ပြည်သူအတွက် NLD ပါတီ ဆက်ရှိနေမည် ဟု ဒေါ်အောင်ဆန်းစုကြည် ပြေ

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ကောင်စီဝင်းအတွင်း အထူးပြုလုပ် ထားတဲ့ တရားရုံးမှာ မေလ ၂၄ ရက် ဒီကနေ့ လူကိုယ်တိုင် ပထမဆုံးအကြိမ် ရုံးထုတ်ပြီး ရှေ့နေတွေနဲ့ တွေ့ဆုံခွင့်ရခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့နေ ငါးယောက် မိနစ်သုံးဆယ်လောက်ကြာအောင် သီးသန့်တွေ့ဆုံခွင့်ရခဲ့ ပေမယ့်၊ အခန်းကို စောင့်ကြည့်ကင်မရာတွေ တပ်ထားတဲ့အကြောင်း ရှေ့နေ ဒေါ်မင်းမင်းစိုးက သတင်းထောက်တွေကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေကျန်းမာစေဖို့ ဆုတောင်းနေတဲ့အကြောင်းနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ပြည်သူတွေရှိနေသမျှ ဆက်ပြီးတည်ရှိနေမှာဖြစ်တယ်လို့ ပြောလိုက်တဲ့အကြောင်း ဒေါ်မင်း မင်းစိုးက ပြန်ပြောပြပါတယ်။

အဲဒီအပြင် ဖေဖော်ဝါရီလ ၁ ရက်နေ့ ဖမ်းဆီးခံလိုက်ရချိန်ကစပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ဟာ အပြင်မှာဖြစ်ပျက်နေတာတွေကို ဘာမှသိမထားဘူးလို့လည်း သူကပြော ပါတယ်။

ရှေ့နေ ၅ ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံခွင့်ရတဲ့ မိနစ် ၃၀ ဟာ လုံလောက်မှုမရှိဘူးလို့ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။ ဒီနေ့ ရုံးထုတ်စစ်ဆေးတဲ့ အထူးတရားရုံးဟာ ဘယ်နေရာမှာ ရှိတယ်ဆိုတာကို တိတိကျကျ မသိရသလို ဒေါ်အောင်ဆန်းစုကြည်ဟာလည်း သူ့ကို ဘယ်နေရာမှာ ပို့ထားတယ်ဆိုတာ ကိုယ်တိုင်မသိဘူးလို့ ရှေ့နေဦးခင်မောင်ဇော်ကပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်တို့ကို ပြီးခဲ့တဲ့ သုံးလကျော်အတွင်း အွန်လိုင်း ဗီဒီယိုစနစ်နဲ့ပဲ ရုံးထုတ် ခဲ့ရာက စစ်ကောင်စီကခန့်ထားတဲ့ နိုင်ငံတော်တရားရုံးချုပ်ရဲ့ ညွှန်ကြားချက်အရ အထူးတရားရုံး တစ်ရုံးဖွဲ့ပြီး ဒီနေ့မှာ ပထမဆုံးအကြိမ် လူကိုယ်တိုင်ရုံးထုတ်စစ်ဆေးတာဖြစ်ပါတယ်။ ဒီနေ့ရုံးထုတ်မှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နဲ့ နေပြည်တော်ကောင်စီဥက္ကဌ ဦးမျိုးအောင်တို့ကို လည်း အဲဒီနေရာမှာ စစ်ဆေးခဲ့ပါတယ်။ နိုင်ငံတော်အကြီး အကဲသုံးဦးစလုံး ကျန်းမာရေးကောင်းမွန် တာမြင်ခဲ့ရတယ်လို့ ရှေ့နေ ဒေါ်မင်းမင်းစိုးကပြောပါတယ်။

လာမယ့် ဇွန်လ ၇ ရက်နေ့ကို နောက်တကြိမ်ရုံးချိန်းပေးလိုက်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်မှာ ၅ မှု၊ ရန်ကုန်မှာ ၁ မှုနဲ့ စုစုပေါင်း ၆ မှု စစ်ကောင်စီက တရားစွဲထားပါတယ်။ သူတို့ကိုအရေးယူမှာဖြစ်သလို၊ NLD ပါတီကိုလဲ ဖျက်သိမ်းမယ်လို့ စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်က ပြီးခဲ့တဲ့ သတင်းက ပြုလုပ်တဲ့ ပါတီတချို့နဲ့တွေ့ဆုံပွဲမှာပြော ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲထားတဲ့ အမှုတွေကတော့ … လိုင်စင်မဲ့ Walkie-talkie လမ်းလျှောက်စကား ပြောစက် လက်ဝယ်တွေ့ရှိမှု၊ ကိုရိုနာဗိုင်းရပ်စ် ကန့်သတ်စည်းကမ်းတွေ ဖောက်ဖျက်မှု၊ ဆက်သွယ်ရေးဥပဒေ ချိုးဖောက်မှု၊ အများပြည်သူ မငြိမ်မသက် ဖြစ်အောင် ကြံရွယ်မှုနဲ့ အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေတို့ ဖြစ်ပါတယ်။

အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေဟာ ထောင်ဒဏ်ဆယ့်လေးနှစ်ထိ အမြင့်ဆုံး ချမှတ်နိုင် ပါတယ်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နေပြည်တော်ကောင်စီ ဥက္ကဌ ဒေါက်တာမျိုးအောင် ကိုကိုတော့ ကိုရိုနာဗိုင်း ရပ်စ် ကန့်သတ်စည်းကမ်းတွေဖောက်ဖျက်မှု၊ အများပြည်သူ မငြိမ်မသက်ဖြစ်အောင်ကြံရွယ်မှုစတဲ့ ပုဒ်မတွေနဲ့ စစ်ကောင်စီက စွဲချက်တင်ထားပါတယ်။

ဒီနေ့ ရုံးချိန်းအပြီးမှာပဲ နေပြည်တော်ကောင်စီဥက္ကဌ ဦးမျိုးအောင်ရဲ့ အမှုလိုက်ရှေ့နေ ဦးသိန်းလှိုင်ထွန်းကို စစ်ကောင်စီက ဖမ်းလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ဆေးတဲ့ အထူးတရားရုံးက ပြန်ထွက်ချိန်မှာပဲ ဖမ်းခေါ်ထားလိုက်တာလို့ ရှေ့နေတွေက ပြောပါတယ်။

ဒီဖမ်းခံရမှုဟာ ဒေါ်အောင်ဆန်းစုကြည် အမှုနဲ့ ပက်သက်မှုမရှိဘဲ ဦးသိန်းလှိုင်ထွန်းကို ရန်ကုန် ဒဂုံဆိပ်ကမ်းမှာ ၅၀၅ (က)နဲ့ စွဲထားတဲ့ အမှုအတွက် ဖမ်းဆီးခံရတာလို့ ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

ဒီလိုဖမ်းခံရတာကြောင့် ဦးမျိုးအောင်ရဲ့ အမှုလိုက်ဖို့ ရှေ့နေ အားလျှော့သွားတယ်လို့ ရှေ့နေဦးခင်မောင်ဇော်က ပြောပါတယ်။

ဦးသိန်းလှိုင်ထွန်းကို ဘာကြောင့် ၅၀၅ (က)နဲ့ တရားစွဲဆိုထားတာလဲဆိုတာကိုတော့ RFA က သီးခြားအတည် ပြုနိုင်ခြင်းမရှိသေးပါဘူး။

438  Views
Previous: NLD ပါတီ ဖျက်သိမ်းနိုင်ကြောင်း ကော်မရှင်ပြောဆိုမှု EU သတိပေး
Next: Daw Aung San Suu Kyi Says NLD Will Survive as Long as the People do