မိုးမောက်မြို့နယ်က စစ်ဘေးဒုက္ခသည် ၆၀၀၀ ကျော် အကူညီမဲ့နေ

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်အတွင်းမှာ စစ်ကောင်စီနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIAတို့ ပြီးခဲ့တဲ့ ဧပြီလ ၁၀ ရက်ကနေ ဒီကနေ့ထိ ရက်ပေါင်း ၄၀ အတွင်း တိုက်ပွဲပေါင်း ၉၀ ခန့်ဖြစ်ခဲ့ပြီး ကျေးရွာ ပေါင်း ၂၀ ခန့်က လူဦးရေ တစ်သောင်းကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ ဒီတိုက်ပွဲတွေ အတွင်း စစ်တပ်က လေကြောင်းကနေ ထိုးစစ်ဆင်တိုက်ခိုက်မှု အကြိမ် ၃၀ ထက်မနည်းရှိခဲ့တယ်လို့ ဒေသခံ ကချင်စစ်ရေးလေ့လာသူတစ်ဦးက ပြောပါတယ်။
ဒုက္ခသည် ၃၀၀၀ ကျော်သာ ဒေသတွင်း ဖွင့်လှစ်ထားတဲ့ စစ်ရှောင်စခန်းတွေကို ရောက်လာပြီး၊ ကျန် ၆၀၀၀ ကျော်ကတော့  တိုက်ပွဲတွေအနီးက နီးစပ်ရာနေရာတွေမှာပဲ ဖြစ်သလို ပုန်းအောင်းနေရတယ်လို့ စစ်ရှောင် ဒုက္ခသည်တွေက ပြောပါတယ်။
အဲဒီလို ပုန်းအောင်းနေရတဲ့ မိုးမောက်မြို့နယ် ဆီဟက်ကျေးရွာ ဒုက္ခသည်တစ်ဦးက စစ်ပွဲတွေကြောင့် ရှိသမျှ အကုန်ဆုံးရှုံးခဲ့ရတယ်လို့ RFA ကို ပြောပါတယ်။
“ ပြောတောင် မပြောတတ်တော့ဘူး။ ရှုံးသွားတာ အများကြီးပါ။ ရှုံးတဲ့လူလည်း အများကြီးပါ။ ကျွန်မတို့လည်း ရှုံးသွားရတာ။ ပဲတွေရော၊ စပါးတွေရော၊ ဆန်တွေရော။ တချို့တွေက အိမ်မှာတောင် မနေရဲတော့ဘူး။ ရွာထဲကတော့ မဝင်ရဲတော့ဘူး။ အိမ်ရှေ့က ကျွန်မတို့ အိမ်ရှေ့ကဆို အကုန်လုံး မီးလောင်တာ သုံးလေးအိမ် မီးလောင်သွားတာ။ သူတို့လည်း တအားခံစားသွားရလို့ ငိုပဲငိုရတာပါ့။ နေတဲ့နေရာလည်း မရှိဘူး။ ထိုင်စရာလည်း မရှိဘူး။ သူများရွာမှာပဲ သွားပုန်းနေရတာ”
သူတို့အများစုဟာ ဒေသခံ တောင်သူတွေဖြစ်ကြပြီး၊ တောင်ယာထဲမှာ စိုက်ထားတဲ့ သီးနှံတွေ၊ ရိတ်သိမ်းဖို့ ရာသီချိန် ရောက်နေတာကြောင့်၊ စစ်ရှောင်စခန်းတွေဆီ မသွားနိုင်တာလို့လည်း သူက ပြောပါတယ်။
ယာခင်းထဲက စိုက်ထားတဲ့ ပဲတွေ ရိတ်သိမ်းဖို့ အချိန်ကျရောက်လာတဲ့အခါမှ တိုက်ပွဲတွေ ပိုပြင်းလာတာ ကြောင့် သီးနှံတွေပျက်စီးခဲ့တယ်လို့လည်း မိုးမောက်မြို့နယ်၊ ကုန်းလော့ရွာသားတစ်ဦးက  RFA ကို ပြောပါတယ်။
“ ဘာတွေ နစ်နာမှုရှိသွားလဲဆိုတော့ သူတို့တိုက်ပွဲ အရမ်းဖြစ်တဲ့အချိန် သူတို့အလံတွေ လာစိုက်တဲ့ အချိန်တော့ ကျွန်မတို့ပဲတွေက အဲချိန်သိမ်းမှ ကွက်တိကျမှာ။ အခုကျတော့ ပဲတွေကလည်း အချိန် လွန်ထားတဲ့အခါကျတော့ သိမ်းရတာလည်း ဘယ်လိုပြောမလဲ မြေကြီးတွေကလည်း အရမ်းမာပြီးတော့ ဆွဲနုတ်ရခက်တယ်။ နစ်နာတာ‌ပေါ့အေ။ မြန်မြန်ဆန်ဆန် ဒီလူနဲ့ မပြီးနိုင်ဘူး။ လူတွေကို အများကြီး ခေါ်ရတယ်။ ခေါ်တော့ ပိုက်ဆံတွေ အများကြီးကုန်တယ်။ အချိန်လွန်ထားတဲ့အခါကျတော့ ပဲတွေ ကလည်း နုတ်လိုက်တဲ့အခါကျတော့ တချို့ကလည်း တဝက်က မြေကြီးထဲ ကျန်ပြီ။ အဲလို နစ်နာမှုတွေ၊ သိမ်းရတဲ့လူကလည်း နစ်နာတာပဲ။ စစ်တပ်နားနီးလို့ မသိမ်းရဲတဲ့လူကလည်း အများကြီးရှိနေတာပဲ။ စစ်တပ်နားနီးရင် ဘယ်သူမှ မသိမ်းရဲဘူး”
 ဒီဒုက္ခသည်တွေအတွက် စားဝတ်နေရေးနဲ့ ဆေးဝါး၊ လုံခြုံမှု စတဲ့ အကူညီတွေ လိုအပ်နေသလို  ပြင်ပက ကူညီဖို့ လာရောက်တဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကိုလည်း စစ်ကောင်စီက ဟန့်တားပိတ်ဆို့တာ၊ ကြားဖြတ်ပြီး ပစ္စည်းတွေ တောင်းယူတာတွေကြောင့် အခက်အခဲတွေ တစ်နေ့ထက် တစ်နေ့ ပိုများလာ တယ်လို့ ဆီဟက်နဲ့ ကုန်းလော့ကျေးရွာက စစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။
စစ်သားတွေက တောင်သူတွေရဲ့ စိုက်ခင်းတွေထဲမှာ မိုင်းထောင်လေ့ရှိတဲ့အတွက်၊  တောင်သူတွေရဲ့ ကျွဲ၊ နွားတွေ မိုင်းမိပြီး သေဆုံးတာတွေကို လျှော်ကြေးမရတဲ့အပြင် သူတို့ရဲ့ မိုင်းတွေ ဆုံးရှုံးရတယ်ဆိုပြီး စစ်တပ်က တောင်သူတွေကို နစ်နာကြေး ပြန်တောင်းတာမျိုးတောင် ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တစ်ခါတစ်ရံ စိုက်ခင်းတွေ အလုပ်လုပ်နေချိန် တိုက်ပွဲတွေကြောင့် လက်နက်ကြီးတွေ ကျလာတဲ့အတွက် အသက်လုပြေးခဲ့ရတယ်လို့လည်း အမည်မဖေါ်လိုတဲ့ စစ်ဘေးဒုက္ခသည်တစ်ဦးက ပြောပါတယ်။
“ နေရာထိုင်ခင်းဆိုလည်း ဥပမာ သူတို့ သမံတလင်းပေါ်မှာ မိုးကာလေးနဲ့ပေါ့။ မိုးကာစိမ်း အပြားလို ပါးပါးလေးခင်းပြီးမှ စောင်တွေဆိုလို့ရှိရင်လည်း အရမ်းစုတ်ပြတ်သပ်နေတယ်ကွာ။ ကြည့်ရတဲ့အချိန် ဆိုတော့ စိတ်တော့လည်း မကောင်းဘူး။ အဲလိုအခြေနေလေးတွေတော့ရှိတယ်။ တမံတလင်းပေါ်မှာပဲ ဒီတိုင်းလေးခင်းပြီးမှ အိပ်ရတဲ့ဟာမျိုး မိုးကာလေးနဲ့ပေါ့နော်၊ ဖျာတောင် ဖျာအကောင်းမရှိဘူး။ မြင်ရတဲ့ အခါကျတော့ ဒါလေးတွေ လိုအပ်နေပါလားဆိုပြီး မှတ်တမ်းလည်း လုပ်ခဲ့တယ်ပေါ့။ စားသောက်တဲ့ နေရာတွေကျ ဘယ်လိုဖြစ်လဲဆိုတော့ တချို့နေရာတွေကျ သူ့မိသားစု၊ ကိုယ့်မိသားစုခွဲပြီးမှ ချက်စားကြတဲ့ နေရာမျိုးရှိသလို ပေါင်းပြီးတော့မှ ချက်စားတဲ့ နေရာမျိုးရှိတယ်”
မကြာခင်မှာ မိုးရာသီရောက်ရှိတော့မှာ ဖြစ်တဲ့အတွက် စစ်ဘေးသင့်နေတဲ့ ကလေးငယ်တွေနဲ့ မိခင်တွေ အတွက် ကျန်းမာရေးအခြေအနေကို စိတ်ပူမိတယ်လို့လည်း သူက ဆိုပါတယ်။
မိုးမောက်မြို့နယ်တွင်း စစ်ဘေးသင့်ပြည်သူတွေကို လက်ရှိကူညီပေးနေတဲ့ အရပ်ဖက်အဖွဲ့အစည်း တာဝန်ရှိသူတစ်ဦးကတော့ တိုက်ပွဲအသစ်ကြောင့် စစ်ဘေးဒုက္ခသည်တွေ ထပ်တိုးလာပေမယ့် လုံလောက်တဲ့ စစ်ရှောင်စခန်း မရှိသေးဘူးလို့  RFA ကို ပြောပါတယ်။
“ စစ်ရှောင်စခန်းတွေက မရှိတာဗျ။ အရင်တုန်းကရှိတဲ့ စစ်ရှောင်စခန်းတွေကလည်း ပြည့်နေပြီ။ သူတို့ကတော့ အဆင်ပြေရာ သွားကြတယ်။ တချို့ ဘုန်းကြီးကျောင်းတွေတောင် ပြည့်လို့။ အမျိုးအိမ်တွေ မရှိတဲ့သူတွေအတွက် တချို့ရှောင်စရာ ပြေးစရာတောင် မရှိတဲ့သူတွေအတွက် ပြေးစရာနေရာတောင် မရှိတဲ့သူတွေ။ ဒါတော်တော် တွေ့ရတယ်ပေါ့နော်။ ကျွန်တော်တို့ အရေးတကြီး လိုအပ်နေတာ ယာယီ စစ်ရှောင်တွေအတွက် Campတွေ အရေးတကြီး လိုအပ်နေတယ်။ အခုလောလောဆယ်တော့ ကျွန်တော် တို့လည်း UNHAR တို့၊ တခြား CNSS တို့ ကွန်းဖောင်ဒေးရှင်းတွေနဲ့ စတဲ့အဖွဲ့စည်းတွေနဲ့ ဒီ Camp တွေ နောက်နေရာနဲ့ အဆင်ပြေတဲ့နေရာမှာ Camp Setting တွေ လုပ်ဖို့အတွက်ကို ဆွေးနွေးနေတာရှိတယ်။ ဒါပေမဲ့ စစ်ရှောင်တွေကလည်း တိုးပွားလာတော့ ခက်ခဲနေတယ်ပေါ့နော်”
စစ်တပ်က အာဏာသိမ်းပြီး ၁၅ ရက်အကြာမှာ ကချင်ပြည်နယ်တွင်း စစ်ကောင်စီနဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် KIA တို့ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်လာတာပါ။
ကချင်ပြည်နယ်၊ ဖားကန့်၊ မိုးညှင်း၊ မိုးကောင်း၊ တနိုင်း၊ မြစ်ကြီးနား၊ မိုးမောက်၊ ပူတာအို၊ မန်စီ၊ ဗန်းမော်၊ လိုင်ဇာ စတဲ့ဒေသတွေမှာ စစ်တပ်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော်တို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး မိုးမောက်မြို့နယ်ကတော့ တိုက်ပွဲရက် အရှည်ဆုံးနဲ့ အပြင်းထန်ဆုံး ဖြစ်နေပါတယ်။
383  Views
Previous: ကလေး ၁၂ သန်း ပညာသင်ခွင့်ဆုံးရှုံးနေတာကို လက်ခံမှာမဟုတ်ကြောင်း ကုလအဖွဲ့ သတိပေး
Next: ဆက်သွယ်ရေးကြားဖြတ်စနစ် တပ်ဆင်မှု အလားအလာနှင့် ဝေဖန်မှုတချို့