ဒေါ်အောင်ဆန်းစုကြည် လာဘ်စားခဲ့တယ်ဆိုတဲ့ ဦးဖြိုးမင်းသိန်းရဲ့ ထွက်ဆိုချက် သက်သေခံပစ္စည်းမရှိ


ဒေါ်အောင်ဆန်းစုကြည်ကို ရွှေခုနစ် ပိဿာနဲ့ ဒေါ်လာ ခြောက်သိန်း ပေးခဲ့တယ်ဆိုတဲ့ ရန်ကုန်တိုင်း ဝန်ကြီး ချုပ် ဦးဖြိုးမင်းသိန်းရဲ့ ထွက်ဆိုချက်ဟာ ဘာသက်သေခံပစ္စည်းမှ မရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုလိုက်ရှေ့နေ ဦးကြည်ဝင်းက ပြောပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နေပြည်တော် မြို့တော်ဝန် ဒေါက်တာ မျိုးအောင်၊ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးနဲ့ စည်ပင်ကော်မတီဝင် ဦးမင်းသူတို့ကို မနေ့က နေပြည်တော် အထူးတရား ရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ စစ်ကောင်စီက စွဲဆိုထားတဲ့ အမှုအတွက် စစ်ဆေးခဲ့တာဖြစ်ပါ တယ်။ ဒီအမှုအတွက် တရားလို စစ်ကောင်စီဘက်က အဓိကသက်သေအဖြစ် တင်ထားတဲ့ ဦးဖြိုးမင်းသိန်းကို ရှေ့နေတွေက အပြန်အလှန်မေးခွန်း ထုတ်ခဲ့ကြပါတယ်။

“ ကိုဖြိုးမင်းသိန်း ကိုယ်တိုင်လည်း တကယ်အဲဒါမျိုးကို လုပ်ခဲ့မှာ မဟုတ်ဘူးဗျ”

ဒေါ်အောင်ဆန်းစုကြည်ကို ရွှေခုနစ်ပိဿာနဲ့ ဒေါ်လာခြောက်သိန်း ပေးခဲ့တယ်ဆိုတဲ့ ဦးဖြိုးမင်းသိန်းရဲ့ ထွက်ဆိုချက်နဲ့ ပတ်သက်လို့ တကယ်ပေးတာ ဟုတ်၊ မဟုတ် ပေါ်လွင်အောင် စစ်ဆေးမေးမြန်းခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဦးကြည်ဝင်းက RFA ကို ပြောပါတယ်။

“ဦးဖြိုးမင်းသိန်းကို အပြန်အလှန်မေးခွန်းစပြီးတော့ မေးတာပေါ့။ ဦးဖြိုးမင်းသိန်းက ဒါတွေပေးတယ်။ သုံးကြိမ်ခွဲပေးတယ်။ သုံးကြိမ်ခွဲပေးတာ နေ့ရက်တွေ မမှတ်မိဘူးလို့ ဟုတ်လားဆိုတော့ နေ့ရက်တော့ မမှတ်မိဘူးတဲ့ နှစ်ကတော့ ဘယ်နှစ်ခုနှစ်က ဘယ်လကတော့ ပြောတော့ပြောတယ်။ နေ့ရက်တွေကို သူမှတ်မိဘူး။ ဦးဖြိုးမင်းသိန်းက ပေးတယ်သာဆိုတာ ဒေါ်အောင်ဆန်းစုကြည်ဆီမှာ အဲဒီပစ္စည်းတွေကို စုံစမ်းစစ်ဆေးတဲ့အဖွဲ့က ရှာဖွေလို့ရရှိခြင်းမရှိဘူးလို့ အဲဒီလိုသူ့ကို ကိုယ်ကပြောလိုက်တဲ့အခါကျတော့ ဒါတော့ ကျနော်လည်း မသိဘူးတဲ့။ သူက အဲဒီလိုပဲ အဲလောက်ပါပဲ။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်က ကိုယ့်ကိုပြောထားတာက ပေးစရာအကြောင်းလည်း မရှိဘူးတဲ့။ ကျမ ယူစရာအကြောင်းလည်း မရှိဘူးတဲ့။ ယူဖို့အကြောင်းလည်း မရှိဘူးတဲ့။ ပေးဖို့အကြောင်းလည်း မရှိဘူးတဲ့”

ဒီအမှုအတွက် တရားလိုဖြစ်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် စစ်ဆေးရေးမှူး ဦးရဲထက်ကို စစ်မေးတဲ့အခါမှာလည်း ဦးဖြိုးမင်းသိန်း ပေးခဲ့တယ်ဆိုတဲ့ ရွှေနဲ့ ဒေါ်လာတွေကို ဒေါ်အောင်ဆန်းစုကြည်ဆီ ကနေ သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းရမိခဲ့တာ မရှိဘူးလို့ ထွက်ဆိုထားကြောင်း ရှေ့နေ ဦးကြည်ဝင်းက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ နောက်ထပ် အမှု သုံးခုအတွက်လည်း တရားလို ဦးရဲထက်က မနေ့က ရုံးတော်မှာ ထွက်ဆိုချက်ပေးခဲ့ပါတယ်။

တရားလို ဦးရဲထက်ရဲ့ထွက်ဆိုချက်တွေဟာ ကိုယ်တိုင်မြင်ရကြားရတာ မဟုတ်ဘဲ တဆင့်ကြားရတဲ့ အ ကြောင်းအရာတွေကို ထွက်ဆိုတာဖြစ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက တရားခွင်ထဲမှာ ထကန့်ကွက်ခဲ့တယ်လို့ ရှေ့နေ ဦးကြည်ဝင်းက ပြောပါတယ်။

“တရားလိုဘက် စစ်တယ်။ တရားလိုကလည်း စစ်တဲ့အခါမှာ သူစုံစမ်းစစ်ဆေးလို့ သက်သေထွက်ချက် တွေကို အကုန်လုံးတစ်ခါတည်း အစအဆုံး ဘယ်သူက ဘယ်လိုဆိုပြီးတော့ အဲဒါ ဆောင်းပါးရှည်ကြီးလိုပဲ ဝတ္တုကြီးလိုပဲရေးပြီး လျှောက်ပြောနေတော့ အဲဒါ ကိုယ်တိုင်လည်းသိတာ မဟုတ်ဘူးတဲ့ တဆင့်ကြားတွေ က သက်သေခံပုဒ်မ ၆၀ နဲ့ မကိုက်ဘူးဆိုပြီး ကန့်ကွက်တယ်။ ထကန့်ကွက်ကြတယ်။ အမှန်ကတော့ သက်သေခံဥပဒေ ပုဒ်မ ၆၀ အရ သက်သေခံတာ တိုက်ရိုက် ကိုယ်တိုင် မြင်၊ ကြား၊ သိ အာရုံငါးပါးနဲ့ သိမှ ကြားရင်လည်းကြားတယ်။ နံရင်လည်းနံတယ် မွှေးရင်လည်းမွှေးတယ်။ အာရုံနဲ့ အကုန်လုံး သိမြင်ပြီးမှ သာလျှင် သက်သေခံတာ၊ သက်သေခံဝင်တာ သူများပြောတာတော့ တဆင့်ကြားပဲ”

ဒေါ်အောင်ဆန်းစုကြည်ကို စွဲထားတဲ့ အဂတိလိုက်စားတယ်ဆိုတဲ့ အမှုတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော် လရောင်တောမှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း စိုက်ပျိုးအသက်မွေးပညာ သင်တန်းကျောင်း စီမံကိန်းဆောင်ရွက်ဖို့ မြေကွက် ဧက ၁၀၁ ဒသမ ၃၃ ဧကကို ယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်လည်း ပါပါတယ်။

ဒီစွပ်စွဲချက်မှာတော့ နေပြည်တော် မြို့တော်ဝန် ဒေါက်တာ မျိုးအောင်နဲ့ နေပြည်တော် စည်ပင်ကော်မတီဝင် ဦးမင်းသူတို့နဲ့အတူ အမှုတွဲစင်ထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ အများပြည်သူ လှူတဲ့ငွေတွေကိုယူပြီး နေပြည်တော် လရောင်တောမှာပဲ နောက်ထပ်အိမ်တစ်အိမ်ေ ဆာက်လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်လည်း ပါပါတယ်။

နောက်ထပ် အဂတိလိုက်စားတယ်ဆိုတဲ့ အမှုတစ်မှုကတော့ နေပြည်တော် ဥတ္တရသီရိမြို့နယ်ထဲက ၂၃ ဧကကျော်ကျယ်တဲ့ မြေကွက် တစ်ကွက်ကို လျှောက်ထားရယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ဖြစ်ပါတယ်။ ဒီအမှုမှာတော့ နေပြည်တော် မြို့တော်ဝန် ဒေါက်တာ မျိုးအောင်၊ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးတို့ကိုပါ စွဲထားတာဖြစ်ပါတယ်။

ဒီအမှုတွေကိုတော့ နောက်တစ်ပတ် သောကြာနေ့ အောက်တိုဘာ ၁၅ ရက်ကို ချိန်းဆိုထားပြီး တရားလိုက အပြန်အလှန်စစ်ဆေးတာတွေ ပြုလုပ်ရမှာပါ။

အဂတိအမှုတွေအတွက် အောက်တိုဘာလ ၁၅ ရက်နေ့ကို ထပ်မံရုံးချိန်းချိန်းဆိုလိုက်ပြီး အဲဒီနေ့မှာတော့ တရားလိုက ဒေါ်အောင်ဆန်းစုကြည်တို့ကို အပြန်အလှန် မေးခွန်းမေးစစ်ဆေးပါမယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ သူကိုစွဲထားတဲ့အမှုတွေကများပြီး တစ်ပတ်မှာ လေးရက်လောက် ရုံးထုတ် စစ်ဆေးခံနေရတာကြောင့် အမှုတွေကို နှစ်ပတ်တစ်ခါ စစ်ဆေးပေးဖို့ တရားရုံးကို လျှောက်လွှာတင်ထား ပါတယ်။ ဒီတောင်းဆိုချက်နဲ့ ပတ်သက်လို့ တရားရုံးက လာမယ့်ရုံးချိန်းမှာ အဆုံးအဖြတ်ပေးရပါမယ်။

phyominthein.jpg
(ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို တွေ့ရစဉ်)

ဒေါ်အောင်ဆန်းစုကြည်အမှုနဲ့ ပတ်သက်လို့ ဦးဖြိုးမင်းသိန်းဟာ တရားခွင်မှာ မမှန်မကန် ထွက်ဆိုခဲ့တယ်လို့ ဦးဖြိုးမင်းသိန်းရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းလည်းဖြစ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီဝင်လည်း ဖြစ်သူ ဦးဘိုဘိုဦးက ပြောပါတယ်။

“ရွှေပိဿာနဲ့ချီပြီး ဒေါ်လာတွေ အထုပ်ကြီး ဒီလောက်ကြီး အလေးကြီးကို ဝန်ကြီးချုပ်တစ်ယောက် ကနေပြီးတော့ သူ့ကို ပေးဖို့ဆိုတာ ဘယ်သူမှ မလုပ်ရဲ စိတ်ကူးထဲတောင် မထည့်ရဲတဲ့ အလုပ်မျိုးပါဗျာ။ အဲလိုပဲ ကျနော် သုံးသပ်ပါတယ်။ အဲဒါတော့ ကျနော် ယုံကြည်ပါတယ်။ ကိုဖြိုးမင်းသိန်း ကိုယ်တိုင်လည်း တကယ်အဲဒါမျိုးကို လုပ်ခဲ့မှာ မဟုတ်ဘူးဗျ။ ဒါပေမဲ့ ဒီဇတ်လမ်းကြီး တစ်ခုလုံးရဲ့နောက်ကွယ်မှာ ကိုဖြိုးမင်းသိန်းကတော့ဗျာ ဒီဥစ္စာကို မမှန်မှန်းသိလျက်နဲ့တော့ ဘာဖြစ်လို့သူ အဆုံးစွန်ဆုံး မကာကွယ် တာလည်းပေါ့နော်၊ ဒါကတော့ သူ့ရဲ့ရွေးချယ်မှုပေါ့ဗျာ”

ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ရှည်ထောင်ဒဏ်ချမှတ်နိုင်တဲ့ ပုဒ်မတွေဖြစ်တဲ့ အစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ ၃-၁(ဂ)၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ (၅၅) ပုဒ်မတွေ အပါအဝင် စုစုပေါင်း ၁၁ မှု စစ်ကောင်စီက တရားစွဲထားပါတယ်။

အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက်အစောပိုင်းကတည်းက ဒေါ်အောင်ဆန်း စုကြည်ကို စစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားတာ အခုဆိုရင် ရက်ပေါင်း ၂၅၀ ကျော်ရှိပြီ ဖြစ်ပါတယ်။

 

Source: RFA Burmese

ဒေါ်အောင်ဆန်းစုကြည်ကို ရွှေချောင်းတွေ ပေးခဲ့ကြောင်း ဦးဖြိုးမင်းသိန်း တရားရုံးမှာ ထွက်ဆို


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိလိုက်စားမှုနဲ့ စွပ်စွဲချက်အတွက် ဒီကနေ့ နေပြည်တော် တရားရုံးချိန်းမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းက စစ်ကောင်စီဘက်ကနေ သက်သေထွက်ဆိုခဲ့ပါတယ်။ ဒါ့အပြင် နောက်တိုးအမှုနဲ့ ထပ်ပြီးစွဲတယ်ဆိုတာ စာပို့ထားတယ်လို့လည်း ရှေ့နေဖြစ်သူကပြောပါတယ်။ ဒီကနေ့ တရားခွင်အခြေအနေ သိထားရသမျှ ရန်ကုန်ကလာတဲ့သတင်းကို မခင်ဖြူထွေးက ပြောပြပါမယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဆိုတာ ရာထူးအာဏာကို အလွဲသုံးစားလုပ်ပြီး ငွေကြေး၊ လက်ဆောင်တွေ၊ ကိုယ်ကျိုးအတွက် ရယူခဲ့သူတွေကို တရားစွဲဆိုတဲ့ ဥပဒေပုဒ်မတခုဖြစ်ပြီး အမြင့်ဆုံး ထောင်ဒဏ် ၁၅ နှစ်ထိ ချမှတ်နိုင်ပါတယ်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အမှု ၄ မှုတပ်ပြီး မန္တလေးမှာ တရားစွဲခဲ့တာကို နေပြည်တော်မှာပြောင်းရွှေ့ပြီး ဒီကနေ့ ပထမဆုံး စတင်ကြားနာတာမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းက စစ်ကောင်စီသက်သေအနေနဲ့ လာရောက်ထွက်ဆိုခဲ့တယ်လို့ ရှေ့နေ ဦးခင်မောင်ဇော်က ဗွီအိုအေကိုပြောပါတယ်။

“ ဦးဖြိုးမင်းသိန်းက ဒေါ်လာနဲ့ ရွှေချောင်းတွေပေးတာ လက်ခံတာကို စစစ်ပါတယ်။ အဲဒီအမှုအနေနဲ့ အရပ်သား သက်သေတယောက်ကိုခေါ်တာမှာ ရောက်လာတော့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းပါ။ အဓိကစစ်မေးချက်(ကတော့) ခင်ဗျားတို့ ကျနော်တို့ ဗီဒီယိုနဲ့ရိုက်ထားတဲ့ တွေ့တဲ့အတိုင်းပေါ့ဗျာ။ အဲဒီအတိုင်းပဲ ထွက်သွားတယ်။ သူ့အနေနဲ့ကတော့ ညှိုးညှိုးငယ်ငယ်ပဲ၊ ပြန်လှန်မေးကတော့ လာမယ့် ၈ ရက်နေ့မှ ဦးဖြိုးမင်းသိန်းပြန်လာပါမယ်။ ကျနော်တို့ပြန်လှန်မေးရပါမယ်၊ စိတ်ဝင်စားစရာ အဲဒီအချိန်ဖြစ်ပါမယ်။

…. ဦးဖြိုးမင်းသိန်းက ဒေါ်အောင်ဆန်းစုကြည်ရှေ့ကဖြတ်သွားရတာ မျက်နှာမော့မကြည့်ဘူး၊ ငုံ့သွားတယ်။ နှုတ်ဆက်တာမပြောနဲ့ မော့တောင်မကြည့်သွားဘူး။ ဒေါ် အောင်ဆန်းစုကြည်ကတော့ ခင်ဗျားတို့သိတဲ့အတိုင်း ဒီလိုပဲ အသာတကြည် ကြည့်နေတာပါပဲ။”

အဂတိဆိုင်ရာ အမှု ၄ မှုမှာ ဒါ်အောင်ဆန်းစုကြည်တဦးတည်းကို သီးသန့်စွဲဆိုထားတာ ၂ မှု၊ တခြားသူတွေနဲ့ ပူးတွဲစွဲဆိုခံထားရတာ ၂ မှုပါဝင်ပြီး နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်၊ ဒုတိယမြို့တော်ဝန် ဦးရဲမင်း ဦးတို့နဲ့ ပူးတွဲ ၁ မှု၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် ဦးမင်းသူ၊ ဒေါက်တာမျိုးအောင်တို့ နဲ့ ပူးတွဲတမှုဆိုပြီး အဂတိဥပဒေနဲ့ စွဲဆိုထားတာဖြစ်ပါတယ်။ ဒီကနေ့မှာတော့ အဲဒီလေးမှုထဲက တဦးတည်း ၂ မှုနဲ့ ပူးတွဲ ၁ မှု ပေါင်း ၃ မှုကို စစ်ဆေးခဲ့ပါတယ်။

ဦးဖြိုးမင်းသိန်းအပြင် တခြားသက်သေတဦးလည်း ဒီနေ့ထွက်ဆိုခဲ့သလို အမှုတွေရဲ့တရားလိုဖြစ်သူ အဂတိလိုက်စားမှုတိုက်ဖျက်ရေးက စုံစမ်းစစ်ဆေးရေးမှူးလည်း ထွက်ဆိုခဲ့တယ်လို့ ရှေ့နေတွေကပြောပါတယ်။

နောက်ရုံးချိန်းပြန်ခေါ်ဖို့အတွက် တရားရုံးက သက်သေတွေရဲ့သဘောထားကိုမေးတဲ့အခါ ဦးဖြိုးမင်းသိန်းက သူ့ကို တခါတည်း စစ်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် တရားရုံးက ၈ ရက်နေ့ကို ပြန်ချိန်းခဲ့တယ်လို့ ဦးခင်မောင်ဇော်ကပြောပါတယ်။

“ ဦးဖြိုးမင်းသိန်းက သူက သူ့အစီအစဉ်နဲ့ သူလာရတာမဟုတ်ပါဘူး။ အဲဒီအခါကျတော့ သူဆုံးဖြတ်လို့မရပါဘူးတဲ့၊ အဲဒီလိုပြောတယ်။ နောက် သူ့ကျန်းမာရေးက ဆိုးတယ်ဆိုတဲ့အကြောင်း၊ ကိုဗစ်ဖြစ်တဲ့အကြောင်းတွေပြောပါတယ်။ လာရတာခက်ခဲလို့ စစ်လိုက်ဖို့ပြောတယ်။ ဒါပေမယ့် တရားသူကြီးကတော့ ၈ ရက်နေ့ချိန်းပေးလိုက်မယ် ဆုံးဖြတ်တယ်။ ပြန်လှန်မေးအတွက်ပေါ့။ ကျန်တဲ့အမှု ဆက်စစ်မယ်ဆိုတော့ အဲမှာရပ်သွားတယ်။ ပြန်လှန်မေးအတွက် ၈ ရက်နေ့ကျရင် ဦးဖြိုးမင်းသိန်းပြန်လာပါမယ်။”

ဒီအဂတိအမှုတွေကို တပတ်ခြားတခါ သောကြာနေ့တိုင်းစစ်ဖို့ မူလက ဆုံးဖြတ်ထားတာကနေ အပတ်စဉ် သောကြာနေ့တိုင်း စစ်မယ်ဆိုပြီးတော့လည်း ဒီကနေ့ ပြင်ဆင်သတ်မှတ်တာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ အမှု ၁၁ မှုအတွက် အပတ်စဉ် တနင်္လာ၊ အင်္ဂါ၊ ကြာသပတေးနေ့တွေတိုင်း ကြားနာစစ်ဆေးမှုတွေ ခံနေရတာဖြစ်ပြီး ဒီအမှု ၄ မှုအပါအဝင်ဆိုရင် ရက်သတ္တပတ် တပတ်လုံးနီးပါး စစ်ဆေးခံရမှာဖြစ်ပါတယ်။

“ ဦးဖြိုးမင်းသိန်းက ဒေါ်လာနဲ့ ရွှေချောင်းတွေပေးတာ၊ လက်ခံတာကို စစစ်ပါတယ်။ အရပ်သားသက်သေတယောက်ကိုခေါ်တာ ရောက်လာတော့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းပါ။ အဓိက စစ်မေးချက် ခင်ဗျားတို့ ကျနော်တို့ ဗီဒီယိုနဲ့ရိုက်ထားတဲ့ တွေ့တဲ့အတိုင်းပေါ့ဗျာ။ … လာမယ့် ၈ ရက်နေ့မှ ဦးဖြိုးမင်းသိန်းပြန်လာပါမယ်။ ကျနော်တို့ပြန်လှန်မေးရပါမယ်၊ စိတ်ဝင်စားစရာ အဲဒီအချိန်ဖြစ်ပါမယ်။” (ဦးခင်မောင်ဇော်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေ)

ဒီကနေ့မှာပဲ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက နောက်အမှုထပ်တိုးတဲ့အကြောင်း ဆင့်ခေါ်စာ ဒေါ်အောင်ဆန်းစုကြည်ဆီ တိုက်ရိုက်ပေးခဲ့ပြီး အသေးစိတ်ကို မသိရသေးဘူးလို့ ဦးခင်မောင်ဇော်ကပြောပါတယ်။

“ မသိသေးဘူးဗျ။ သူ့ဆီ ဆင့်စာချတာပေါ့။ စွဲလာတဲ့နောက်ထပ်တမှုပေါ့၊ ဆင့်စာပဲချတာ၊ သူ့လက်ထဲထည့်ပေးလိုက်ရတာ။ လာမယ့် တနင်္လာနေ့ကျမှ တွေ့တဲ့အခါ ပြောပြမှာပေါ့ဗျာ။ ဆက်တိုက်စစ်လာတာကတော့ သူတို့ကတော့ အမှုမြန်ဆန်အောင်ပြောတာပေါ့၊ ဒါပေမယ့် ပင်ပန်းတာကော နောက်ပြီးတော့ ပြင်ဆင်မှုမရှိဘဲနဲ့ ပြင်ဆင်မှု အလောတကြီးလုပ်ရတာမို့ ကာကွယ်ခုခံဖို့ လမ်းကြောင်းချရတာ နည်းနည်းအခက်အခဲရှိတာပေါ့။”

ဒေါ်အောင်ဆန်းစုကြည်ဟာ ဦးဖြိုးမင်းသိန်းဆီက တံစိုးလက်ဆောင်အဖြစ် အမေရိကန်ဒေါ်လာ ၆ သိန်းနဲ့ အကယ်ဒမီအခေါက်ရွှေ ၇ ပိဿာကို သုံးကြိမ်ခွဲယူတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သူ့တဦးတည်းကို စွဲဆိုထားတာအပြင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ပတ်သက်လို့ မြေနေရာယူတာမှာ ရာထူးအရှိန်အဝါကိုသုံးပြီး ထိုက်သင့်တဲ့တန်ဖိုးထက် များစွာလျော့နည်းပြီးတော့ ရယူခဲ့လို့စုစုပေါင်း မြန်မာကျပ်ငွေ ဘီလီယံ ၂၀ ကျော် နိုင်ငံတော်က နစ်နာစေခဲ့တယ် စတဲ့ စွပ်စွဲချက်တွေနဲ့ တရားစွဲထားတာဖြစ်ပါတယ်။

ဒီကနေ့ ကြားနာတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဆိုတာ ရာထူးအာဏာကို အလွဲသုံးစားလုပ်ပြီး ငွေကြေး၊ လက်ဆောင်တွေ ကိုယ်ကျိုးအတွက် ရယူခဲ့သူတွေကို တရားစွဲဆိုတဲ့ ဥပဒေပုဒ်မတခုဖြစ်ပြီးတော့ အမြင့်ဆုံး ထောင်ဒဏ် ၁၅ နှစ်ထိ ချမှတ်နိုင်တဲ့ပုဒ်မဖြစ်ပါတယ်။