ထန်တလန်မှာ လက်နက်ကြီးကျည်သင့်အပြီး အိမ်ခြေ ၂ဝဝ ကျော် မီးလောင်ကျွမ်း

ပစ်ခတ်သေဆုံးမှုတွေနဲ့ နေအိမ်တွေ မီးလောင်ပျက်စီးမှုတွေကြောင့် တမြို့လုံးနီးပါး စစ်ဘေးရှောင်နေရတဲ့ချင်းပြည်နယ်ထန်တလန်မြို့မှာ မနေ့အောက်တိုဘာ ၂၉ရက်နေ့မနက်ပိုင်းကစလို့ ခရစ်ယာန်ဘုရားရှစ်ခိုးကျောင်းတွေနဲ့ လူနေအိမ်တွေ ထပ်မံမီးလောင်ပျက်စီးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

ထန်တလန်မြို့တွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက ထန်တလန်မြို့က လူနေအိမ်ဆိုင်ခန်း တွေအတွင်း ဝင်ရောက်နေတာကြောင့် ဒေသကာကွယ်ရေးတပ်တွေနဲ့ နှစ်ဖက်ပစ်ခတ်မှုတွေဖြစ်ပြီး နောက်ပိုင်းမှာ အခုလိုလူနေအိမ်တွေမီးရှို့ခံရတာဖြစ်တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့က ပြောဆိုထုတ်ပြန်ထားပါတယ်။

Htantalang, Chin State, Oct 30
Image caption: အောက်တိုဘာ ၃၀ ရက်နေ့မနက်ပိုင်းထန်တလန်မြို့မြင်ကွင်း

“ မြို့ထဲလည်းဘယ်သူမှ မသွားရဲဘူး။ ထန်တလန်နဲ့အနီးဆုံး တောင်တစ်ခုကနေ အဝေးကပဲ လှမ်းကြည့်နိုင်တယ်။ ဒီနေ့မနက်ထိလည်းလောင်နေတုန်းပဲ။ အားလုံးက ခန့်မှန်းတာတော့ အခုမနက်ထိဆိုရင်တော့ အိမ်ခြေ ၃၀၀ လောက်ကုန်ပြီထင်တာပဲ။ ဆက်လောင်ရင်တော့ တမြို့လုံးကုန်မှာပဲ။ အခုလောင်နေတဲ့နေရာက အိမ်အသစ်တွေချည်းပဲ၊ တချို့ဆောက်ပြီးခါစလည်းပါတယ်။ အဝေးကလှမ်းကြည့်ပုံအရဆိုကျွန်မအိမ်လည်းပါသွားပြီ။ စစ်သားတွေမရှိရင် အိမ်ပြန်မယ်လို့ တွေးခဲ့တာလည်း ဝေးသွားပြီ။ ခံရတာကပြည်သူတွေဆိုတော့ ကျွန်မတို့တအားစိတ်နာတယ်” လို့ ထန်တလန်မြို့ကနေ နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

Htantalang, Chin State, Oct 29
Image caption: အောက်တိုဘာ ၂၉ ရက်နေ့ ထန်တလန်မြို့မြင်ကွင်း

ဒီကနေ့ အောက်တိုဘာ ၃၀ ရက်နေ့မနက်ပိုင်းအထိစာရင်းတွေအရ ထန်တလန်မြို့ အတွင်းကဇုန်မွှန်ရပ်ကွက်၊ လုံတီာလ်ရပ်ကွက်၊ TABC ရပ်ကွက်နဲ့ Biakinn ၊ TABC Sang ၊ Lungtial Sang စတဲ့ ရပ်ကွက်တွေက လူနေအိမ် ၁၆၀ ဝန်းကျင်လောက် မီးလောင်ပျက်စီးသွားတယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြထားပါတယ်။

ဒီစာရင်းတွေဟာ ထန်တလန်မြို့တွင်းမငြိမ်သက်တဲ့အခြေနေတွေကြားက ကောက်ယူထားတာဖြစ်လို့ အတည်ပြုဖို့ကြိုးစားနေဆဲဖြစ်ပြီး လက်ရှိအချိန်ထိလည်း ထန်လလန်မြို့တွင်းမှာ မီးခိုးတွေမြင်တွေ့ နေရဆဲဖြစ်တယ်လို့ဒေသတွင်းသတင်းတွေဆက်လက် ဖော်ပြချက်အရသိရပါတယ်။

ထန်တလန်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၈ က စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်တွေကြား အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီး နေအိမ်အလုံး ၂၀ မီးလောင် ပျက်စီးကာ မီးငြှိမ်းသတ်ဖို့ သွားရောက်တဲ့ သင်းအုပ်ဆရာတစ်ဦးလည်း ကျည်ထိမှန်သေဆုံးခဲ့ပါတယ်။

ဒီဖြစ်ရပ်တွေကြောင့် ထန်တလန်ဒေသခံတွေအနေနဲ့ မြို့ထဲမှာ မနေရဲတော့ဘဲ မြို့လုံးကျွတ်နီးပါး နေရပ် စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး နောက်ပိုင်းမှာလည်း မြို့အတွင်းဖြတ်သန်းသွားလာတဲ့ ပြည်သူ ၃ ဦး ကိုစစ်ကောင်စီဘက်ကပစ်ခတ်ခဲ့ပြီး သေဆုံးခဲ့တယ်လို့ချင်းလူ့အခွင့်အရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။

ထန်တလန်မြို့မှာတော့ လူနေအိမ်ခြေ ၃၀၀၀ ဝန်းကျင်လောက်ရှိနေပြီး မနေ့အောက်တိုဘာ ၂၉ရက်နေ့ကစလို့ ဒီကနေ့မနက်(အောက်တိုဘာ ၃၀)ရက်နေ့ထိ မီးဆက်လက်လောင်ကျွမ်းနေပြီးဒေသခံတွေအနေနဲ့မြို့ထဲဝင်ရောက်ဖို့မဖြစ်နိုင်တာ၊ မီးမငြှိမ်းသတ်နိုင်တဲ့အခြေအနေတွေကြောင့် တမြို့လုံးကျွတ်နေအိမ်တွေအားလုံး မီးလောင်မှာကိုဒေသခံတွေကစိုးရိမ်စိတ်ပူမှုတွေရှိနေကြပါတယ်။

Htantalang, Chin State, Oct 29

ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းမှာလည်း ထန်တလန်မြို့ပေါ်မှာ အခုလိုမီးလောင်မှု ဖြစ်ခဲ့ပြီး မြို့နေ လူတစ်သောင်းဝန်းကျင်လောက် မြို့ကိုစွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။

ထန်တလန်မြို့ပေါ်မှာ လူ ၈ ယောက်လောက်နဲ့ မိဘမဲ့ဂေဟာက လူအယောက် ၂၀ ကျန်နေခဲ့တယ်လို့ သတင်းရရှိထားပေမယ့်၊ ဖုန်းအဆက်အသွယ်မရတော့ဘူးလို့ ဒေသခံက ပြောပါတယ်။

445  Views
Previous: လူသုံးအများဆုံးဖြစ်သော လူမှုန်ကွန်ရက် Facebook ကုမ္ပဏီအမည်ကို Metaverse သို့ပြောင်း
Next: ထန်တလန်မီး စစ်တပ်က ရှို့တာမဟုတ်ဘူးလို့ ဗိုလ်ချုပ်ဇော်မင်းထွန်း ငြင်း