ ပရဟိတ အဖွဲ့အစည်းတခုဖြစ်တဲ့ Save the Children က ပြောလိုက်ပါတယ်။

လူ ၃၈ ယောက်ထက်မနည်း သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်အပေါ် ပြစ်တင်ရှုတ်ချကြောင်းလည်း စနေနေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြခဲ့တာပါ။

အခင်းဖြစ်ခဲ့တဲ့ ဒေသတွင်းမှာ စာနာမှုလုပ်ငန်းတွေ လုပ်ကိုင်အပြီး အားလပ်ရက် အိမ်ပြန်လာတဲ့ ဝန်ထမ်း ၂ ယောက်ဟာလည်း ပျောက်ဆုံးနေတယ်လို့ ပြောပါတယ်။ သူတို့လိုက်ပါလာတဲ့ ကားဟာလည်း တိုက်ခိုက်ပြီး မီးရှို့ခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဖရူဆိုမြို့နယ် မိုဆိုးရွာအနီးမှာ သက်ကြီးရွယ်အိုတွေ၊ မိန်းမတွေနဲ့ ကလေးတွေ အပါအဝင် အိုးအိမ်စွန့်ခွာ ထွက်ပြေးကြသူတွေကို စစ်တပ်က သတ်ဖြတ်ပြီး မီးရှို့ခဲ့ကြောင်း ဒေသခံ လူ့အခွင့်အရေး အဖွဲ့တွေက ပြောပါတယ်။

စစ်ကောင်စီကတော့ ဖရူဆိုမြို့နယ်မှာ လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်ဖွဲ့တွေကို တိုင်းရင်းသား လက်နက်ကိုင် KNPP နဲ့ PDF လက်နက်ကိုင်တွေက စတင်တိုက်ခိုက်လို့ ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့တာပါ။ ဒါပေမယ့် ထိခိုက်သေဆုံးမှု၊ ဖမ်းဆီးမှုနဲ့ မီးလောင်သေဆုံးနေတဲ့ အလောင်းတွေနဲ့ ပတ်သက်လို့ ပြောဆိုထားတာတော့ မရှိပါဘူး။

Save the Children အဖွဲ့ရဲ့ အမှုဆောင်အရာရှိချုပ် Inger Ashing ကတော့ တိုက်ခိုက်မှုဟာ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်တဲ့ လုပ်ရပ်အဖြစ် ရှုတ်ချကြောင်း ပြောဆိုလိုက်ပြီး သူတို့အဖွဲ့က ဝန်ထမ်းတွေ အပါအဝင် အပြစ်မဲ့ အရပ်သားတွေကို အကြမ်းဖက်တိုက်ခိုက်တဲ့ လုပ်ရပ်အပေါ် ထိတ်လန့်တုန်လှုပ်မိကြောင်း ပြောပါတယ်။

ဒီလဆန်းပိုင်းမှာပဲ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ အရပ်သား ၁၁ ယောက်ကို လုံခြုံရေးတပ်ဖွဲ့တွေက ပစ်ခတ်၊ မီးရှို့သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ရာမှာ အမေရိကန်နဲ့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းက အပြင်းအထန် ဝေဖန်ခဲ့ကြပါတယ်။