အကြမ်းဖက်တိုက်ဖျက်ရေး စစ်ကောင်စီတောင်းဆိုချက် နိုင်ငံတကာရဲတပ်ဖွဲ့ ပယ်ချ


အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) အပါအဝင် စစ်တပ်ဆန့်ကျင်တဲ့ အဖွဲ့အစည်းတွေရဲ့ အကြမ်းဖက် လုပ်ရပ်တွေ တိုက်ဖျက်ရေးအတွက် အကူအညီပေးဖို့ဆိုတဲ့  စစ်ကောင်စီရဲ့ တောင်းဆိုချက်ကို နိုင်ငံတကာရဲတပ်ဖွဲ့ (INTERPOL) က ပယ်ချလိုက်ကြောင်း ဖေဖော်ဝါရီလ ၁၀ ရက် ဒီကနေ့ထုတ် CNA သတင်းမှာ ဖော်ပြပါတယ်။

စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ကုလသမဂ္ဂနဲ့ နိုင်ငံခြားသံတမန်တွေကို မနေ့က ရန်ကုန်မှာတွေ့ဆုံပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့ဟာ အပြစ်မဲ့ပြည်သူတွေနဲ့ အစိုးရဝန်ထမ်းတွေကို သတ်ဖြတ်တာ၊ စာသင်ကျောင်း၊ ဆေးရုံ၊ တံတား အများပြည်သူပိုင် အဆောက်အအုံတွေကို ဖျက်ဆီးတာ စတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ကျူးလွန်နေကြောင်း စွပ်စွဲပြောဆိုခဲ့တာပါ။

ဒီအဖွဲ့အစည်းတွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို နိုင်ငံတကာ ရဲတပ်ဖွဲ့ (INTERPOL)၊ အာဆီယံ ရဲတပ်ဖွဲ့ (ASEANPOL) အပါအဝင် သက်ဆိုင်ရာ ကုလသမဂ္ဂအဖွဲ့အစည်းတွေက ရှုတ်ချကြဖို့၊ ဒီအကြမ်းဖက်လုပ်ရပ်တွေ တိုက်ဖျက်ရေးအတွက် အပြုသဘော ပူးပေါင်းဆောင်ရွက်ကြဖို့ ဦးဝဏ္ဏမောင်လွင်က တိုက်တွန်းခဲ့တယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေးဌာနက ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ တောင်းဆိုချက်နဲ့ပတ်သက်ပြီး CNA သတင်းဌာနက INTERPOL ကို မေးမြန်းရာမှာတော့… သူတို့အနေနဲ့ နိုင်ငံရေးအတိုက်အခံတွေ၊ အစိုးရကို ‌ဝေဖန်သူတွေကို ဖမ်းဆီးပေးဖို့ တောင်းဆိုချက်မျိုး၊ အာဏာသိမ်းထားတဲ့ တိုင်းပြည်မျိုးရဲ့ ပြည်တွင်းနိုင်ငံရေးမှာ ဝင်ရောက် စွက်ဖက်ရာရောက်မယ့် ဘယ်အကူအညီမျိုးမှ ပေးအပ်မှာ မဟုတ်ကြောင်း အင်တာပိုအဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ဖြေကြားခဲ့တယ်လို့ CNA သတင်းမှာ ဖော်ပြပါတယ်။

NUG အစိုးရဘက်ကလည်း ပြီးခဲ့တဲ့လက ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲတွေအတွင်း စစ်ကောင်စီရဲ့ အရပ်သားတွေအပေါ် ရက်စက်စွာ ကျူးလွန်ခဲ့တဲ့ပုံတွေကို ဗီဒီယိုအထောက် အထားတွေ မျက်မြင်သက်သေ အထောက်အထားတွေနဲ့ ပြသရှင်းလင်းခဲ့ပြီး မြန်မာစစ်တပ်ဟာ လူအမြောက်အများကို သတ်ဖြတ်နှိပ်စက်ခဲ့ကြောင်း ရှင်းလင်းပြောဆိုထားပါတယ်။