နိုင်ငံတကာ ကုမ္ပဏီကြီးတွေအပေါ် အခွန်စည်းကျပ်ဖို့ G-7 နိုင်ငံတွေ သဘောတူ

Google, Facebook, Apple နဲ့ Amazon တို့လို နိုင်ငံတကာ လုပ်ငန်းကြီးတွေ အပေါ်မှာ ကမ္ဘာတလွှား အခွန်တိုးမြှင့်ကောက်ခံရေးအတွက် အမေရိကန်၊ ဗြိတိန်နဲ့ တခြား စက်မှုထိပ်သီးနိုင်ငံတွေ စနေနေ့မှာ သမိုင်းဝင် သဘောတူညီချက် ရရှိခဲ့ပါတယ်။

 

G-7 ဘဏ္ဍာရေးဝန်ကြီးတွေရဲ့ အစည်းအဝေး တက်ရောက်လာသူများ။ (ဇွန် ၅၊ ၂၀၂၁)

 

ဒီဆောင်ရွက်ချက်ဟာဆိုရင် COVID-19 ဒဏ်သင့်ခဲ့တဲ့ အစိုးရတွေအတွက် ဒေါ်လာ သန်းထောင်ပေါင်းများစွာ တိုးမြှင့်ရရှိစေရေး အထောက်အကူ ဖြစ်နိုင်ပါတယ်။

ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းအခွန်ကို အနည်းဆုံး ၁၅ ရာခိုင်နှုန်းထိ ကောက်ခံရေး စက်မှုထိပ်သီး ၇ နိုင်ငံ သဘောတူခဲ့တာ ဖြစ်ပါတယ်။ ကုမ္ပဏီတွေအနေနဲ့ သူတို့ ရောင်းချတဲ့ နိုင်ငံတွေမှာ ပိုပြီး အခွန်ဆောင်ရမှာလည်း ဖြစ်ပါတယ်။

“ကမ္ဘာ့နည်းပညာခေတ်နဲ့ လိုက်လျောညီထွေဖြစ်မယ့် ကမ္ဘာတလွှား အခွန်စည်းကြပ်မှု ပြုပြင်ပြောင်းလဲရေး G-7 ဘဏ္ဍာရေးဝန်ကြီးတွေကြား သမိုင်းဝင် သဘောတူညီချက် ရရှိခဲ့ကြောင်း” ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်မှာ ၂ ရက်ကြာ အစည်းအဝေးကို ဦးဆောင်ကျင်းပခဲ့တဲ့ ဗြိတိန် ဘဏ္ဍာရေးဝန်ကြီး Rishi Sunak က ပြောခဲ့တာပါ။

လန်ဒန်မြို့လယ် Buckingham နန်းတော်အနီးက ၁၉ ရာစု အိမ်ကြီးတလုံးမှာ ကျင်းပခဲ့တဲ့ G-7 ဘဏ္ဍာရေးဝန်ကြီးတွေရဲ့ အစည်းအဝေးဟာဆိုရင် ကပ်ဘေးရောဂါကြီး စခဲ့ပြီးနောက်ပိုင်း ပထမဆုံး လူချင်းတွေ့ဆုံ ဆွေးနွေးမှုလည်း ဖြစ်ပါတယ်။

မကြုံစဘူး ထူးခြားတဲ့ ဒီဆုံးဖြတ်ချက်ကြောင့် ကမ္ဘာတလွှား အခွန်စည်းကြပ်မှုမှာ စည်းမျဉ်းစည်းကမ်း လျော့ရဲမှုတွေကို အဆုံးသတ်သွားစေမယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Janet Yellen က ပြောပါတယ်။ ဒီသဘောတူညီချက်ဟာ ကမ္ဘာတလွှားက အခွန်ရှောင်နေသူတွေ အတွက်တော့ သတင်းဆိုးကြီးဖြစ်ကြောင်း ဂျာမနီ ဘဏ္ဍာရေးဝန်ကြီး Olaf Scholz က ပြောပါတယ်။

ကမ္ဘာတလွှား အကောက်ခွန်နှုန်းထား အနည်းဆုံး ၁၅ ရာခိုင်နှုန်း သတ်မှတ်ချက်ဟာဆိုရင် အိုင်ယာလန်လို နိုင်ငံတွေမှာတော့ ပုံမှန်ထက် များနေတာ ဖြစ်ပေမယ့်လည်း စက်မှုထိပ်သီး G-7 နိုင်ငံတွေမှာတော့ အနိမ့်ဆုံး သတ်မှတ်ချက်ထက် နည်းပါးနေတာပါ။

Amazon နဲ့ Google လုပ်ငန်းကြီးတွေက အခုသဘောတူညီချက်ကို ကြိုဆိုပါတယ်။ Facebook လုပ်ငန်းကြီးဘက်ကတော့ အခွန်ပိုဆောင်ဖို့ ဖြစ်နိုင်ခြေရှိတယ်လို့ ပြောဆိုထားပါတယ်။

 

Copy from: VOA

411  Views
Previous: ICRC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံ
Next: နေပြည်တော်ရှိ ဒေါ်အောင်ဆန်းစုကြည် အမှုများ ၆ လအတွင်း အပြီးစစ်ရန် တရားရုံး ဆုံးဖြတ်