အကျဉ်းသား လွှတ်ရန်နှင့် သဘောတူညီချက် လိုက်နာရန် မြန်မာကို အာဆီယံ တိုက်တွန်း


နိုင်ငံရေးအကျဉ်းသားများအားလုံးကို လွှတ်ပေးရန် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အထူးသံတမန်များက စစ်ကောင်စီကို တောင်းဆိုခဲ့ပြီး ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုအပြီးဖြစ်ပေါ်နေသော ဖရိုဖရဲအခြေအနေများ အဆုံးသတ်ရေး ဒေသတွင်း ဘုံသဘောတူညီချက်များ အကောင်အထည်ဖေါ်ရေးကို ဆွေးနွေးခဲ့ကြောင်း ASEAN က ထုတ်ပြန်ကြေညာသည်။

မြန်မာစစ်ကောင်စီသည် ဧပြီလက မြန်မာအပါအဝင် အရှေ့တောင်အာရှ ၁၀ နိုင်ငံအကြား သဘောတူခဲ့သည် အချက် ၅ ချက်ကို ဂရုစိုက်သည့် လက္ခဏာမပြသလောက်ပင်ဖြစ်သည်။ ထိုသဘောတူညီချက်များသည် အကြမ်းဖက်မှုအဆုံးသတ်ရေး၊ နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးရေးနှင့် ဒေသတွင်း အထူးသံတမန် တဦးခန့်အပ်ရေးတို့ပါဝင်သည်။

ASEAN အထူးသံတမန်များသည် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သောကြာနေ့က နေပြည်တော်တွင် တွေ့ဆုံခဲ့သည်။

ဇွန်လ ၅ ရက် ရက်စွဲတပ်ထားသည့် ASEAN ကြေညာချက်တွင် ထိုခရီးစဉ်၏ ရည်ရွယ်ချက်မှာ အထက်ဖေါ်ပြပါ အချက် ၅ ချက်ကို အကောင်အထည်ဖေါ်ခြင်းဖြင့် မြန်မာပြည်သူတို့၏ အကျိုးစီးပွားအတွက် မည်ကဲ့သို့ ငြိမ်းချမ်းသော အဖြေရှာမည်ကို ဆွေးနွေးရန်ဖြစ်ကြောင်း ဖေါ်ပြထားသည်။

၎င်းတို့သည် “အမျိုးသမီးများ၊ ကလေးများနှင့် နိုင်ငံခြားသားများအပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံးကို လွှတ်ပေးရန်” တောင်းဆိုခဲ့ကြောင်းလည်း ထိုကြေညာချက်က ဆိုသည်။ ထိုတောင်းဆိုမှုသည် ဘုံသဘောတူညီချက်တွင် ပါဝင်ခြင်း မရှိသော်လည်း ASEAN အဖွဲ့ဝင်အများအပြားက ထောက်ခံသော တောင်းဆိုချက်ဖြစ်သည်။

စစ်ကောင်စီ၏ ဂလိုဘယ်နယူးလိုက်အော့ဖ်မြန်မာသတင်းစာကမူ ထိုအစည်းအဝေးတွင် ASEAN ၏ကနဦး စစ်တမ်းမှ အကြံပြုချက်များကို အကောင်အထည်ဖေါ်ရေး၊ စစ်ကောင်စီဆန့်ကျင်သူများ၏ အကြမ်းဖက်မှုများနှင့် စစ်ကောင်စီ၏ရွေးကောက်ပွဲ ကျင်းပရန် အစီအစဉ်တို့ကို ဆွေးနွေးခဲ့ကြောင်း ဖေါ်ပြသည်။

စစ်ကောင်စီသည် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ အစိုးရထံမှ အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် လူပေါင်း ၄၅၀၀ ကျော်ကို ဖမ်းဆီးထားသော်လည်း နိုင်ငံကို ထိန်းချုပ်နိုင်ခြင်းမရှိပေ။ လူအနည်းဆုံး ၈၄၉ ဦးကိုလည်း စစ်ကောင်စီကသတ်ဖြတ်ခဲ့ကြောင့် လူ့အခွင့်အရေးအဖွဲ့တခုပြောသည်။ စစ်ကောင်စီက ထိုကိန်းဂဏန်းကို ငြင်းသည်။

ASEAN က စစ်ကောင်စီကို ပြင်းထန်သော အရေးယူမှု မရှိသောကြောင့် စိတ်ပျက်ကြောင်း စစ်ကောင်စီ ဆန့်ကျင်သူများပြောသည်။

မြန်မာနိုင်ငံ အကျပ်အတည်းကို ယခုအပတ် ချုံချင့်တွင် ကျင်းပနေသည့် ASEAN-တရုတ် နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးတွင်လည်း ဆွေးနွေးမည်ဟု မျှော်လင့်ရသည်။ စစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီး ဝဏ္ဏမောင်လွင်လည်း ထိုအစည်းအဝေး တက်ရောက်နေသည်။

တရုတ်သံအမတ်သည် စစ်ကောင်စီအကြီးအကဲ မင်းအောင်လှိုင်ကို စနေနေ့က တွေ့ဆုံခဲ့သည်။

ဘုံသဘောတူညီချက်များ အကောင်အထည်ဖေါ်ရေး ညှိနှိုင်းဆွေးနွေးရန် မြန်မာက စိတ်အားထက်သန်ကြောင်း တရုတ်နိုင်ငံပိုင် ဂလိုဘယ်တိုင်းမ်သတင်းစာက ရေးသားသည်။ ဘုံသဘောတူညီချက်များအကောင်အထည်ဖေါ်ရေးကို တရုတ်နိုင်ငံက ထောက်ခံကြောင်း တရုတ်သံအမတ်က ပြောခဲ့သည်ဟုလည်း ထိုသတင်းစာကဖေါ်ပြသည်။

စစ်ကောင်စီဆန့်ကျင်သူများသည် တရုတ်နိုင်ငံ ပါဝင်ပတ်သက်မှုကို စိုးရိမ်မကင်းကြပေ။ တရုတ်သည် အနောက်နိုင်ငံများနှင့်မတူဘဲ မြန်မာစစ်အာဏာသိမ်းမှုကို ရှုတ်ချခြင်း မရှိပေ။

ဒေါ်အောင်ဆန်းစုကြည်အပြတ်အသတ်နိုင်သည့် ၂၀၂၀ နိုဝင်ဘာလ ရွေးကောက်ပွဲတွင် မဲလိမ်မှု စွပ်စွဲချက်များကို ရွေးကောက်ပွဲအာဏာပိုင်များက ပယ်ချသော ကြောင့် အာဏာသိမ်းရသည်ဟု စစ်ကောင်စီက အကြောင်းပြသည်။ ဒေါ်အောင်ဆန်းစုကြည်သည် စွဲချက်အများအပြားကို ရင်ဆိုင်နေရပြီး ယနေ့ တနင်္လာနေ့တွင် ရုံးထုတ်ခဲ့သည်။

ကိုးကား။ ။ Reuters

အာဏာသိမ်းမှုအပေါ် လူထုတုံ့ပြန်မှု ပြင်းထန်မည်ဟု မထင်ခဲ့ကြောင်း စစ်ခေါင်းဆောင်ဝန်ခံ


စစ်တပ်က အာဏာသိမ်းမှုအပေါ် လူထု၏ တုံ့ပြန်မှု ယခုကဲ့သို့ ပြင်းထန်လာမည်ဟု မထင်မိခဲ့ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်နိုင်ငံမှ Phoenix ရုပ်သံမီဒီယာနှင့် အင်တာဗျူးတွင် ထုတ်ဖော် ဝန်ခံလိုက်သည်။

အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား တရုတ် Phoenix ရုပ်သံမီဒီယာက မေ ၂၀ရက်နေ့က မေးမြန်းခဲ့ခြင်းဖြစ်သော်လည်း ယင်းအင်တာဗျူးကို ယနေ့မှ နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာနှင့် စစ်တပ်ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားခြင်းဖြစ်သည်။

Phoenix ရုပ်သံမီဒီယာက “ပြီးခဲ့သည့် နိုင်ငံရေးဖြစ်စဉ်အပြီး ပြည်သူများ၏ တုန့်ပြန့်မှုများ ပြင်းထန်လာမည့် အခြေအနေ မျိုးကို ကြိုတင်မျှော်မှန်းထားခဲ့သလား” ဆိုကာ မေးမြန်းခြင်းဖြစ်ပြီး၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်သူများ အနေ ဖြင့် ခံစားချက်တော့ ရှိမည် ထင်သော်လည်း ယခုကဲ့သို့ များလိမ်မည် မထင်ကြောင်း ဝန်ခံခဲ့သည်။

ထို့အပြင် အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်နေသည့် လူထုအုံကြွမှုကို ၁၉၅၆ ခု ဖဆပလ အစိုးရလက်ထက် မေးခွန်းပေါက် ခဲ့၍ စာမေးပွဲ ရွှေ့ဆိုင်းလိုက်သဖြင့် ၇ တန်း ကျောင်းသူ/သားများ မကျေနပ်၍ ဆန္ဒပြခဲ့ကြသည့် ဟယ်ရီတန် အရေးအခင်း နှင့် ဥပမာပေး ပြောဆိုခဲ့သည်။

၎င်းက “ဒီဖြစ်စဉ်လည်း ဒီလိုပဲ။ ရိုးရိုးသားသားဖြေတဲ့၊ ထောက်ခံတဲ့သူတွေကလည်း သူတို့ ရိုးရိုးသားသားဖြေတဲ့ ထောက်ခံ တဲ့ဟာကို ကျနော်တို့က ဒါတွေ မဟုတ်ဘူးဆိုပြီးတော့ မမှန်ဘူးပြောတဲ့အချိန်မှာ သူတို့ မကျေနပ်လို့ ဆန္ဒပြတာလည်း ရှိ လိမ့်မယ်။ မရိုးမသား လုပ်တဲ့သူတွေကလည်း မရိုးမသားလုပ်တာတွေကို မဟုတ်ဘူးလို့ ပြောတဲ့အချိန်မှာ သက်သေမပြနိုင် ရင် သူတို့ တရားစွဲခံရမယ်။ ဒါကို ပျောက်အောင်ဆိုပြီး ဆန္ဒပြတဲ့ ဖြစ်စဉ်မျိုးတွေ ဖြစ်တယ်။ ဒါကြောင့် ဒါဟာ အင်အား အင် မတန် ကြီးမားလာတာ ဖြစ်ပါတယ်” ဟု ပြောသည်။

တနှစ်လုံး စာကြိုးစားလာခဲ့ရသည့် ကျောင်းသားများက စာမေးပွဲ ဖျက်လိုက်သည့်အတွက် မကျေနပ်၍ ဆန္ဒပြခဲ့ကြသလို စာမေးပွဲမေးခွန်းကို ပိုက်ဆံပေးဝယ်ထားကြသော တချို့လူများကမူ ၎င်းတို့ ပိုက်ဆံ အကုန်ကျခံထားရပြီး စာမေးပွဲ ပယ်ဖျက်ခြင်း ခံလိုက်ရခြင်းအတွက် မကျေနပ်သဖြင့် ဆန္ဒပြဆူပူမှုဖြစ်ခဲ့ကြောင်း၊ ယခုလည်း ထိုကဲ့သို့ ဖြစ်နေကြောင်း ခိုင်းနှိုင်းပြောဆိုသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်အမတ်များနှင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော် ကိုယ် စားပြုကော်မတီ (CRPH) နှင့် CRPH က ဖွဲ့စည်းထားသော အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) တို့ကို မတရားအသင်း နှင့် အကြမ်းဖက်အဖွဲ့များအဖြစ် ကြေညာထားပြီး ဖြစ်သည့်အတွက် နိုင်ငံတကာက အသိအမှတ် မပြုရေးနှင့် ထိုအဖွဲ့များ သည် လေထဲတွင်သာ အလုပ်လုပ်နေကြသည့် အဖွဲ့ဖြစ်ကြောင်းလည်း ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ တဦးက “သူက အကြွင်းမဲ့အာဏာ၊ အာဏာအလုံးစုံကို ရယူချင်တဲ့သဘောလေ။ အရင်က ၂၀၀၈ ဖွဲ့စည်းပုံအရ ပြောရင် သူက သမ္မတ ဖြစ်ချင်တာ။ ဒါပေမယ့် လက်တွေ့မှာကျတော့ ဇူလိုင်လဆိုရင် စစ်ဥပဒေအရ ရာထူးက နုတ်ထွက်ရမယ့် အခြေအနေဖြစ်တော့ သူမှာ တခြားလုပ်စရာမရှိတော့ အာဏာသိမ်းတာပဲလေ။ မြန်မာနိုင်ငံကို စစ်အာဏာရှင်စနစ်နဲ့ ဆက်လက် ကြီးစိုးနိုင်မယ့်အတွေးမျိုးပဲ သူ့မှာရှိလိမ့်မယ်” ဟု မှတ်ချက်ပြုသည်။

မြန်မာနိုင်ငံသည် နှစ်ပေါင်း ၅၀ ကျော်ကြာ အာဏာသိမ်း စစ်ဗိုလ်ချုပ်ကြီးများ လက်အောက်တွင်သာ နေထိုင်ခဲ့ကြရပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဦးဆောင်သည့် အစိုးရ သက်တမ်း ၅ နှစ်အတွင်း ရရှိခဲ့သော တဦးချင်းလွတ် လပ်ခွင့်များ၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု အခြေအနေများအပြင် ပြည်သူတဦးချင်းစီအတွက် အနာဂတ် မျှော်လင့်ချက်များ ရှိလာစေသည့် အခြေအနေများကို စစ်အာဏာသိမ်းမှုက ဖျက်ဆီးလိုက်သည့်အတွက် ပြည်သူများ၏ တုံ့ပြန်မှု ပြင်းထန် ရခြင်း ဖြစ်သည်ဟုလည်း ၎င်းက သုံးသပ်ပြောဆိုသည်။

စစ်တပ်က အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်မှ ယနေ့အချိန်အထိ စစ်ကောင်စီ၏ တပ်ဖွဲ့များ အကြမ်းဖက် ဖမ်းဆီး သတ်ဖြတ်မှုများကြောင့် အရွယ်မရောက်သေးသည့် ကလေးငယ်များ အပါအဝင် လူပေါင်း ၈၀၀ ကျော် သေဆုံးခဲ့ပြီး နိုင်ငံရေးသမား၊ ကျောင်းသားလူငယ်များ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ အနုပညာရှင်များ အပါအဝင် အရပ် သားပြည်သူ ၄၅၀၀ ကျော်ကိုလည်း ဖမ်းဆီးထောင်ချထားသည်။

 

By ဧရာဝတီ 4 June 2021