မြန်မာနိုင်ငံ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေကို အဟန့်အတားမလုပ်ကြဖို့ MSF သတိပေး


မြန်မာနိုင်ငံမှာ ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရေး အတွက် အာဏာသိမ်းထားတဲ့ စစ်တပ်အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံးက အတားအဆီးတွေ မလုပ်ကြဖို့ MSF နည်းစည်းမခြားဆေးပညာရှင်များအဖွဲ့က ပန်ကြားလိုက်ပါတယ်။

ဆရာဝန်တွေ သူနာပြုတွေအပါအဝင် ဆေးဝန်ထမ်းတွေကို တိုက်ခိုက်တာတွေ ၊ ဖမ်းဆီးတာ ဒါမှမဟုတ် ခြိမ်းခြောက် အကျပ်ကိုင်တာတွေ မလုပ်ဖို့လည်း တောင်းဆိုလိုက်တာပါ။

စစ်တပ်ကအာဏာသိမ်းထားတာ ၄ လထဲ ရောက်လာချိန်မှာ မြန်မာလူထုအနေနဲ့ ကျန်းမာရေးစောင့်ရှောက် ကုသမှုရဖို့ အခက်ခဲတွေနဲ့ ရင်ဆိုင်နေရပြီ လို့လည်း ပြောပါတယ်။

COVID-19 ကပ်ရောဂါ အန္တရာယ် ခြိမ်းခြောက်မှု ရှိနေတဲ့အထဲ ဆေးရုံတွေ ပိတ်ထားရတာ ဒါမှမဟုတ် ဆေးရုံဆေးခန်းတွေမှာ စစ်တပ်ကတပ်စွဲထားတာမျိုးတွေ ရှိနေတဲ့အပြင့် စစ်တပ်အာဏာသိမ်းခဲ့တဲ့နောက် စီးပွားရေးချွတ်ခြုံကျလာတဲ့ နောက်ဆက်တွဲ ရလဒ်က ရေကောင်းရေသန့်ရဖို့နဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဆိုင်ရာ အပါအဝင် လူမှုဝန်ဆောင်တဲ့ လုပ်ငန်းတွေပါ မရေမရာ ဖြစ်လာတာလို့လည်း MSF က ထောက်ပြပါတယ်။

လူထုကျန်းမာရေးစောင့်ရှောက်မှုကို အတားအဆီးမရှိ ပေးနိုင်အောင် စစ်တပ်အာဏာပိုင်တွေက လုပ်ဆောင်ပေးဖို့ အပြင် ဆေးဝန်ထမ်းတွေ အနေနဲ့ အကြောက်တရားကင်းကင်းနဲ့ ခြိမ်းခြောက် အကြပ်ကိုင်တာမျိုး မခံရပဲ သူတို့ အလုပ် သူတို့ လုပ်ခွင့်ပေးဖို့လည်း ပန်ကြားလိုက်ပါတယ်။

လူနာတွေဟာလည်း ဆေးကုသမှု ခံယူဖို့အတွက် အန္တရာယ်တွေကြားက စွန့်စားသွားလာနေရသလို၊ စစ်ဆေးရေးဂိတ်တွေကို ဖြတ်ရတာကြောင့် ကြောက်ရွံ့နေကြရပြီး တချို့ စစ်ဆေးရေးဂိတ်တွေကတော့ လူနာတွေကို ဖြတ်သန်းခွင့် မပေးတာမျိုး တွေ့နေရကြောင်းလည်း ပြောပါတယ်။

WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ မှတ်တမ်းအရ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာ သိမ်းခဲ့ချိန်ကစပြီး ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဆေးရုံဆေးခန်းတွေ အတိုက်ခိုက်ခံရတာ ၁၇၉ ကြိမ် ရှိခဲ့ပြီး ဒီတိုက်ခိုက်မှုတွေကြောင့် သေဆုံးရသူ ၁၃ ယောက် ရှိနေတဲ့ အပြင် ဆန္ဒပြပွဲတွေမှာ ဒဏ်ရာရသူတွေကို ပြုစုကုသပေးတဲ့ ဆေးဝန်ထမ်းတွေကို ကျည်အစစ်နဲ့ ပစ်ခတ်တာ ခံကြရပြီး သူတို့ရဲ့ ဆေးပစ္စည်းတွေပါ အဖျက်ဆီးခံခဲ့ရတယ်လို့လည်း ပြောပါတယ်။

ဒါကြောင့် ဆရာဝန်တွေ သူနာပြုတွေ အပေါ် အကြမ်းဖက်တာ၊ ဖမ်းဆီးတာ ခြိမ်းခြောက်တာတွေ မလုပ်ပဲ ဒဏ်ရာရသူ မကျန်းမာသူအားလုံးကို ဆေးကုသခွင့် ပေးဖို့လည်း MSF က မေလ ၂၈ ရက် သောကြာနေ့မှာ ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။