သူရဲကောင်းကက်သလစ်သီလရှင် Sister Anna Nu Tawng စစတာရ်အာနားနူးတောင်နဲ့တွေ့ဆုံမေးမြန်းခန်း

ဖေဖော်ဝါရီလ (၂၈) ရက်နေ့က မြစ်ကြီးနားမြို့ပေါ်၊ အောင်နန်းရပ်ကွက်နား၊ စစတာရ်တို့ကျောင်းရှေ့မှာ ငြိမ်းချမ်းစွာသပိတ်မှောက်နေသူတွေနဲ့ရဲ/စစ်သားတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုအခြေအနေကို ကြားဝင်ဖြန်ဖြေပေးခဲ့သော ကက်သလစ်သီလရှင် Sister Anna Nu Tawng အာနားနူးတောင်နဲ့တွေ့ဆုံမေးမြန်းမှုအပြည့်အစုံကို တင်ဆက်ပေးလိုက်ပါတယ်။

ဂလိုရီယာသတင်းဂျာနယ်တိုက်၏ထုတ်ဝေသူနှင့်အယ်ဒီတာချုပ်ဖြစ်သော ဆလိုင်းဂျိုးဇက်ကုန်ဇမှုန်း (ခ) ဝင်းလှိုင်ဦး Chief Editor and Publisher of Gloria News Journal, Joseph Kung Za Hmung @ Win Hlaing Oo က အောက်ပါတွေ့ဆုံမေးမြန်းခန်းကို ကက်သလစ်သီလရှင် Sister Anna Nu Tawng အာနားနူးတောင်အား မတ်လ (၁) ရက်နေ့ကတယ်လီဖုန်းဖြင့် မေးမြန်းခဲ့ခြင်းဖြစ်ပါတယ်။

မေး။ မင်္ဂလာပါစစတာရ်။ ဖေဖော်ဝါရီလ (၂၈) ရက်နေ့က မြစ်ကြီးနားမြို့ပေါ်၊ အောင်နန်းရပ်ကွက်နား၊ စစတာရ်တို့ကျောင်းရှေ့မှာ ငြိမ်းချမ်းစွာသပိတ်မှောက်နေသူတွေနဲ့ရဲ/စစ်သားတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုအခြေအနေကို သိချင်ပါတယ်။


စစတာရ်။ ကျွန်မတို့ စစတာရ်ကျောင်း အောင်နန်းရပ်ကွက်နားမှာညောင်ပင်လမ်းမှာ အစိုးရဝန်ထမ်းရပ်ကွက် ရှိပါတယ်။ ခါတိုင်းရက်တွေမှာတော့ ဒီလမ်းပေါ်မှာပဲ သပိတ်မှောက်နေသူတွေက စုပြီးသပိတ်စစ်ကြောင်းကို စထွက်ကြပါတယ်။ ဒီတစ်ခေါက်ကျတော့၊ အဲဒီဝင်းထဲက လူတချို့က ဒီလမ်းပေါ်မှာ သပိတ်မှောက်နေသူတွေ စုနေတယ်ဆိုတာကို ရဲနဲ့စစ်သားတွေဆီကို သတင်းပို့တဲ့သူတွေ ရှိတာကြောင့် လုံခြုံရေးရဲနဲ့စစ်သားတွေကို ရောက်ရှိလာကြပါတယ်။ ကျွန်မက မလီဂင်ဒိုင်ဆေးခန်းကို တနင်္ဂနွေနေ့မှာတော့ အမြဲတမ်းပိတ်နေကြ။ ဒီရက်တွေမှာက ဆေးရုံဆေးခန်းတွေကို ပိတ်ထားတာကြောင့် ကျွန်မတို့က ဒီရက်တွေမှာတော့ တင်္နဂနွေနေ့မှာပါ ဆေးခန်းကိုဖွင့်ပြီး ဆရာဝန်တွေနဲ့ပေါင်းပြီး လူနာတွေ၊ ဒါဏ်ရာရသူတွေကို အခမဲ့ကုသပေးနေဖြစ်ပါတယ်။ သပိတ်မှောက်နေသူတွေက ကျွန်မတို့ဆေးခန်းရှေ့မှာပဲ ဖြတ်သွားကြတာ။ ကျွန်မလည်း သူတို့ကိုတွေ့တော့ လက်ခုပ်တွေ အားရပါးရ တီးပြီး သူတို့ကို အားပေးတာပေါ။ ပြည်သူလူထုကလည်း သပိတ်စစ်ကြောင်းဆိုတော့ တဖွဲ့ပြီးတဖွဲ့ ဖြတ်ကျော်သွားကြတယ်။ နောက်ဆုံးမှာတော့ ရဲကား၊ စစ်ကား၊ ရေဖြန်းတဲ့ကားတွေက လိုက်လာတယ်။ သူတို့က ကျွန်မတို့ဆေးခန်းရှေ့ကိုလည်း ရောက်ရော၊ ရဲနဲ့စစ်သားတွေက ကားပေါ်ကနေ ခုန်ဆင်းကြပြီးတော့ လက်နက်မဲ့သပိတ်မှောက်နေသူတွေကို စပြီး ရိုက်ကြတယ်။ ပြည်သူတွေကလည်း စပြေးကြတယ်။ ရဲတွေကလည်း ပြည်သူတွေကို သေနတ်ဖောက်တယ် လေးဂွနဲ့လည်း ပစ်တယ် တုတ်နဲ့လည်း ရိုက်တယ်၊ ကျောက်ခဲနဲ့လည်း ပစ်တယ်။

 

မေး။ အဲဒီအချိန်မှာ စစတာရ်က ဘယ်မှာ ရှိနေလဲ။

စစတာရ်။ ကျွန်မက ဆေးခန်းရှေ့မှာ ရှိနေပြီး ပြည်သူတွေကို အားရှိသွားအောင်ဆိုပြီးမှ လက်ခုပ်တီးအားပေးပြီး ရပ်နေတဲ့အချိန်မှာ ပြည်သူလူထုကို တစ်ခါတည်း ပြေးလိုက်ပြီးမှ ရိုက်နှိပ်တော့ တချို့က မူးလဲတယ်၊ ကျွန်မလည်း ငိုရင်းတန်းလန့်နဲ့ ပြည်သူလူထုကို မရိုက်ပါနဲ့ဆိုပြီး လိုက်ကာပေးနေတာ။ ချော်လဲတဲ့သူတွေကို ရဲတွေက မဖမ်းမိအောင်ဆိုပြီး လိုက်ကာတာ။ ကျွန်မက အဲဒီလိုလိုက်ကာတော့ ရဲတွေက ဆက်မရိုက်တော့ဘဲ နောက်ဆုတ်သွားကြတယ်။ အဲဒီအချိန်မှာ ပြည်သူလူထုက ကျွန်မဆေးခန်းထဲကို ပြေးဝင်ခိုလှုံကြတယ်လေး။ ပြည်သူတွေက ကျွန်မဆေးခန်းထဲကို အကုန်ရောက်ပြီဆိုတာနဲ့ ရဲတွေက ဆေးခန်းထဲကို ဝင်မဖမ်းနိုင်အောင် ကျွန်မက ဆေးခန်းတံခါးဝမှာ ရပ်ပြီး ကာထားလိုက်တယ်။ ကျွန်မကိုသာ ပစ်၊ ပြည်သူကိုတော့ မပစ်နဲ့၊ မထိနဲ့ဆိုပြီး ရဲနဲ့စစ်သားတွေကို ပြောလိုက်တယ်။ အဲဒီအချိန်မှာ ပြည်သူတွေက ထွက်ပြေးသွားကြတော့ ရဲနဲ့စစ်သားတွေက ရှေ့ကို ပြန်တိုးလာပြီး ပစ်ဖို့ အချက်ပေးနေတာကို ကျွန်မက တွေ့လိုက်တယ်။ အဲဒါနဲ့ ကျွန်မကလည်း ချက်ချင်းပဲ ရဲနဲ့စစ်သားတွေရှေ့ကို ပြေးပြီး ရပ်ပါလိုက်ပြီး ငိုလည်းငိုရင်း ပြည်သူလူထုကို မပစ်ကြနဲ့။ ပြည်သူလူထုက ငြိမ်းချမ်းစွာ သပိတ်မှောက်နေတာပါ။ နင်တို့လည်း စိတ်ကောင်းရှိကြမှန်း ငါသိတယ်။ သူတို့ကို မပစ်ကြပါနဲ့ဆိုပြီး ပြောလိုက်တယ်။ အဲဒီအချိန်မှာ ရဲသားတစ်ယောက်က၊ စစတာရ်၊ ဒီမှာမနေနဲ့။ ဖယ်၊ အသက်အနရယ်ရှိတယ်။ မြန်မြန်ထွက်သွားလို့ ကျွန်မကို ပြောတော့ ကျွန်မက၊ မရဘူး။ ရှေ့ကိုမတိုးလာနဲ့ဆိုပြီး ပြောပြီး လမ်းပေါ်မှာ ဒူးထောက်ပြီး သူတို့ကို တောင်းပန်တယ်။ အဲဒီလို ကျွန်မကတောင်းပန်တဲ့အချိန်မှာတော့ ရဲနဲ့စစ်သားတွေဟာ အချင်းချင်းတီးတိုးစကားပြောကြပြီးတော့ အနောက်ကို ဆုတ်သွားကြတယ်။

 

မေး။ သူတို့က နောက်ဆုတ်သွားတာက အပြီးလာ။ ပြန်လာသေးလာ။
ဖြေ။ သူတို့နောက်ဆုတ်တာကို မြင်တော့ ကျွန်မလည်း ပျော်သွားတယ်။ ဒါနဲ့ဆေးခန်းကို ပြန်လာပြီးတော့ လူနာတွေကို ပြုစုဖို့ ပြန်လှည့်လာတဲ့အချိန်မှာ သူတို့ (ရဲနဲ့စစ်သားတွေ) က ရှေ့ကို ပြန်တိုးလာကြတယ်။ ဒါကို မြင်တာနဲ့ ကျွန်မလည်း ဘယ်ရမလဲ၊ မဆိုင်းမတွဘဲ သူတို့ (ရဲနဲ့စစ်သားတွေ) ရှေ့ကို ပြန်ပြေးပြီး မှီတဲ့နေရာ ညောင်ပင်နားမှာ သူတို့ကို သွားတားပါတယ်။ အဲဒီအချိန်မှာ ပြည်သူတွေလည်း ဟိုဖက်ဒီဖက် အုပ်စုခွဲသွားကြပြီ။ အဲဒီအချိန်မှာ စစ်သားတစ်ယောက်က၊ စစတာရ်၊ ဒီမှာမနေနဲ့။ ဖယ်၊ အသက်အနရယ်ရှိတယ်။ မြန်မြန်ထွက်သွားလို့ ကျွန်မကို ပြောတော့ ကျွန်မက၊ ရတယ်။ အသေခံမယ်။ ပြည်သူကိုယ်စား ကျွန်မကိုသာ သတ်ပါ။ ဒီလောက်ပူလောင်ရတဲ့ ညဉ်းပန်းနှိပ်စက်ခံရတဲ့ဘဝ၊ ြ့ပည်သူတွေ ဒုကရောက်တဲ့ဘဝမှာလည်း မနေချင်တော့ဘူး။ မလုပ်နဲ့၊ ရှေ့ကိုတိုးမလာနဲ့လို့ သွားပြောလိုက်တယ်။

သူတို့က၊ စစတာရ်ရယ်တဲ့၊ မိဘဆိုတာ မလိမ်မာတဲ့သားသမီးကို တုတ်နဲ့ရိုက်ပြီး ဆုံးမရတယ်ဆိုပြီး ရဲနဲ့စစ်သားနှစ်ယောက်က တစ်ယောက်စီ လာပြောတယ်။ ကျွန်မကလည်း၊ မဟုတ်ဘူးလို့၊ ပြည်သူတွေက ဘာအပြစ်မှ မရှိဘူး၊ ငြိမ်းချမ်းစွာပဲ ဆနပြတာပါလို့။ သူတို့က အပ်တစ်ချောင်းတောင် မပါဘူးလို့။ သူတို့ကို အကြမ်း အဖျက်မခံနိုင်ဘူးလို့ပြောပြီးတော့ ကျွန်မလည်း သူတို့ရှေ့မှာပဲ ခပ်တည်တည်ဆက်ရပ်နေလိုက်တာ။ နောက်ဆုံးတော့ ရဲနဲ့စစ်သားတွေလည်း နောက်ဆုတ်သွားကြပါတယ်။

 

မေး။ အဲဒီတော့ စစတာရ်က နှစ်ခါတောင် ထွက်ပြီး ရဲနဲ့စစ်သားတွေကို သွားတောင်းပန်တာလာ။
စစတာရ်။ အေး ဟုတ်တယ် (ရယ်လျက်)။ နှစ်ခါတောင် ထွက်ပြီး ရဲနဲ့စစ်သားတွေကို သွားတောင်းပန်တာ။ သူတို့နောက်ကိုလိုက်ပြီး သူတို့နဲ့အတူတူရပ်လိုက်တာ။ စစ်သားတစ်ယောက်ကတော့ ကျွန်မကို သေနတ်နဲ့ချိန်သေးတယ်။ လာခြောက်တာပေ့ါလေ။ ဒါနဲ့ကျွန်မကလည်း မကြောက်ဘူးလို့ ပြောလိုက်တယ်။ နာက်ဆုံးတော့ ရဲနဲ့စစ်သားတွေလည်း နောက်ဆုတ်သွားကြပါတယ်။

မေး။ အဲဒီအချိန်မှာ စစတာရ်ရဲ့ဆေးခန်းမှာက လူနာတွေ ရှိသေးလာ။
ဖြေ။ ရှိသေးတယ်။ လူနာတွေ ရှိနေသေးတယ်။ လူနာတစ်ယောက်ကို ကားပေါ်ကနေ ဆေးခန်းဖက်ကို ချနေတဲ့အချိန်မှာ မလှမ်းမဝေးကနေ စစ်သားက ကျွန်မတို့ကို လှမ်းတွေ့တယ်။ ဒါပေမယ့် လာမဖမ်းဘူး။

မေး။ အဲဒီအချိန်မှာ စစတာရ်ဘေးနားမှာ တခြားစစတာရ်တွေ ရှိလား။
ဖြေ။ မရှိဘူး။ ဘယ်စစတာရ်မှ မရှိဘူး။ ကျွန်မတစ်ယောက်တည်းပါပဲ။ တခြားစစတာရ်တွေကတော့ သီလရှင်ကျောင်းမှာ ရှိနေကြတယ်။
မေး။ ဒီလိုမျိုး လက်နက်ကိုင်တဲ့လုံခြုံရေးတပ်ဖွဲ့တွေရှေ့မှာ နှစ်ခါတောင် သွားဒူးထောက်ပြီး ပြည်သူကို သွားကယ်တင်တဲ့အချိန်မှာ စစတာရ်က ဘယ်လိုခံစားချက်ရှိနေလဲ။
ဖြေ။ ပြည်သူလူထုကို သွေးမကျ၊ အသက်မသေအောင် ကျွန်မအသက်နဲ့လဲပြီး ကာကွယ်မယ်ဆိုတဲ့စိတ်၊ ပြည်သူတွေ ထွက်ပြေးလွတ်မြောက်စေချင်တဲ့စိတ်၊ ပြည်သူတွေအတွက် အသေခံချင်စိတ်ပဲ ရှိနေပါတယ်။

 

မေး။ စစတာရ်ရှေ့မှာ ဘယ်နှစ်ယောက်လောက် အဖမ်းခံရလဲ။
ဖြေ။ ကျွန်မက ဘယ်သူ့ကိုမှ မဖမ်းခိုင်းဘူးလေ။
မေး။ သပိတ်စစ်ကြောင်းက လူဘယ်နှစ်ရာလောက်ရှိမလဲ။
ဖြေ။ ရာမကဘူး။ ထောင်နဲ့ချီတာဆရာရေ။ မြစ်ကြီးနားတစ်မြို့လုံးရဲ့သပိတ်စစ်ကြောင်းက ဒီလမ်းပေါ်ကနေစတာဖြစ်ပါတယ်။
မေး။ ညမိုးချုပ်တဲ့အခါမှာ ရဲဖက်က စစတာရ်ကို လာရောက်ရှာဖွေတာ ရှိသလား။
ဖြေ။ မရှိဘူး။ ကျွန်မက သူတို့ကို နေ့လည်တုန်းက တောင်းပန်တဲ့အချိန်မှာတော့ ရဲက ကျွန်မကို ဓါတ်ပုံကောင်းကောင်း ရိုက်သွားတယ်။ ကျွန်မလည်း (ရယ်လျက်) ပါးစပ်မအုပ်မိဘူး။
မေး။ စစတာရ်က ငိုပြီးတော့ ရဲတွေကို တောင်းပန်တဲ့အချိန်မှာ ကချင်လို တောင်းပန်တာလာ၊ ဗမာလိုတောင်းပန်တာလာ။
ဖြေ။ (ရယ်လျက်) သူတို့က ဗမာစစ်သားတွေဆိုတော့ ကျွန်မလည်း ဗမာလိုပဲ တောင်းပန်ပါတယ်။ အရူးမတစ်ယောက်လိုပဲ ငိုနေရင်းတန်းလန်းနဲ့ကို ဟိုပြေးလိုက်၊ တောင်းပန်လိုက်ပေါ့ (အားရပါးရရယ်ကြတယ်)။ ညရောက်တော့ ပြန်စဉ်းစားရင်း အိပ်လို့လည်း မပျော်၊ အသားတွေလည်း တုန်နေတာပဲဆရာရေ။

 

မေး။ ဒီမနက် (မတ်လ ၁) ရက်နေ့မှာ ဆရာတော်ကြီး ဖရန်စစ်ဒေါတန်က ဘုရားဝတ်ပြုခန်းထဲမှာ စစတာရ်ကို တခြားသူတွေရှေ့မှာ စာအိတ်ဖြူတစ်ခုပေးနေတဲ့ပုံကို ဖေ့စ်ဘုတ်မှာ တွေ့လိုက်ပါတယ်။ အဲဒါက စစတာရ်ရဲ့ မနေ့က လုပ်ဆောင်ချက်အပေါ်မှာ ဆရာတော်က ဂုဏ်ပြုတာလာ။ ဘာပြောတာလဲ။
ဖြေ။ ဟုတ်ပါတယ် ဆရာတော်ဒေါ်တန်က ကျွန်မလုပ်ရပ်အပေါ်မှာ ဂုဏ်ပြုစကားပြောတာပါ။
မေး။ ဘာတွေပြောလဲ။
ဖြေ။ ဆရာတော်က၊ အခုလို အများပြည်သူအကျိုးအတွက် ရဲဝန့်စွားရပ်တည်ပေးကာကွယ်ပေးတာဟာ အရမ်းကောင်းတယ်တဲ့။ စစတာရ်နူးတောင်လိုမျိုးခေါင်းဆောင်တွေ လူ့အသိုင်းအဝိုင်းမှာ များများပေါ်လာဖို့ ကြိုးစားကြရမယ် ဆုတောင်းကြရအောင်တဲ့။ စစတာရ်ကို ဂုဏ်ပြုပါတယ်ဆိုပြီး ပြောပါတယ်။

 

မေး။ ဆရာတော်က စစတာရ်ကို ပေးတဲ့စာအိတ်ဖြူထဲမှာ ဘာတွေ ပါလဲ။
ဖြေ။ အဲဒီစာအိတ်ဖြူထဲမှာက မှတ်စုစာအုပ်အသစ်နဲ့ငွေကျပ်နှစ်သောင်းခွဲ့ကိုထည့်ထားပြီး ဂုဏ်ပြုတာ ဖြစ်ပါတယ်ဆိုပြီး ဆရာတော်က ပြောပါတယ်။
မေး။ စစတာရ်အနေနဲ့ ဘာများထပ်ပြောချင်ပါသလဲ။
ဖြေ။ တကယ်တော့ ဆရာတော်က ကျွန်မတို့ကို သပိတ်မမှောက်ဖို့ တားမြစ်ထားတယ်။ ဒီလိုတားမြစ်တဲ့အချိန်မှာ ကျွန်မက ဒီလိုလုပ်တဲ့အလုပ်အပေါ်မှာ ကျွန်မအကြီးအကဲတွေက ထုတ်ရင်လည်း အထုတ်ခံမယ်၊ ပြည်သူတွေငိုရင်ကျွန်မလည်း ငိုမယ်၊ ပြည်သူတွေသေရင်ကျွန်မလည်း အသေခံမယ်၊ ကျွန်မဘဝကို ပြည်သူတွေအတွက် ပေးဆပ်မယ်လို့ ဆုံးဖြတ်ထားတယ်။ ညနေပိုင်းရောက်တော့၊ ကျွန်မအကြီးအကဲတွေက ကျွန်မကိုမဆူကြဘဲ ဂုဏ်ယူပေးကြလို့ တော်သေးတယ်။ ကျွန်မက မိမိဘဝကို ပြည်သူတွေအတွက် ပေးဆပ်မယ်လို့ ဆုံးဖြတ်ထားတယ်။

 

Sister Anna Nu Tawng အာနားနူးတောင်ဟာ အသက်တော် (၄၅) နှစ်ရှိပြီး စိန့်ဇေးဗီးယားကက်သလစ်သူတော်စင်အသင်းဂိုဏ်းဝင်တစ်ပါးဖြစ်ပါတယ်။ ဒီအသင်းဂိုဏ်းရဲ့ဌာနချုပ်ဟာ ပုသိမ်မြို့မှာ တည်ရှိပြီး ပြင်သစ်သာသနာပြုဆရာတော်ကြီ အလကဇန်ဒါး ကားဒေါ့ Bishop Alexander Cardot က ဒီအသင်းဂိုဏ်းကို ပုသိမ်မြို့မှ ၁၈၉၇ ခုနှစ်၊ သြဂုတ်လ (၂၆) ရက်နေ့တွင် ထူထောင်ထားခဲ့သော နှစ်ပေါင်း (၁၀၀) ကျော်နေပြီဖြစ်သော မြန်မာ့မြေဖွားသူတော်စင်အသင်းဂိုဏ်းတစ်ခုဖြစ်သည်။

 

Written by Joseph Kung Za Hmung @ Win Hlaing Oo, Chief Editor and Publisher of Gloria News Journal. Email: glorianews98@gmail.com

846  Views
Previous: ကက်သလစ်သီလရှင် အာနားနူးထောင်က မြစ်ကြီးနားတွင် သပိတ်မှောက်သူ (၁၀၀) ကျော်ရဲ့အသက်ကို လုံထိန်းရဲနှင့်စစ်တပ်များအား ကြားဝင်ဖြန်ဖြေကယ်တင်ပေးခဲ့
Next: Aung San Suu Kyi hit with another charge as defiant protesters return to Myanmar streets