အိုမီခရွန်က အခြားမျိုးကွဲများလောက် မပြင်းထန်ကြောင်း ကနဦးလေ့လာမှုက ပြသ


By ဧရာဝတီ 10 December 2021

ကိုရိုနာဗိုင်းရပ်စ် အိုမီခရွန်မျိုးကွဲကြောင့် တောင်အာဖရိကတွင် ကိုဗစ်နိုင်တင်း ကူးစက်မှု မြင့်မားနေစဉ် အိုမီခရွန်သည် အခြားဗိုင်းရပ်စ်မျိုးကွဲများလောက် မပြင်းထန်ကြောင်း လေ့လာမှုအသစ်တခုက ကနဦး ပြသနေသည်။

မြို့တော် ပရီတိုးရီးယားရှိ Steve Biko Academic and Tshwane District ဆေးရုံမှ ဆရာဝန်များသည် လွန်ခဲ့သော အပတ်က ကိုဗစ်နိုင်တင်းလူနာ ၄၂ ဦးကို လေ့လာခဲ့သည်။ ထိုလူနာများအနက် ၂၉ ဦးသည် သာမန်လေကိုသာ ရှူကြပြီး ကျန်လူနာ ၁၃ ဦးအနက် အောက်ဆီဂျင်ပေးရသူ ၄ ဦးမှာ အခြားမသက်ဆိုင်သည့် ဗိုင်းရပ်စ်များကြောင့် အောက်ဆီဂျင် ပေးရသည်။

နိုဝင်ဘာလ ၁၄ ရက်မှ ၂၉ ရက်နေ့အတွင်း ဆေးရုံတင်ခဲ့ရသော ကိုရိုနာဗိုင်းရပ်စ်လူနာ ၁၆၆ ဦးသည် ပျမ်းမျှအားဖြင့် ၂ ဒဿမ ၈ ရက်သာ ဆေးရုံတက်ရပြီး ၇ ရာခိုင်နှုန်အောက်သာ သေဆုံးမှုရှိကြောင်း တောင်အာဖရိက ဆေးသုတေသနကောင်စီမှ ခုခံမှုကျရောဂါနှင့် အဆုတ်ရောဂါသုတေသနရုံးမှ ညွှန်ကြားရေးမှူး ဒေါက်တာ ဖာရိ အဗဒူလာ ပြောသည်။

နှိုင်းယှဉ်ကြည့်မည်ဆိုပါက ထိုဆေးရုံတွင် လွန်ခဲ့သော ၁၈ လအတွင်း ကိုဗစ်နိုင်တင်းလူနာများသည် ဆေးရုံတွင် ၈ ဒဿမ ၅ ရက်နေရပြီး သေဆုံးမှုနှုန်း ၁၇ ရာခိုင်နှုန်းရှိသည်။

လူနာ ၁၆၆ ဦးမှာ အသက် ၅၀ အောက်များဖြစ်ပြီး ယခင် ကိုဗစ်နိုင်တင်းလှိုင်းများအတွင်း လူနာများသည် ပိုမို အသက်ကြီးနေကြောင်း ထိုအစီရင်ခံစာက ဆိုသဖြင့် တောင်အာဖရိကတွင် အသက် ၅၀ အထက်များကို ကာကွယ်ဆေးထိုးမှုမြင့်မားခြင်းကို ပြသနေသည်။

ထိုလေ့လာမှုကို အခြားပညာရှင်များက လေ့လာသုံးသပ်ခြင်း မပြုရသေးကြောင်းနှင့် လူနာမည်မျှကို အိုမီခရွန်ကူးစက်သည်ကို မသိသေးကြောင်း ဒေါက်တာ အဗဒူလာ သတိပေးသည်။

လွန်ခဲ့သော အပတ် တနင်္လာနေ့က ကူးစက်မှုသစ် ၂၃၀၀ သာရှိရာမှ ၁၆၀၀၀ အထိ သိသိသာသာ တိုးလာကြောင်း ကူးစက်ရောဂါများဆိုင်ရာ တောင်အာဖရိက အမျိုးသားအင်စတီကျုကပြောသည်။

ထိုသို့တိုးလာခြင်းသည် ကပ်ရောဂါဖြစ်ပွားမှုသမိုင်းတွင် ယခင်ကမရှိကြောင်းနှင့် တောင်အာဖရိကတွင် စတုတ္ထလှိုင်းဖြစ်နေကြောင်း အထက်ပါ ဌာနကပြောသည်။

တောင်အာဖရိက ကိုဗစ်နိုင်တင်းဆိုင်ရာ သမ္မတ၏အကြံပေးကော်မတီတွင်တာဝန်ထမ်းစဆောင်သည့် ကူးစက်ရောဂါပါရဂူ အီယန်ဆန်းက လာမည့်ရက်သတ္တပတ်များနှင့်လများတွင် လူနာများအကြီးအကျယ် တိုးလာမည်ဖြစ်ကြောင်းနှင့် အောက်ဆီဂျင် အလုံအလောက်ထားရန် ဆေးရုံများကို အကြံပေးထားသည်။

ကိုးကား။ ။ New York Times, VOA