Facebook ကြောင့် အမုန်းတရားပျံ့နှံ့မှု နမူနာထဲ မြန်မာနိုင်ငံပါဝင်

Facebook ရဲ့ ကျင့်ဝတ်နဲ့မညီတဲ့ လုပ်ရပ်တွေကို ဖေါ်ထုတ်ခဲ့သူ Facebook ထုတ်လုပ်ရေး မန်နေဂျာဟောင်း Frances Haugen ကနေ အင်္ဂါနေ့က ပြုလုပ်တဲ့ အမေရိကန် အထက်လွှတ်တော် ကြားနာပွဲမှာ- Facebook ကြောင့် အမုန်းစကားပွားများမှုတွေ ကြောက်ခမန်းလိလိ ဖြစ်ပေါ်ခဲ့တဲ့ မြန်မာနိုင်ငံကို ဥပမာပေးပြောသွားပါတယ်။

သူထွက်ဆိုခဲ့တဲ့အတိုင်း မြန်မာနိုင်ငံမှာ အမုန်းစကားအပြင် မြန်မာစစ်တပ်က လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ အခြေအနေမှာတောင် အများပြည်သူရဲ့ ထောက်ခံမှုရခဲ့တဲ့ အကြောင်းအရင်းထဲမှာ Facebook လည်းပါဝင်ခဲ့ကြောင်း လူ့အခွင့်အရေးလှုပ်ရှားနေသူ မဝေေ၀နုက ဗွီအိုအေကိုပြောပါတယ်။ မအင်ကြင်းနိုင်က အကြောင်းစုံကို တင်ပြမှာပါ။

Facebook Whistleblower အလုပ်ဌာနအတွင်း ကျင့်ဝတ်နဲ့ မညီလုပ်ရပ်တွေကို အများပြည်သူ သိအောင် ထုတ်ဖေါ်ပြောဆိုသူ ထုတ်လုပ်ရေး မန်နေဂျာဟောင်း Frances Haugen ရဲ့ အင်္ဂါနေ့က အထက်လွှတ်တော်ကြားနားပွဲမှာ- မြန်မာနဲ့ အီသီယိုပီးယားလို နိုင်ငံတွေမှာ နိုင်ငံရေးအရ အမုန်းစကားတွေ အလွန်အမင်း ပျံ့နှံ့အောင် အပြင် လူမှုအဖွဲ့အစည်းတွေအပေါ်မှာ အကြီးအကျယ် လွှမ်းမိုးခဲ့တာနဲ့ ပတ်သက်လို့ အခုလို ထွက်ဆိုသွားပါတယ်။

“မြန်မာနိုင်ငံမှာ ကျမတို့ မြင်တွေ့ခဲ့ရတာ၊ အခု အီသီယိုးပီးယား နိုင်ငံမှာလည်း မြင်နေရတဲ့ အရာတွေဟာ ကြောက်စရာကောင်းလွန်းတဲ့ ဇာတ်လမ်းတပုဒ်ရဲ့ အစပိုင်း အခန်းတွေဘဲ ရှိပါသေးတယ်။ ဘယ်သူမှ ဒီဇာတ်လမ်း အဆုံးသတ်မှာကို မမြင်ချင်ကြပါဘူး။ Facebook ကုမ္ပဏီက စည်းမျဉ်းစည်းကမ်းတွေကို လှည့်ကွက်အနေနဲ့ ကစားနေတာတွေ၊ အခုချိန်ထိ ထိခိုက်နစ်နာမှုများစွာဖြစ်ပေါ်စေတာတွေကို လွှတ်တော်အနေနဲ့ ပြောင်းလဲနိုင်ပါတယ်။”

Facebook ရဲ့ ကျင့်ဝတ်နဲ့ မညီတဲ့လုပ်ရပ်တွေ၊ ဆိုးကျိုးသက်ရောက်မှုတွေကို ဖေါ်ထုတ်ရာမှာ သူ့အနေနဲ့ အန္တရာယ်ရှိပေမဲ့ ဒါတွေကို ရပ်တန့်အောင်လုပ်ဖို့ အချိန်ရှိသေးတယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း Frances Haugen က ကြားနာပွဲမှာ အခုလို ပြောသွားပါတယ်။

“Facebook ရဲ့ အဖျက်သဘော သက်ရောက်မှုနဲ့ ပတ်သက်လို့ အမှန်တရားကို ကျမတို့ အခု သိကြရပါပြီ။ လွှတ်တော်အမတ်တွေ၊ security နဲ့ exchange ကော်မရှင် အဖွဲ့ဝင်တွေ အနေနဲ့ ဒီကိစ္စတွေအပေါ် အလေးအနက်ထား ချဉ်းကပ်ကိုင်တွယ်မှု အတွက် ကျမ တကယ်ပဲ ကျေးဇူးတင်ပါတယ်။ ဒါကို ရပ်တန့်အောင် လုပ်ဖို့ အချိန်ရှိသေးတယ်လို့ ကျမယုံကြည်တဲ့အတွက် ပုဂ္ဂိုလ်ရေးအရ အန္တရာယ် ကြီးကြီးမားမားနဲ့ ရင်ဆိုင်ရပေမယ့် ကျမ ရှေ့ဆက်ပြီး ဆောင်ရွက်ခဲ့တာပါ။”

အခုလို Frances Haugen ရဲ့ ထွက်ဆိုချက်တွေနဲ့ ပတ်သက်လို့ မြန်မာ့လူ့အခွင့်အရေးလှုပ်ရှားမှုမှာ ထင်ရှားသူလည်းဖြစ် အမျိုးသမီးငြိမ်းချမ်းရေး ကွန်ရက်ကို တည်ထောင်သူလည်းဖြစ်တဲ့ မဝေေ၀နုက အခုလို ပြောပါတယ်။

“ မစ္စ Haugen ရဲ့ ရှင်းပြချက်တွေမှာ Facebook ရဲ့ ဒီ လူ့အဖွဲ့အစည်းပေါ်မှာ ဆိုးကျိုး သက်ရောက်မှုတွေကို သူရှင်းပြတဲ့ အခါမှာ အမုန်းတရား ဖြန့်ချိမှုတွေလည်း ပါသလို တခြားသော လူငယ်တွေ၊ အမျိုးသမီးတွေ၊ ကလေးငယ်တွေ အပေါ်မှာ သက်ရောက်မှုတွေနဲ့ တခြား mental health ဆိုင်ရာ ဆိုးကျိုးသက်ရောက်မှုတွေ အစုံအလင် ရှင်းပြသွားခဲ့တယ်ပေါ့နော်။ ကျမတို့ သတိထားမိတဲ့ အချက်က အထူးသဖြင့် ပဋိပက္ခ ဖြစ်နေတဲ့ ဒေသတွေမှာ ဆိုလို့ ရှိရင် ဖြေရှင်းနိုင်တဲ့ ပေါ်လစီတွေ မရှိခဲ့ဘူး။ အခုအချိန်ထိလည်း မရှိသေးဘူးဆိုတာကို သူပြောသွားတာပေါ့။ ”

မအင်ကြင်းနိုင် ။ ။ မဝေေ၀နုကိုယ်တိုင် အရင်က မြန်မာနိုင်ငံထဲမှာ အမုန်းတရားမပြန့်ပွားဖို့ လူငယ်လှုပ်ရှားမှုတွေကို ဦးဆောင်ခဲ့တာဆိုတော့ Frances Haugen ပြောသွားတဲ့အထဲမှာ မြန်မာနိုင်ငံမှာ အမုန်းစကားပွားများမှုတွေ ကြောက်ခမန်းလိလိဖြစ်ခဲ့တဲ့အကြောင်းအရင်းထဲမှာ Facebook အနေနဲ့ တာဝန်ရှိနေတယ်ဆိုတဲ့ ကိစ္စမှာ Facebook က ဘယ်လောက်ထိ လွှမ်းမိုးခဲ့သလဲရှင်။

မဝေေ၀နု ။ ။လူတွေပေါ်မှာ လွှမ်းမိုးမှုတွေ ဘယ်လောက်ထိ ရှိခဲ့လဲ့လို့ ကျမတို့ ပြောမယ်ဆိုလို့ ရှိရင် အခုအချိန်ထိ မြန်မာပြည်လို နိုင်ငံမျိုးဟာ ဆိုလို့ ရှိရင် ပြည်သူအများစုဟာ Facebook ကို သတင်းမီဒီယာ – Only သတင်းမီဒီယာပေါ့နော် တခုတည်းသော သတင်းမီဒီယာ အနေနဲ့ သူတို့က ခံယူပြီးတော့ သုံးစွဲတာကိုး။

ဒါကို Social Media ဖြစ်တယ်။ လူတွေဟာ သူတို့ရဲ့ Social Life တွေကို Social အကြောင်းတွေကို ဆွေးနွေးတဲ့ နေရာ ဖြစ်တယ် ဆိုတဲ့ဟာကို မသိကြဘဲနဲ့ ဒါ သတင်းမီဒီယာ တခုလို့ ထင်မှတ်မှားပြီးတော့ Facebook ထဲမှာ လူတွေ တင်လာတဲ့ဟာ မှန်သမျှကို ယုံကြည်ပြီးတော့ Facebook ကို စောန ပြောသလို သတင်းမီဒီယာ တခု အနေနဲ့ ယုံကြည်တဲ့ အခါကျတော့ Facebook မှာ တက်လာတဲ့ အရာ အားလုံးသည် အများပြည်သူက ယုံကြည်ပြီးတော့ အမုန်းတရားတွေ ဖြန့်ဝေမှုတွေဟာ အရမ်းကို ထိထိရောက်ရောက်နဲ့ ဒီ စစ်အာဏာရှင် စစ်အုပ်ချုပ်ရေးကနေ လုပ်နိုင်ခဲ့တာ ဖြစ်တယ်ပေါ့နော်။

ဆိုတော့ အဲဒီ အတွက်ကြောင့်မို့လို့ ကျမတို့ဟာ ကျမတို့ တိုင်းပြည်မှာ ဆိုလို့ ရှိရင် အမုန်းတရားတွေ အရမ်း ပေါများသွားပြီးတော့ ဒီလိုမျိုး လူမျိုးတုန်း သတ်ဖြတ်မှုတွေ ဖြစ်လာနေခဲ့တဲ့ အချိန်မှာ တောင်မှ အများပြည်သူရဲ့ ထောက်ခံမှုကို ရနေခဲ့တာ ဖြစ်တယ်ပေါ့။ ဆိုတော့ ဒါဟာ အင်မတန်မှ တိုင်းပြည် အတွက် နစ်နာတယ်။ ကျမတို့ လူ့အဖွဲ့အစည်း အတွက် နစ်နာခဲ့တဲ့ လုပ်ရပ် ဖြစ်တယ်ပေါ့။

ICJ နိုင်ငံတကာတရားရုံးမှာ မြန်မာအနေနဲ့ လူမျိုးတုန်း သတ်ဖြတ်မှု ကျူးလွန်တယ်ဆိုတဲ့ ဂမ်ဘီယာနိုင်ငံရဲ့ စွဲချက်နဲ့ ပတ်သက်လို့ Facebook အနေနဲ့ အချက်အလက်တွေ ထုတ်ပေးဖို့ အမေရိကန် တရားရုံး တရုံးကလည်း ပြီးခဲ့တဲ့ သီတင်းပတ်တွေ အတွင်း အမိန့် ချမှတ်ထားပါတယ်။ အင်္ဂါနေ့က အမေရိကန်အထက်လွှတ်တော်မှာ Facebook ရဲ့ ကျင့်ဝတ်မညီတဲ့ လုပ်ရပ်တွေကို ထွက်ဆိုခဲ့တဲ့ Facebook မန်နေဂျာဟောင်း Frances Haugen ကတော့ သူ့အလုပ်ရှင်ဟောင်းကုမ္ပဏီ ပြုလုပ်ခဲ့တဲ့ ပြဿနာ ဆိုးကျိုးတွေကို ဖြေရှင်းဖို့၊ ဥပဒေကို လက်တလုံးခြား ကစားနေတာတွေကို ရပ်တန့်ဖို့ လွှတ်တော်အမတ်တွေ အနေနဲ့ မဖြစ်မနေ ကြားဝင်ဆောင်ရွက်ရေး တိုက်တွန်းပြောကြားခဲ့ပါတယ်။

 

Source: VOA News

461  Views
Previous: MYANMAR: Spiritual comfort for the faithful, between conflict and pandemic
Next: ကျပ်ငွေလဲနှုန်း ထိန်းလာနိုင်ပြီလို့ ဗဟိုဘဏ်ပြောဆို