ပြည်တွင်းလာဖို့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ရဖို့ စစ်တပ်နဲ့ညှိနှိုင်းနေရဆဲလို့ အာဆီယံကိုယ်စားလှယ်ပြော

မြန်မာ့အရေးဖြေရှင်းရာမှာ အဓိကကျလာမယ့်အာဆီယံအဖွဲ့ကြီးရဲ့ကိုယ်စားလှယ်က မြန်မာပြည်တွင်းကို လာဖို့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်ရဖို့ စစ်ကောင်စီနဲ့ ညှိနှိုင်းနေရဆဲဆိုပြီး စက်တင်ဘာလ ၄ ရက်မှာ ထုတ်ပြောလာပါတယ်။
” ဘယ်လိုအခြေအနေတော့ရှိတယ်ဆိုတာမျိုး သူတို့ဘက်က မပြောထားသလို အဲဒါနဲ့ပတ်သက်ပြီးတော့ သူတို့ဘက်က ရှင်းရှင်းလင်းလင်း မရှိဘူး။” လို့ သူကပြောပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် အတိုက်အခံတွေနဲ့ စစ်ခေါင်းဆောင်တွေကြား တွေ့ဆုံဆွေးနွေးလမ်းလမ်းပွင့်ဖို့နဲ့ အကြမ်းဖက်မှုတွေရပ်ဖို့ မြန်မာနိုင်ငံလည်းအဖွဲ့ဝင်အဖြစ်ပါဝင်နေတဲ့ အာဆီယံအဖွဲ့ကြီးက ကြိုးပမ်းနေတာပါ။
ဒီကိစ္စတွေကို ဦးဆောင်ဖို့ အာဆီယံက ဘရူနိုင်းနိုင်ငံ နိုင်ငံခြား ရေးဝန်ကြီး -၂ Erywan Yusof ကို ကိုယ်စားလှယ်အဖြစ်ခန့်အပ်ခဲ့တာပါ။
” မြန်မာပြည်ထဲကို ခပ်မြန်မြန်သွားဖို့လိုပါတယ်။ ဒါပေမဲ့ အဲဒါတွေမတိုင်ခင် ကျွန်တော့်ဘက်က အာမခံချက်တွေ အရင်ရထားဖို့လိုတယ်။ သူတို့ဘက်က ကျွန်တော့်ကို မြန်မာပြည်ထဲ ဝင်ခွင့်ပေးတဲ့အခါ ကျွန်တော်လုပ်ရမယ့်ကိစ္စအတွက် ရှင်းရှင်းလင်းလင်းသိမြင်ထားရဖို့လိုတယ်။” ဆိုပြီး သူက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။
မစ္စတာ Erywan ကတော့ အောက်တိုဘာလနှောင်းပိုင်းမှာ အာဆီယံခေါင်းဆောင်တွေ မတွေ့ခင် မြန်မာပြည်တွင်းခရီးစဉ်ကို စတင်ချင်ပေမဲ့ ဘယ်နေ့ဖြစ်ရမယ်လို့ သတ်မှတ်ထားတာတော့ မရှိသေးဘူးလို့ သူကပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ရဖို့ စစ်ကောင်စီဘက်ကို တောင်းဆိုထားတာရှိပေမဲ့ ဒီကိစ္စဟာ အာဆီယံခေါင်းဆောင်တွေကြားရရှိထားတဲ့ ဘုံသဘောတူညီချက်တွေအရဆိုရင်တော့ လိုအပ်ချက်တစ်ရပ်မဟုတ်ဘူးလို့ သူကပြောပါတယ်။
အဓိကလိုအပ်ချက်က အကြမ်းဖက်မှုတွေရပ်တန့်ပြီး ပါဝင်သင့်ပါဝင်ထိုက်သူတွေကြားမှာ ငြိမ်းချမ်းရေးဆွေးနွေးမှုစဖို့ ဖြစ်တယ်လို့ သူကပြောပါတယ်။
” လက်ရှိမြန်မာအာဏာပိုင်တွေဘက်ကို ကျွန်တော်ပြောဖို့ ကြိုးစားနေတာလည်း ဒီကိစ္စပါပဲ။ သက်ဆိုင်ရာပါဝင်သင့်ပါဝင်ထိုက်သူတွေအားလုံးနဲ့ ကျွန်တော် စကားပြောဖို့လိုတယ်။ အဲဒီကိစ္စကလည်း အခုထိ ညှိနှိုင်းဆဲပါပဲ” လို့ သူကပြောပါတယ်။
462  Views
Previous: ယုံလည်းယုံ၊ ခုန်လည်းခုန်တဲ့ ကိုဗစ်ကုသရေးရှေ့ပြေး ဘုန်းတော်ကြီး မာစီယမ်သက်ကျော်နှင့်တွေ့ဆုံမေးမြန်းခြင်း
Next: အင်္ဂလီကန်ဆရာတော်တစ်ပါးက ကက်သလစ်သာသနာသို့ကူးပြောင်းလာမည်