ပြည်တွင်းလာဖို့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ရဖို့ စစ်တပ်နဲ့ညှိနှိုင်းနေရဆဲလို့ အာဆီယံကိုယ်စားလှယ်ပြော


မြန်မာ့အရေးဖြေရှင်းရာမှာ အဓိကကျလာမယ့်အာဆီယံအဖွဲ့ကြီးရဲ့ကိုယ်စားလှယ်က မြန်မာပြည်တွင်းကို လာဖို့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်ရဖို့ စစ်ကောင်စီနဲ့ ညှိနှိုင်းနေရဆဲဆိုပြီး စက်တင်ဘာလ ၄ ရက်မှာ ထုတ်ပြောလာပါတယ်။
” ဘယ်လိုအခြေအနေတော့ရှိတယ်ဆိုတာမျိုး သူတို့ဘက်က မပြောထားသလို အဲဒါနဲ့ပတ်သက်ပြီးတော့ သူတို့ဘက်က ရှင်းရှင်းလင်းလင်း မရှိဘူး။” လို့ သူကပြောပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် အတိုက်အခံတွေနဲ့ စစ်ခေါင်းဆောင်တွေကြား တွေ့ဆုံဆွေးနွေးလမ်းလမ်းပွင့်ဖို့နဲ့ အကြမ်းဖက်မှုတွေရပ်ဖို့ မြန်မာနိုင်ငံလည်းအဖွဲ့ဝင်အဖြစ်ပါဝင်နေတဲ့ အာဆီယံအဖွဲ့ကြီးက ကြိုးပမ်းနေတာပါ။
ဒီကိစ္စတွေကို ဦးဆောင်ဖို့ အာဆီယံက ဘရူနိုင်းနိုင်ငံ နိုင်ငံခြား ရေးဝန်ကြီး -၂ Erywan Yusof ကို ကိုယ်စားလှယ်အဖြစ်ခန့်အပ်ခဲ့တာပါ။
” မြန်မာပြည်ထဲကို ခပ်မြန်မြန်သွားဖို့လိုပါတယ်။ ဒါပေမဲ့ အဲဒါတွေမတိုင်ခင် ကျွန်တော့်ဘက်က အာမခံချက်တွေ အရင်ရထားဖို့လိုတယ်။ သူတို့ဘက်က ကျွန်တော့်ကို မြန်မာပြည်ထဲ ဝင်ခွင့်ပေးတဲ့အခါ ကျွန်တော်လုပ်ရမယ့်ကိစ္စအတွက် ရှင်းရှင်းလင်းလင်းသိမြင်ထားရဖို့လိုတယ်။” ဆိုပြီး သူက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။
မစ္စတာ Erywan ကတော့ အောက်တိုဘာလနှောင်းပိုင်းမှာ အာဆီယံခေါင်းဆောင်တွေ မတွေ့ခင် မြန်မာပြည်တွင်းခရီးစဉ်ကို စတင်ချင်ပေမဲ့ ဘယ်နေ့ဖြစ်ရမယ်လို့ သတ်မှတ်ထားတာတော့ မရှိသေးဘူးလို့ သူကပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ရဖို့ စစ်ကောင်စီဘက်ကို တောင်းဆိုထားတာရှိပေမဲ့ ဒီကိစ္စဟာ အာဆီယံခေါင်းဆောင်တွေကြားရရှိထားတဲ့ ဘုံသဘောတူညီချက်တွေအရဆိုရင်တော့ လိုအပ်ချက်တစ်ရပ်မဟုတ်ဘူးလို့ သူကပြောပါတယ်။
အဓိကလိုအပ်ချက်က အကြမ်းဖက်မှုတွေရပ်တန့်ပြီး ပါဝင်သင့်ပါဝင်ထိုက်သူတွေကြားမှာ ငြိမ်းချမ်းရေးဆွေးနွေးမှုစဖို့ ဖြစ်တယ်လို့ သူကပြောပါတယ်။
” လက်ရှိမြန်မာအာဏာပိုင်တွေဘက်ကို ကျွန်တော်ပြောဖို့ ကြိုးစားနေတာလည်း ဒီကိစ္စပါပဲ။ သက်ဆိုင်ရာပါဝင်သင့်ပါဝင်ထိုက်သူတွေအားလုံးနဲ့ ကျွန်တော် စကားပြောဖို့လိုတယ်။ အဲဒီကိစ္စကလည်း အခုထိ ညှိနှိုင်းဆဲပါပဲ” လို့ သူကပြောပါတယ်။

ဘရူနိုင်းနိုင်ငံ၏ ဒုတိယနိုင်ငံခြားရေးဝန်ကြီးကို မြန်မာ့အရေး အာဆီယံအထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်


မြန်မာ့နိုင်ငံရေးအကြပ်အတည်းတွေကို ကူညီဖြေရှင်းဖို့အတွက် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) က ရွေးချယ်ထားတဲ့ ဘရူနိုင်းနိုင်ငံ ဒုတိယနိုင်ငံခြားရေး ဝန်ကြီး Erywan Yusof ကို မြန်မာ့အရေးအာဆီယံအထူးကိုယ်စားလှယ်အဖြစ် မြန်မာစစ်ကာင်စီက သြဂုတ်လ ၄ ရက်နေ့မှာ သဘောတူလက်ခံလိုက်ပါပြီ။ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင်းက အကြမ်းဖက်မှု အခြေအနေတွေ အဆုံးသတ်နိုင်ရေး အာဏာသိမ်းစစ်ခေါင်းဆောင်တွေနဲ့ အတိုက်အခံတွေကြား တွေ့ဆုံဆွေးနွေးမှုတွေ လမ်းပွင့်လာအောင်လို့ အာဆီယံက ကမကထလုပ် ဆောင်ရွက်နေတာပါ။

ဒီအတွက် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်တဦးထားဖို့ အာဆီယံအစည်းအဝေးက ဆုံးဖြတ်ခဲ့သလို၊ ဒီ ကိုယ်စားလှယ်နေရာအတွက် ထိုင်း အင်ဒိုနီးရှားနဲ့ ဘရူနိုင်းနိုင်ငံက သံတမန်တွေကို အသီးသီးအဆိုပြုခဲ့ကြပါတယ်။ အခုနောက်ဆုံး ဘရူးနိုင်း ဒုနိုင်ငံခြားရေးဝန်ကြီး Erywan Yusof ကို အာဆီယံက ရွေးချယ်ထားပြီးနောက်၊ အခု ဒီကနေ့မှာတော့ မြန်မာစစ်ကောင်စီကပါ လက်ခံသဘောတူလိုက်တာပါ။

လူသားချင်းစာနာကူညီမှု လုပ်ငန်းတွေကိုလည်း အထူးကိုယ်စားလှယ်က ကြီးကြပ်သွားမယ်လို့ အာဆီယံအသင်းရဲ့ ဒီကနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပေမဲ့ အသေးစိတ်ကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကြုံလာရတဲ့အကြမ်းဖက်မှုတွေ ရပ်တန့်နိုင်ဖို့အတွက် အထူးကိုယ်စားလှယ် ခန့်အပ်ရေး အပါအဝင် အချက် ၅ ချက်ပါ ဘုံသဘောတူညီချက်တရပ်ကို အာဆီယံအဖွဲ့က ချမှတ်ခဲ့တာ ရက်ပိုင်း ၁၀၀ ကျော်ကြာလာခဲ့ပေမဲ့ တိုးတက်မှု တစုံတရာ မရှိတဲ့အပေါ် နိုင်ငံတကာက ဖိအားတိုးပေးလာနေချိန်မှာ မစ္စတာ Yusof ကို အထူးကိုယ်စားလှယ်အဖြစ် အတည်ပြု ခန့်အပ်လိုက်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဧပြီလက အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာကျင်းပတဲ့ ကျင်းပတဲ့ မြန်မာ့အရေး အာဆီယံ အထူး ဆွေးနွေးပွဲမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ရေး၊ လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်ရေးနဲ့ အာဆီယံ အထူးကိုယ်စားလှယ်တဦး ခန့်ထားရေး အပါအဝင် ဘုံသဘောတူညီချက် ၅ ရပ်ကို အတည်ပြုထားတာ ဖြစ်ပါတယ်။

အဲဒီဆုံးဖြတ်ချက်ထဲမှာပဲ အထူးကိုယ်စားလှယ်အနေနဲ့ မြန်မာပဋိပက္ခအတွင်းက သက်ဆိုင်သူအားလုံးကို တွေ့ဆုံဆွေးနွေးမှုတွေလုပ်မယ်လို့ ဖော်ပြထားရာမှာ၊ ဖမ်းဆီးခံနေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရမရဆိုတာကတော့ ရှင်းရှင်းလင်းလင်းမရှိသေးပါဘူး။ ဒါပေမယ့် အာဆီယံအထူးကိုယ်စားလှယ်ကို အာဆီယံမူဘောင်အတွင်းကနေ ပူးပေါင်းဆောင်ရွက်သွားပါ့မယ်လို့တော့ မြန်မာစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က သူ့မိန့်ခွန်းထဲ ပြောဆိုထားပါတယ်။

အာဆီယံ အထူးသံတမန်အဖြစ် ခန့်အပ်ခံရတဲ့ မစ္စတာ Erywan Yusof ဟာ ပြီးခဲ့တဲ့ ဇွန်လက နေပြည်တော်ကို လာရောက်ခဲ့ဖူးပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် စစ်ကောင်စီက ခန့်အပ်ထားတဲ့ ဝန်ကြီးတချို့အပြင် စစ်ကောင်စီက ပြင်ဆင်ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့လည်း တွေ့ဆုံခဲ့ဖူးပါတယ်။