ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် အင်္ဂလီကန်ခရစ်ယာန်သာသနာပိုင် ဂိုဏ်းချုပ်ဆရာတော်ကြီး ဒက်စ်မွန်တူးတူး ကွယ်လွန်


တောင်အာဖရိကနိုင်ငံက အသားရောင်ခွဲခြားမှုတိုက်ဖျက်ရေး ဦးဆောင်လှုပ်ရှားသူ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် အင်္ဂလီကန်ခရစ်ယာန်သာသနာပိုင် ဂိုဏ်းချုပ်ဆရာတော်ကြီးး ဒက်စ်မွန်တူးတူး (Anglican Archbishop Emeritus Desmond Tutu) ဟာ ဒီဇင်ဘာလ ၂၆ ရက် တနင်္ဂနွေနေ့က ကွယ်လွန် သွားပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၉ဝ နှစ်ရှိပြီ ဖြစ်ပါတယ်။

အင်္ဂလီကန်ခရစ်ယာန်သာသနာပိုင် ဂိုဏ်းချုပ်ဆရာတော်ကြီးးဒက်စ်မွန်တူးတူးဟာ တောင်အာဖရိကနိုင်ငံက အသားရောင်ခွဲခြားမှုဆန့်ကျင်ရေး လှုပ်ရှားမှုမှာ ထင်ရှားတဲ့ခေါင်းဆောင်တစ်ဦး ဖြစ်ရုံမက ဒီနေ့ခေတ် လူမျိုးရေးခွဲခြားမှု၊ LGBT အခွင့်အရေးတွေအတွက်ပါ ဦးဆောင်လှုပ်ရှားခဲ့သူတစ်ဦး ဖြစ်ပါတယ်။ ဂိုဏ်းချုပ်ဆရာတော်ကြီး ကွယ်လွန်မှုအတွက် ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ ကမ္ဘာတစ်ဝန်းက ပြည်သူတွေ ကြေကွဲဝမ်းနည်းကြရတယ်လို့ AP သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

ဂိုဏ်းချုပ်ဆရာတော်ကြီး ဒက်စ်မွန်တူးတူး ဟာ မြန်မာ့ဒီမိုကရေစီရေးကို အစဉ်တစိုက် အားပေးထောက်ခံခဲ့သူဖြစ်ပြီး မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ရင်းနှီးသူတစ်ဦး ဖြစ်ပါတယ်။ ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီလမှာ မြန်မာနိုင်ငံကို ရောက်လာခဲ့ပြီး သူလေးစားအားကျတဲ့ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပါတယ်။

၂ဝ၁၇ ခုနှစ်မှာ မြန်မာစစ်တပ်ရဲ့အကြမ်းဖက်ဖိနှိပ်မှုကြောင့် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာမွတ်စလင်တွေ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေးခဲ့ရတဲ့ဖြစ်ရပ်မှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နှုတ်ဆိတ်မနေဘဲ ဒုက္ခရောက်နေသူတွေဘက်က ရပ်တည်ပေးဖို့ ဂိုဏ်းချုပ်ဆရာတော်ကြီး ဒက်စ်မွန်တူးတူးက စာရေးသားပေးပို့ပြီး တိုက်တွန်းခဲ့ပါတယ်။