ရုရှားနိုင်ငံက ယူကရိန်းကို စစ်ရေးအရ တိုက်ခိုက်တဲ့လုပ်ရပ်ဟာ လက်ရှိ ၂၁ ရာစု နိုင်ငံတကာဆက်ဆံရေးလောကမှာ ကြီးမားတဲ့ မတည်ငြိမ်မှုကိုဖြစ်စေပြီး၊ ဒီကိစ္စကို အချိန်မီမတားဆီးနိုင်ရင် ကမ္ကာကြီးရဲ့ ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေ နောက်ပြန်လန် သွားလိမ့်မယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ထောက်ပြဝေဖန်နေပါတယ်။
ဖေဖော်ဝါရီလ ၂၄ ရက် မနေ့က မနက်အစောပိုင်းမှာပဲ ရုရုားစစ်တပ်က ယူကရိန်းနိုင်ငံကို ဒုံးကျည်တွေနဲ့ စတင်တိုက်ခိုက်တာကြောင့် မြို့တော်ကိယက်ဗ် အပါအဝင် နိုင်ငံတစ်ဝန်း ပေါက်ကွဲမှုတွေဖြစ်ခဲ့ပြီး၊ ယူကရိန်းပြည်သူတွေဟာ မြေအောက်ဘူတာရုံတွေ၊ ဗုံးခိုကျင်း တွေထဲမှာ ချက်ချင်းပုန်းခိုကြရသလို မြို့တော် ကိယက်ဗက်က ပြည်သူအများအပြား ဘေးလွတ်ရာကို ထွက်ပြေးနေကြရပါတယ်။
မွန်းလွဲပိုင်းမှာတော့ ရုရှားတပ်တွေက ယူကရိန်းနိုင်ငံထဲကို လမ်းကြောင်းမျိုးစုံကနေ ဝင်ရောက်ခဲ့ပြီး မြို့တော် ကိယက်ဗ် အနီးတစ်ဝိုက်မှာ နှစ်ဖက်တပ်တွေ တိုက်ပွဲတွေ ပြင်းထန်ခဲ့သလို ချာနိုဘိုင်းနျူကလီးယား စက်ရုံးဟောင်းနေရာ နိုင်ငံအရှေ့ပိုင်းနဲ့ တချို့ဒေသတွေမှာ နှစ်ဖက်ပစ်ခတ်မှုတွေဖြစ်နေပါတယ်။
ရုရှားရဲ့ တိုက်ခိုက်မှုကြောင့် မနေ့က တစ်ရက်တည်းမှာတင် ယူကရိန်းနိုင်ငံက စစ်သားနဲ့ အရပ်သားတွေအပါအဝင် စုစုပေါင်း လူ ၁၃၇ ယောက် သေဆုံးခဲ့တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီး (Volodymyr Zelenskyy) က ပြောပါတယ်။
ယူကရိန်းကို ရုရှားက စစ်ရေးအရ အခုလို ဝင်ရောက်တိုက်ခိုက်တာဟာ၂၁ ရာစု နိုင်ငံ တကာဆက်ဆံရေးလောကမှာ ကြီးမားတဲ့ ဝရုန်းသုန်းကားမှုကြီးကို ဖန်တီးလိုက်တာလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် က ဝေဖန်ပါတယ်။
“ယူကရိန်းကို စစ်ရေးအရ ရုရှားက ဝင်ရောက်တိုက်ခိုက်မှုဆိုတဲ့ ပြဿနာဟာ လက်ရှိ ၂၁ ရာစု နိုင်ငံတကာဆက်ဆံရေးလောကမှာ ကြီးမားတဲ့ ဝရုန်းသုန်းကားမှုကြီးကို ဖန်တီးလိုက်တာဖြစ်ပါတယ်။ တကယ်လို့ အဲဒီကိစ္စကို ကမ္ဘာကြီးက မတားဆီးနိုင်ဘူး ဆိုလို့ရှိရင် အင်ပါယာတွေ ပြန်လည်ထူထောင်တဲ့ ခေတ်ကြီးတစ်ခေတ်ကို ကမ္ဘာကြီးက ဆုတ်ယုတ်ကျဆင်းသွားလိမ့်မယ်။ ကမ္ဘာရဲ့ ဒီမိုကရေစီရေးကြိုးပမ်းမှုတွေ အားလုံး ဟာလည်း ထိခိုက်နစ်နာမှုနဲ့ နောက်ဆုတ်မှုတွေနဲ့ ကြုံရလိမ့်မယ်လို့ ကျနော်ယူဆ ပါတယ်”
ရုရှားသမ္မတ ပူတင်ရဲ့ ဒီတိုက်ခိုက်မှုကို တစ်ကမ္ကာလုံးက ဝိုင်းဝန်းတားဆီးဖို့လိုအပ်ပြီး၊ ရုရှားကို စီးပွားရေးပိတ်ဆို့တာနဲ့တင် မလုံလောက်ဘဲ တစ်ကမ္ကာလုံးကနေ စစ်ရေးအရ ပူးပေါင်းတုံ့ပြန်တဲ့ အစဉ်အလာတစ်ရပ်ကို ထူထောင်ဖို့ လိုအပ်တယ်လို့လည်း ဦးသန်းစိုးနိုင် က ပြောသွားပါတယ်။
ရုရှားရဲ့ကျူးကျော်မှုဟာ လက်နက်အားကိုးနဲ့ ယူကရိန်းရဲ့ အချုပ်အခြာအာဏာကို မလေးမစားလုပ်တာမို့ မြန်မာပြည်သူတွေလည်း ယူကရိန်းပြည်သူတွေနဲ့အတူ ရပ်တည် တယ်လို့ တက္ကသိုလ်ကျောင်းသားဟောင်းများ အင်အားစုက ကိုနန်းလင်းက ပြောပါတယ်။
“လက်ရှိ ရုရှားရဲ့ ယူကရိန်းအပေါ် ကျူးကျော်မှုက ကမ္ဘာ့လုံခြုံရေးအတွက်လည်း အင်မတန် စိုးရိမ်စရာကောင်းတဲ့ အခင်းအကျင်းဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုမျိုး အားကြီးတဲ့သူတွေ အာဏာရှင်တွေက ကမ္ဘာကြီးမှာ ခေါင်းထောင်လာတဲ့ကိစ္စ အင်မတန် စိုးရိမ်ဖို့ကောင်းတယ်လို့ ကျနော်တို့ မြင်တယ်။ ရုရှားရဲ့ ကျူးကျော်မှုမှာတော့ ယူကရိန်းရဲ့ ပြည်သူများနဲ့အတူ ကျနော်တို့ ရပ်တည်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါဟာ လက်နက်အားကိုးပြီးတော့မှ တိုင်းပြည်တစ်ခုရဲ့ အချုပ်အခြာအာဏာကို မလေးစားဘဲနဲ့ အားကြီးတယ်ဆိုပြီး ဒီလိုလုပ်ရပ်မျိုးကိုတော့ ကျနော်တို့က လက်ခံလို့မရပါဘူး”
“ အာဏာရှင်တွေက ကမ္ဘာကြီးမှာ ခေါင်းထောင်လာတဲ့ကိစ္စ အင်မတန် စိုးရိမ်ဖို့ကောင်းတယ်”
အာဏာသိမ်းပြီးမှ ရုရှားနဲ့ နီးနီးကပ်ကပ်ဆက်ဆံလာတဲ့ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း ကတော့ ရုရှားဟာ ငြိမ်းချမ်းရေးကို ထိန်း သိမ်းတဲ့နေရာမှာ ကမ္ဘာကြီးရဲ့ အာဏာချိန်ခွင်လျှာကို မျှခြေနေရာမှာ ထားနိုင်ဖို့အတွက် ဒီလိုလုပ်ရတာလို့ ပြောပါတယ်။
“နံပါတ်တစ်အနေနဲ့ ရုရှားနိုင်ငံရဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲစေရေးအတွက် လုပ်ဆောင်ခဲ့တဲ့ လုပ်ဆောင်ချက်လို့ မြင်ပါတယ်။ နံပါတ်နှစ် အနေနဲ့ကတော့ ရုရှားနိုင်ငံအနေနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းညှိထားတဲ့ ကမ္ဘာ့အင်အား ချိန်ခွင်လျှာ ညီမျှရေးမှာ အင်အားကြီးနိုင်ငံတစ်ခုအဖြစ် ရပ်တည်လျက်ရှိကြောင်း ကမ္ဘာ့ကို လက်တွေ့ ပြသနိုင်ခဲ့ခြင်းလို့ပဲ မြင်ပါတယ်”
ဒီနေ့မနက်ပိုင်းမှာလည်း ယူကရိန်းနိုင်ငံ မြို့တော် ကိယက်ဗ်ဟာ ရုရှားဘက်က ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တာကို ရင်ဆိုင်နေရပါတယ်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီး က အခုကျူးကျော်စစ်ကို ယူကရိန်းတစ်နိုင်ငံ တည်း ခုခံကာကွယ်နေရပြီး၊ ကမ္ဘာ့အင်အားကြီးတပ်ဖွဲ့တွေကတော့ ယူကရိန်းကို အဝေး ကပဲ စောင့်ကြည့်နေတယ်လို့ ဖေဖော်ဝါရီ ၂၅ ရက် ဒီကနေ့ တိုင်းပြည်ကိုပြောတဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုသွားပါတယ်။
ရုရှားရဲ့ ကျူးကျော်စစ်ကို အမေရိကန်၊ အီးယူနဲ့ NATO အဖွဲ့ကြီးက ဝင်ပါရင် ကမ္ဘာစစ်ကြီး ဖြစ်လာနိုင်သလို မပါပြန်ရင်လည်း ဒီစစ်ပွဲမှာ ယူကရိန်းရှုံးနိမ့်ပြီး ရုရှားဖြစ်ချင်တာတွေပဲ ဖြစ်သွားလိမ့်မယ်လို့ မြန်မာနိုင်ငံက စစ်ကောင်စီကို လက်နက်ကိုင်ခုခံနေတဲ့ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ရဲဘော် ဝေကြီး က ပြောပါတယ်။
“လက်ရှိ ကမ္ဘာ့အခင်းအကျင်းမှာလည်း NATO တို့ အီးယူနဲ့ အမေရိကန်လိုနိုင်ငံတွေက စစ်ပွဲထဲကို ဝင်ပါဖို့ တော်တော်စဉ်းစားရတဲ့ အခြေအနေကို ရောက်နေတော့ သူဒါကို လုပ်လို့ရတယ်ထင်လို့ လုပ်လိုက်တယ်ထင်ပါတယ်။ ယူကရိန်းကတော့ ရုရှားကို အန်တု နိုင်တဲ့အနေအထားတော့မရှိဘူး။ ဒါပေမဲ့ ယူကရိန်းရဲ့နောက်မှာရှိတဲ့ အမေရိကန်တို့ အီးယူတို့ NATO တို့က ဒီကိစ္စထဲမှာ ဝင်ပါမလား၊ မပါဘူးလား ဆိုတဲ့အပေါ်မှာပဲ မူတည်မှာ။ မပါဘူးဆိုရင်တော့ ဒီအတိုင်းပဲ ရုရှားကပဲ အားသာပြီးတော့ ရုရှားဖြစ်ချင် တာတွေပဲ ဖြစ်သွားမှာပါ့နော်။ ပါတယ်ဆိုရင်တော့ ကမ္ဘာအတွက်လည်း အန္တရာယ် များတယ်၊ ကမ္ဘာစစ်ကြီးလည်း ဖြစ်သွားနိုင်တဲ့ အနေအထားပေါ့နော်”
မြန်မာနိုင်ငံရဲ့ စစ်တပ်အာဏာသိမ်းမှုနဲ့ ရုရုားက ယူကရိန်းပေါ် ကျူးကျော်တိုက်ခိုက်မှုဟာ ပုံသဏ္ဍန်ခြင်း မတူပေမဲ့ အင်အားနဲ့ ဖိနှိပ်တာ၊ အနိုင်ကျင့်တာတွေကတော့ တူနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် က ပြောပါတယ်။
“အခြေခံအားဖြင့် ကြည့်မယ်ဆိုရင်တော့ ဒါအင်အားနဲ့ ဖိနှိပ်တယ်။ အနိုင်ကျင့်တယ် ဆိုတဲ့ သဘောတရားခြင်း သွားတူတာတော့ရှိပါတယ်။ နိုင်ငံတကာအနေနဲ့ ကြည့်မယ် ဆိုရင်တော့ နယ်စပ်ဖြတ်ကျော်ပြီးတော့ နိုင်ငံတကာ နယ်နိမိတ်တွေကို ကျူးကျော် ပြီးတော့၊ ကျော်လွန်ပြီးတော့၊ အချုပ်အခြာအာဏာပိုင်နိုင်ငံတွေ အချင်းချင်း တိုက်ခိုက် ကြတဲ့ အနေအထားကတော့ ပထဝီအနေအထားအရ ဆက်စပ်နေတဲ့ နိုင်ငံတွေအတွက် ရော မဟာမိတ်နိုင်ငံတွေ အချင်းချင်းကြားမှာရော ပိုပြီးတော့ သတိထားစရာ၊ စိုးရိမ်စရာ၊ ကြောက်ရွံ့စရာ ဖြစ်လာတဲ့ အနေအထားဖြစ်တဲ့အတွက်ကြောင့် ပါဝါချိန်ခွှင်လျှာ မျှခြေတွေကိုကြည့်ပြီးတော့ ဒီလိုတုံ့ပြန်ကြတယ်။ ပထဝီနိုင်ငံရေး အနေအထား တွေလည်းပါမယ်။ ပထဝီနိုင်ငံရေး အကျိုးစီးပွားတွေကလည်း အဲဒီမှာ ပိုကဲတယ် ပေါ့နော်”
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးကတော့ ရုရှားရဲ့ တိုက်ခိုက်မှုကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ယူကရိန်း ဒုက္ခသည်အရေအတွက်ဟာ ချက်ချင်းပဲ တစ်သိန်းကျော်သွားကြောင်း ထုတ်ပြန်ထားပါတယ်။
စတင်တိုက်ခိုက်ခဲ့တဲ့ ရုရှားနိုင်ငံမှာတော့ မြို့တော် မော်စကိုနဲ့ အခြားမြို့ကြီးတွေမှာပါ စစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေဖြစ်ပေါ်ခဲ့ပြီး ဆန္ဒပြသူ ထောင့်ငါးရာကျော် အဖမ်းခံလိုက်ရ ကြောင်း ဒီကနေ့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြထားပါတယ်။