တိုကျိုအိုလံပစ်ပွဲတော်ကြီးကို အောင်မြင်စွာပြီးစီးသွားပြီ


၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့ကစတင်ခဲ့သော တိုကျိုအိုလံပစ်ပွဲတော်ကြီးကို သြဂုတ်လ (၈) ရက်နေ့တွင် အောင်မြင်စွာပြီးစီးသွားပြီ ဖြစ်ပါတယ်။ အခုဆိုရင် တိုကျိူဟာ အိုလံပစ်ပွဲရဲ့ နောက်အိမ်ရှင်ဖြစ်တဲ့ ပဲရစ်မြို့လက်ထဲ အိုလံပစ် အလံတော်ကို လွှဲပြောင်း ပေးခဲ့ပြီ ဖြစ်ပါတယ်။

Handover ceremony of Olympics Flag to France

ကိုဗစ် ကမ္ဘာ့ကပ်ရောဂါရဲ့ အန္တရာယ်တွေကြားကပဲ တိုကျိူ အိုလံပစ်ပွဲတော်ကို ၁၆ ရက် တိုင်တိုင် မကြုံစဖူး အခက်အခဲ အမျိုးမျိုးနဲ့ ကျင်းပခဲ့ရတာ ဖြစ်တယ်လို့ နိုင်ငံတကာ အိုလံပစ် ကော်မတီ IOC က ပြောပါတယ်။ မြို့ခံတွေရဲ့ ကန့်ကွက်မှုတွေ အပါအဝင် စိန်ခေါ်မှုတွေ အမျိုးမျိုး ကြားကပဲ တိုကျို အိုလံပစ်ပွဲ အောင်မြင်ခဲ့တယ်လို့ ဘီဘီစီ သတင်းထောက်တွေက ပြောကြပါတယ်။

Closing ceremony of Tokyo Olympics 2020

တိုကျိုအိုလံပစ်ပွဲမှာ အမေရိကန် ပြည်ထောင်စုက ရွှေ တံဆိပ် ၃၉ ခုနဲ့ တရုတ်ထက် တစ်ခု အသာ ရွှေအများဆုံး ရနိုင်ခဲ့ပြီး၊ အိမ်ရှင် ဂျပန်က ရွှေ ၂၇ ခုနဲ့ တတိယ အများဆုံး၊ နောက် ဂရိတ်ဗြိတိန်က ရွှေ ၂၂ ခုနဲ့ စတုတ္ထ နေရာမှာ ရှိပါတယ်။ တားမြစ်ဆေး ပြဿနာတွေကြောင့် နိုင်ငံတကာ ပြိုင်ပွဲတွေကနေ အပိတ်ခံထားရတဲ့ ရုရှား နိုင်ငံရဲ့ အလံအောက်မှာ ပြိုင်ခွင့်မရပဲ၊ ရုရှား အိုလံပစ် ကော်မတီ ROC ဆိုတဲ့ နာမည်အောက်မှာ ဝင်ပြိုင်ကြတဲ့ အားကစားသမားတွေကတော့ ဗြိတိန်ရဲ့ နောက် ရွှေတံဆိပ် အခု ၂၀ ရရှိခဲ့ပါတယ်။

Closing ceremony of Tokyo Olympics 2020

အခုလို ကိုဗစ် ကမ္ဘာ့ ကပ်ရောဂါနဲ့ ရင်ဆိုင်နေရချိန် ပဲန်ဒဲမစ် ကာလကြီးမှာ တိုကျိူ အိုလံပစ်ပွဲတော်ဟာ ကမ္ဘာကြီးကို စည်းလုံး ညီညွတ်စေခဲ့ပြီး၊ “မျှော်လင့်ချက်” ဆိုတဲ့ အကောင်းဆုံး လက်ဆောင်ကိုလည်း ဆောင်ကြဥ်း ပေးနိုင်ခဲ့တယ်လို့ IOC ဥက္ကဌ ထောမတ်စ် ဘာ့ခ်က ဂုဏ်ပြု ပြောဆိုခဲ့ပါတယ်။