ဧဝံဂေလိသတင်းဖြန့်‌ဝေခြင်းကို ကိုယ်တိုင်ကိုယ်ကျတွေ့ဆုံဟောပြောခြင်းမရှိဘဲ လူမှုကွန်ရက်မှသာဟောပြောခြင်းနှင့်အစားထိုး၍မရ

‘ဘဝ၏အရေးကြီးသောအချို့အချက်များကို နည်းပညာဖြင့်သာအစားထိုး၍မရပေ။ ကျွန်ုပ်တို့သည် ခန္ဓာကိုယ် ရှိသောသတ္တဝါများဖြစ်ကြသည်။ ထိတွေ့ဆက်ဆံရန်လိုသည်’ ဟုအောက်တိုဘာလ (၂၁) ရက်နေ့ က ဗာတီကန်ဩဧဝံဂေလိသတင်းကောင်းဖြန့်ချီရေးရုံးတော်၏တာဝန်ခံကာဒီနယ် Luis Antonio Tagle က တိုက်ရိုက်ထုတ်လွှင့်သောသတင်းစကား၌ ထည့်သွင်းပြောကြားခဲ့သည်။ နည်းပညာဖွံ့ဖြိုးတိုးတက်မူအတွက် ကျွန်ုပ်တို့ ကျေးဇူးတင်ရပါသည်။ သို့သော် အခြားသောအသိဉာဏ်များကိုလည်းဖွံ့ဖြိုးတိုးတက်လာအောင်ပြုလုပ်ရမည်။ နည်းပညာ နှင့်ဆိုင်သောစစ်တမ်းများကိုမှီငြမ်း၍သိရှိရသည်မှာ လူငယ်များသည် ပေါင်းသင်းဆက်ဆံရေးနှင့်စိတ်လှုပ်ရှားစေ သောခံစားချက်များကိုလည်း ဖွံ့ဖြိုးလာအောင်လုပ်ဆောင်ရန်လိုအပ်ကြောင်းတွေ့ရှိခဲ့ရကြောင်း၊ သာသနာတော်ကြီး အတွင်း၌လည်း ကျွန်ုပ်တို့၏စိတ်ခံစားချက်များကိုဖွံ့ဖြိုးအောင်ပြုလုပ်ရန်ဖိတ်ခေါ်မှုများရှိနေပါသည်။

လူမူကွန်ရက်သည် အလွန်ထိရောက်မှုရှိသော်လည်း ထိရောက်မှုကိုမပေးနိုင်သောအပိုင်းများလည်းရှိသည်။ ဥပမာအားဖြင့် ‘ဖေ့စ်ဘွခ်’ နှင့်ဆင်တူသောအခြားလူမှုကွန်ရက်တစ်ခုဖြစ်သည့် ‘တွီတာ’ ကိုပမာပြရလျှင် မည်မျှပင် အသုံးတည့်သည်၊ လူသုံးများသည်ဆိုသော်လည်း သူထိုး‌ဖောက်မဝင်ရောက်နိုင်သော ဘောင်အကန့်အသတ်ရှိနေ သည်။ အဘယ်သို့တည်ဆောက်ထားသည်၊ အဘယ်မျှဦးနှောက်စားထားသည်၊ ရှုပ်ထွေးနေသည်တို့ကို အသိအမှတ် ပြုမှုမရှိတော့ပေ။ သို့သော် လူ့ခန္ဓာကိုယ်အစိတ်အပိုင်းဖြစ်သော စိတ်၊ နှလုံးသားနှင့်ဉာဏ်များသည် အယုံကြည်မရှိ ဖြစ်လာသည့် အခြေအနေ၌ ယုံကြည်မှုများကို အချိန်အခါအလျှောက်ပြန်လည်မွေးထုတ်ပေးရန်လိုသည်။

ကာဒီနယ် သည် ‘ကမ္ဘာ့သာသနာပြုများနေ့’ နှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ၌ပြောကြားခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့သာသနာ ပြုများနေ့ကို ကက်သလစ်သာသနာတိုင်း၌ လာမည့်အောက်တို ဘာလ (၂၄) ရက်နေ့၌ကျင်းပကြမည်ဖြစ်သည်။ ‘ကျွန်ုပ်တို့သည် အသက်တာဖြင့်သက်သေခံချက်များလိုအပ်နေသည်။ သူတို့၏အသက်တာအားဖြင့်၊ သူတို့၏ပြေပြစ် သောဆက်ဆံရေး၊ သူတို့၏စာနာနားလည်တတ်မှုတို့ကြောင့် အမှန်တကယ်သက်ဝင်နေသော ဧဝံဂေလိတရားကို ဟောကြားရာရောက်သည်။’

ဒုက္ခသည်စခန်းတစ်ခုသို့သွားရောက်လည်ပတ်စဉ်က တွေ့ကြုံခဲ့သောအဖြစ်အပျက်ကိုယခုလိုပြန်လည် ဖောက်သည်ချပြခဲ့သည်။ စခန်းသို့ရောက်ရှိသွားသည်နှင့် စခန်း၏တာဝန်ရှိသူက သူ့ထံချဉ်းကပ်လာပြီး အဘယ် ကြောင့်ခရစ်ယာန်များသည် ဒုက္ခသည်များအားကူညီမှုပေးကြသနည်းဟုဖြစ်သည်။ သူသည်သိချင်ရုံမျှဖြင့်မေးနေ ခြင်းမဟုတ်။ ခရစ်ယာန်တို့၏စွန့်လွှတ်အနစ်နာခံမှု၊ ချစ်ခြင်း၊ စာနာမှုများကိုလည်းသိလိုသည်။ သန့်ရှင်းသော ဝိညာဉ်တော်ဘုရားသခင် ပိတ်နေသောတံခါးကိုဖွင့်ရန်သူ့ကိုအသုံးပြုလိုက်သည်ဟုခံစားရသောကြောင့် ‘ကျွန်ုပ်တို့ ၏ဆရာသခင် ယေဇူးခရစ္စတူးသည် လူတိုင်းကိုချစ်ရန် ကျွန်ုပ်တို့အားသင်ကြားပေးခဲ့ကြောင်းရှင်းပြလိုက်ရာ အံ့အား သင့်စရာသူ၏တုန့်ပြန်ချက်ကား သင်တို့၏ဆရာသခင် ယေဇူးခရစ္စတူးကိုသိကျွမ်းရင်းနှီးချင်ပါသည်ဟုဖြစ်ပါသည်။

ကိုးဗစ်ရောဂါကြောင့် ဘုရားကျောင်းများတက်ရောက်ခြင်းကိုပိတ်ထားခဲ့ရစဉ်အတောအတွင်း၌ ကျမ်းစာလေ့ လာခြင်းကိုအွန်လိုင်းမှစီစဉ်ပြုလုပ်ပေးရန်တောင်းဆိုချက်များမြင့်တက်လာခဲ့သည်ဟုဆိုပါသည်။ အိမ်တိုင်ရာရောက် သွားရောက်ရန် တာမြစ်ထားသောရပ်ကွက်၊ မြို့ ရွာများ၌ ထိုတောင်းဆိုချက် ကိုအင်တာနက်၏အကူအညီဖြင့် စီစဉ် ပေးနိုင်သောကြောင့်ကျေးဇူးတင်မိကြောင်း၊ပြောကြားခဲ့သည်။

‘ကမ္ဘာ့သာသနာပြုများနေ့’ ကိုရဟန်းမင်းကြီး ပီအုစ် (၁၁) မှ (၁၉၂၆) ခုနှစ်ကစတင်သတ်မှတ်ကျင်းပ ခဲ့သည်။ နှစ်စဉ် အောက်တိုဘာလ၏ တတိယပတ်တွင်ကျင်းပလေ့ရှိသည်။ ယခုနှစ်၏ ဆောင်ပုဒ်မှာ ‘ငါတို့သည် ငါတို့မြင်ခဲ့ ကြားခဲ့ရသောအရာများကို မဟောပြောဘဲမနေနိုင်’ ဟုဖြစ်သည်။ (တမန်တော် ၄း၂၀)

ရဟန်းမင်းကြီးဖရန်စစ်ကလည်း (၂၀၂၁၊ ဇန္နဝါရီ ၂၉) ရက်နေ့က ထုတ်ပြန်ခဲ့သော ယခုနှစ်၏ ကမ္ဘာ့သာသ နာပြုများနေ့သဝဏ်လွှာ၌ ကက်သလစ်ဘာသာတူများအား ကိုဗစ်ရောဂါကပ်ဆိုးကြီးကိုသာအကြောင်းပြပြီး၊ ဘာသာရေးဝတ္တရားကိုမဖြည့်ဆည်းနိုင်ဟုလွှဲမချကြရန်သတိပေးထားကြောင်း၊ ကာဒီနယ်ကဆက်လက်၍ ‘ယေဇူးသခင်ကို နက်ရှိုင်းစွာသိခြင်းသည် သာသနာပြုလိုစိတ်ကိုဖြစ်ပေါ်ခံစားစေကြောင်း၊ အစီအစဉ်များ၊ လှုပ်ရှားမှုများသက်သက် သည် သာသနာပြုခြင်းမဟုတ်ကြောင်း၊ ၎င်းတို့သည် ကျွန်ုပ်တို့အားလည်းကောင်း၊ နွမ်းပါးချို့တဲ့သူများအားလည်း ကောင်း အံ့မခန်းသောအမှုကိုပြုပေး၍ ပျော်ရရွှင်ရ၊ ကျေးဇူးတင်ကြောင်းပြသည့်သဘောသာဖြစ်သည်ဟုမိန့်ကြားခဲ့သည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

516  Views
Previous: Synod of Bishops on Synodality: For a Church on the move under the sign of mission in Myanmar
Next: ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့် အမှုကိစ္စတွေ ထုတ်မပြောဖို့ ရှေ့နေ ဦးကြည်ဝင်း တားမြစ်ခံရ