မြန်မာနိုင်ငံအခြေအနေအပေါ် ကမ္ဘာ့ဘဏ်သုံးသပ်နေဆဲ

ကမ္ဘာ့ဘဏ်အနေနဲ့ အဖွဲ့ရဲ့ မူဝါဒ၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေကို သုံးသပ်နေဆဲဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်အဖွဲ့ ပြောခွင့်ရှိသူက RFA ကို ဒီကနေ့ ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းအပြီး စစ်တပ်ပိုင် မြေပေါ်မှာ ဆောက်လုပ်ထားတဲ့ Shangri-La Asia ကုမ္ပဏီက ဆောက်လုပ်ထားတဲ့ Sule Square အဆောက်အအုံမှာ ရုံးခန်းငှားရမ်းဖွင့်လှစ်ထားတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ စီးပွားရေးလုပ်ငန်းကြီးတွေ ရုံးခန်းရွေ့ပြောင်းကြတာ၊ ရွှေ့ဖို့ ပြင်ဆင်နေကြတာနဲ့ ပတ်သက်လို့ ကမ္ဘာ့ဘဏ်အဖွဲ့ရဲ့ တုံ့ပြန်ချက်ကို သိနိုင်ဖို့ ဆက်သွယ်မေးမြန်းရာမှာ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီအခြေစိုက် ကမ္ဘာ့ဘဏ်ရုံးချုပ်က ပြောခွင့်ရသူတစ်ဦးက အခုလို တုံ့ပြန်ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ဆူးလေရှန်ဂရီလာဟိုတယ်ဟာ လူ့အခွင့်ရေးချိုးဖောက်မှု ကျူးလွန်နေတဲ့ မြန်မာစစ်တပ်ပိုင် မြေပေါ်မှာ ဆောက်လုပ်ထားတယ်လို့ Justice for Myanmar အဖွဲ့က ပြီးခဲ့တဲ့ ဧပြီလက ထောက်ပြခဲ့အပြီး မက်ကင်စေ၊ ကိုကာကိုလာနဲ့ ရိုက်တာ စတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ရုံးခန်းတွေ ပြန်အပ်တာ၊ ရွှေ့ပြောင်းတာတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီဟိုတယ်မှာ ရုံးခန်းဖွင့်ထားတဲ့ ကမ္ဘာ့ဘဏ်အဖွဲ့ကတော့ တစုံတရာ တုံ့ပြန်ခြင်းမရှိဘူးလို့ ပြီးခဲ့တဲ့ရက်က ထုတ်ဝေတဲ့ ရိုက်တာသတင်းမှာ ဖော်ပြခဲ့ပါတယ်။

စစ်အာဏာသိမ်းအပြီး စစ်ကောင်စီအစိုးရနဲ့ ကမ္ဘာ့ဘဏ်ရဲ့ စီမံကိန်းတွေ ဆက်လက်လုပ်ကိုင်ခြင်းရှိမရှိ၊ မြန်မာနိုင်ငံနဲ့ ပူးတွဲလုပ်ဆောင်နေတဲ့ ဘဏ္ဍာရေးနဲ့ ဖွံ့ဖြိုးရေး စီမံကိန်းတွေနဲ့နဲ့ ပတ်သက်လို့ ပူးပေါင်းလုပ်ဆောင်ဖို့ရှိမရှိ၊ မြန်မာနိုင်ငံကနေ ထွက်ခွာတဲ့အထိ လုပ်ဆောင်ဖို့ ရှိမရှိ RFA က မေးမြန်းချက်တွေကိုတော့ ကမ္ဘာ့ဘဏ် ပြောရေးဆိုခွင့်ရှိသူက တိုက်ရိုက်ဖြေကြားခြင်းမရှိဘဲ ဖေဖော်ဝါရီလ ၁ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့ဘဏ်ရဲ့ ကြေညာချက်ကိုသာ ကိုးကားဖို့ ပြောပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့က ထုတ်ပြန်ပြီး ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ပြင်ဆင်ထုတ်ပြန်ထားတဲ့ ကမ္ဘာ့ဘဏ်ရဲ့ ကြေညာချက်မှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်းမြန်မာနိုင်ငံမှာ ဖြစ်ပေါ်လာခဲ့တဲ့ အခြေအနေ အဖြစ်အပျက်တွေနဲ့ ပတ်သက်လို့ အလွန်စိုးရိမ်မကင်း ဖြစ်ရကြောင်း၊ ဒီအဖြစ်တွေဟာ နိုင်ငံရဲ့ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်နဲ့ ဖွံ့ဖြိုးရေး အလားအလာတွေအတွက် အနှောင့်အနှေး အတားအဆီးတွေဖြစ်ကြောင်း ဖော်ပြထားပါတယ်။

411  Views
Previous: မြန်မာအတွက် အရေးပေါ်စားနပ်ရိက္ခာအကူအညီ ဒေါ်လာ ၄ သန်းဖိုး WFP ကတဆင့် ဂျပန်ပေးအပ်
Next: ဆင်းရဲတဲ့နိုင်ငံတွေအတွက် ကိုဗစ်ကာကွယ်ဆေးတွေ လှူဒါန်းကြဖို့ WHO တိုက်တွန်း