အာဆီယံအထူးကိုယ်စားလှယ် ခရီးစဉ်အသေးစိတ် နှစ်ဘက်ညှိနှိုင်းနေတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်း

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံလာရေးကိစ္စ နှစ်ဖက် ညှိနှိုင်းဆွေးနွေးနေတယ်လို့ စစ်ကောင်စီက ပြောပါတယ်။ အာဆီယံနဲ့သဘောတူထားတဲ့ အချက် ၅ ချက်ကိုလည်း အချုပ်အခြာအာဏာမထိခိုက်စေဘဲ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဒီနေ့ နေပြည်တော်မှာ ပြောကြားတဲ့ သတင်းစာရှင်းပွဲမှာ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ခုလို ပြောကြားခဲ့ပါတယ်။

“အာဆီယံသဘောတူချက် ငါးချက်အနက်ကတော့ ပထမအချက်ကတော့ ပြင်းထန်သည့်လုပ်ဆောင်မှု-ပေါ့နော်။ “အကြမ်းဖက်မှု” ပေါ့ဗျာ….တွေကို ချက်ခြင်းရပ်တန့်ပြီး အခြေအနေတွေကို ထိန်းထိန်းသိမ်းသိမ်းနဲ့ဆောင်ရွက်ရန်။ ဆူပူဆန္ဒပြမှုတွေဖြစ်ကတည်းကတိုင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ အနည်းဆုံး အင်အားအသုံးပြုပြီး အခြေအနေကို ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်နေတာဖြစ်ပါတယ်။ အခုထိလည်း ဒီအတိုင်း ဆောင်ရွက်လျှက်ရှိတယ်။ အာဆီယံသဘောတူညီချက် ငါးချက်ထွက်ပေါ်ပြီး ဧပြီလနောက်ပိုင်းမှာတော့ ဆန္ဒပြမှုတွေ၊ ဆူပူမှုတွေလျော့ကျသွားပြီးတဲ့အတွက်ကြောင့် အဲဒီအပေါ်မှာ ထိန်းသိမ်းမှုနဲ့ အင်အားအသုံးပြုမှုတွေ လျော့ကျသွားတာရှိပါတယ်။

ဒါပေမယ့်လို့ လက်နက်ကိုင်ဆန့်ကျင်မှုတွေ၊ သတ်ဖြတ်မှုတွေ၊ ဗုံးခွဲအကြမ်းဖက်တိုက်ခိုက်မှုတွေကို ရပ်ရွာတိုင်းမှာ တရားဥပဒေစိုးမိုးရေးပျက်ပြားအောင် NUG အကြမ်းဖက်အဖွဲ့က ဦးဆောင်ပြီး လုပ်ဆောင်လျှက်ရှိတယ်။ ဒီလ ၇ ရက်နေ့မှာဆိုရင် နောက်ပိုင်းမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်ဆောင်ဖို့ အကြမ်းဖက်အဖွဲ့များက လှုံ့ဆော်မှုတွေ တိုးမြှင့်လုပ်ဆောင်လျှက်ရှိတယ်။

…အခုနပြောတဲ့ အာဆီယံရဲ့ လူသားချင်းစာနာမှုအကူအညီပေးရေး-တချို့ကိစ္စ အကူအညီများ ရောက်ရှိနေပြီဖြစ်တယ်။ အကူညီတွေကို ကျနော်တို့ သက်ဆိုင်ရာဌာနများက ကူညီဆောင်ရွက်ပေးလျှက်ရှိတယ်။

အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံကို သွားရောက်ခွင့်ပေးရန်ကိစ္စနဲ့ပတ်သက်ပြီးတော့ကျ အာဆီယံအထူးကိုယ်စားလှယ် လာရောက်လိုမှုကို မြန်မာနိုင်ငံက ကြိုဆိုထားပြီးသားဖြစ်တယ်။ ခရီးစဉ်အသေးစိတ်ကို ကျနော်တို့ နှစ်ဘက်ညှိနှိုင်းနေတာ ရှိတယ်။

…အနှစ်ချုပ် ထုတ်ပြီးပြောရရင်တော့ မြန်မာနိုင်ငံအနေနဲ့ အာဆီယံသဘောတူညီချက်ငါးချက်ကို မိမိနိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို မထိခိုက်စေဘဲနဲ့ ပြည်တွင်း တည်ဆဲဥပဒေနဲ့အညီ တတ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်ပေးနေကြောင်း ကျနော်တို့ ပြောကြားလိုပါတယ်။ အားလုံး ကျေးဇူးတင်ပါတယ်။

အာဆီယံ၊ ကုလသမဂ္ဂစတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေမှာ အုပ်ချုပ်ရေး ကောင်စီအနေနဲ့ နိုင်ငံတော်ကိုယ်စား အစိုးရတခုအနေနဲ့ ကိုယ်စားပြုဆောင်ရွက်နေတာ ဖြစ်တယ်လို့လည်း ကုလသမဂ္ဂမှာ ကိုယ်စားပြုမှုနဲ့ဆိုင်တဲ့မေးခွန်းမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းက သူတို့ရဲ့ သဘောထားကို ဖြေကြားသွားခဲ့ပါတယ်။

447  Views
Previous: ဒေါ်လာဈေး၊ ရွှေဈေးတက်သည့် ကိစ္စ မိမိတို့ လက်ထက်တွင်ဖြစ်ခဲ့ခြင်းဖြစ်၍ တာဝန်ယူမှုတာဝန်ခံမှုရှိသည်ဟုပြော
Next: ပြည်တွင်းမှာ ထုတ်လုပ်တပ်ဆင်တာကလွဲပြီး ပြည်ပကား တင်သွင်းခွင့်ပိတ်