ငြိမ်းချမ်းရေးမှာ မိမိကျွမ်းကျင်လို့ မဟုတ်ဘဲ၊ ကယားပြည်နယ် ရှိပြည်သူတွေ ရဲ့ စစ်ပွဲဒဏ်တွေ ခံစားနေရ မှုတွေကို လျှော့နည်း စေချင်တဲ့ ရည်ရွယ်ချက် ကြောင့် စစ်အစိုးရ လက်ထဲက စစ်ထောက် လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီး ခင်ညွန့်နဲ့လက်တွဲ ခဲ့ရခြင်း ဖြစ်ကြောင်း ဆရာတော်ကြီး ဆိုတေးရိုက မိန့်ကြား တော်မူ

ဆရာတော်ကြီး ဆိုတေးရို

ဆရာတော်ကြီး ဆိုတေးရို

ရန်ကုန်၊ ဧပြီလ ၂၂။

        ဂလိုရီယားသတင်းဂျာနယ်၏ အယ်ဒီတာချုပ်ဖြစ်သော ဂျိုးဇက်ကုန်ဇမှုန်း (ခ) ဝင်းလှိုင်ဦးသည် လွိုင်ကော်ကက်သလစ်သာသနာပိုင် ဆရာတော်ကြီးဆိုတေးရိုဖာမောအား၂ဝ၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ပြုလုပ်တွေ့ဆုံခဲ့မေးမြန်းခန်းအင်တာဗျူးကို ဆရာတော်ကြီး ဆရာတော်ဝါတော် (၂၅) နှစ်နှင့် လွိုင်ကော်ကက်သလစ်ဆရာတော်ပိုင် သာသနာအဖြစ် ထူထောင်ခြင်း ငွေစင်ဂျူဗလီကို ဂုဏ်ပြုသော အားဖြင့် ယခု တက်ဆက်ပေးလိုက်ပါတယ်။

 အယ်ဒီတာချုပ်။ ဂွတ်မော်နင်းပါကိုယ်တော်။

ဆရာတော်။ ဂွတ်မော်နင်းပါ။

         အခုလို အင်တာဗျူးပေးတဲ့အတွက် ကိုယ်တော့်ကို တပည့်တော် အထူးကျေးဇူးတင်ပါတယ်။ အင်တာဗျူးစခွင့် ပြုပါ။

မေး။ လွိုင်ကော်သာသနာမှာ ရှိကြတဲ့ကက်သလစ်ဘာသာဝင်တွေရဲ့ ယုံကြည်ခြင်းကို သုံးသပ်ပေးပါအုံး။

ဖြေ။ ကယားပြည်နယ်မှာက ရွာတိုင်းမှာ ကက်သလစ်ဘာသာဝင်တွေက အများစု ဖြစ်ကြပါတယ်။ တခြားဘာသာတွေရဲ့ရောယှက်မှု သိပ်မရှိဘူး။ အဲဒီတော့ မိသားစုတိုင်းမှာ ကက်သလစ်အစဉ် အလာ နောက်ခံက ပိုပြီးတော့ အားကောင်းတယ်။ ယုံကြည်ခြင်းတို့ ပိုကောင်းတယ်ဆိုတာမျိုးတော့ မရှိပါဘူး။ ကက်သလစ်အစဉ်အလာ နောက်ခံ ရှိနေခြင်းကပဲ အားသားချက် ဖြစ်ပါတယ်။ သူတို့ရဲ့ ယုံကြည်ခြင်းကတော့ ပုံစံလိုက်တဲ့အဆင့်ပါပဲ။ ပြသာနာနဲ့ကြုံပြီဆိုရင် လုပ်မယ်၊ ကာကွယ်မယ်၊ အသေခံမယ် ဆိုတာမျိုးတွေ အဆင့်တော့ သိပ်မရှိသေးပါဘူး။ ထွက်ပြေးဖို့လောက်ပဲ စဉ်းစားကြတယ်။

မေး။ ကိုယ်တော်ရဲ့ ဆရာတော်ဝါ (၂၅) နှစ်၊ လွိုင်ကော်သာသနာတော် တည်ထောင်ခြင်း ၂၅ နှစ်ပြည့်တဲ့အချိန်မှာ ကိုယ်တော့် အနေနဲ့ အအောင်မြင်ဆုံးကို သိချင်ပါတယ်။

ဖြေ။ ဆရာတော်အနေနဲ့ကတော့ တတ်နိုင်သလောက်ကို အစုံလုပ်ခဲ့ပါတယ်။ ဒါပေမယ့် အအောင်မြင်ဆုံးလို့ မဆိုလိုပေမယ့် အားအရဆုံးကတော့ အဖွဲ့အစည်းတွေကို ဖြည်းဖြည်းနဲ့ ကျစ်ကျစ် လျစ်လျစ် စနစ်ကျကျ ဖွဲ့စည်းပေးနိုင်ခြင်းပဲ ဖြစ်ပါတယ်။

မေး။ ကိုယ်တော့်ရဲ့ လုပ်ငန်းတွေထဲက ကိုယ်တော့်အတွက် သမိုင်းတွင်စေမယ့်လုပ်ငန်းကို ပြောပြပါ။

ဖြေ။  အဆောက်အဦးတွေ အများကြီးတည်ဆောက်ခဲ့ပေမယ့် သမိုင်းလည်းတွင် ရရှည်တည်တံမယ့် အရာကတော့ လူ့အရင်းအမြစ်ပိုင်းကို တိုးတက်အောင် လုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ကလေးတွေကို ပညာသင်ပေးတာက အားအရဆုံးဖြစ်ပါတယ်။

မေး။   ဒါဆိုရင် လွိုင်ကော်သာသနာမှာ အားမရဆုံးအရာက ဘာဖြစ်မလဲ။

ဖြေ။ အများကြီး ရှိတာပေါ့။ ဒေသခံတွေကိုယ်တိုင်ကလည်း ဆင်းဆင်းရဲရဲနဲ့ရုန်းကန်နေကြရတော့ ကိုယ့်ဟာကိုယ် ရပ်တည်နိုင်အောင် လုပ်ဆောင်ရမယ်၊ ကိုယ်ပိုင်ထောက်ပံ့ရမယ်ဆိုတဲ့ အသိစိတ်တွေက လွိုင်ကော်သာသနာမှာ တော်တော်အားနည်းနေသေးတယ်။ ဘာသာတူတွေက အလှူအတန်းအားနည်းပေမယ့် သူတို့က ရဖို့လောက်ဘဲ မျှော်လင့်နေကြ တုန်း ဖြစ်ပါတယ်။

မေး။ ဆရာတော်ရဲ့ ရဟန်းဝါ (၄၄) နှစ် (ဆရာတော်ဝါ ၂၅ နှစ်) တစ်လျှောက်မှာ ရဟန်း အငယ်ပိုင်း တွေ အတုယူနိုင်အောင် ဘယ်လိုတရားအားထုတ်ခဲ့ရသလဲ။

ဖြေ။ အခုခေတ်အတွေးအခေါ်က အရင်တုန်းကလို မဟုတ်တော့ဘူး။ ကိုယ်က ရဟန်းတော်တွေ သင်္ကန်းဝတ်ဖို့ပြောရင်းနိုင်ငံခြားမှာ ဘယ်သူမှ မဝတ်တော့ဘူးဆိုပြီးပြန်ပြော ကြတယ်။ ရိုးရိုး အဝတ်အစားတွေဝတ်ပြန်တော့လည်း သပ်သပ်ရပ်ရပ်မဝတ်တတ်ကြဘူးဖြစ်နေ တယ်။နိုင်ငံခြားသာ သနာပြုသူတော်စင်တွေရဲ့နေထိုင်ပုံကိုမြင်တွေ့ခဲ့ရတော့ သူတို့ကို လိုက်တုကျင့်ကြံခဲ့တယ်။နိုင်ငံခြား သာသနာပြုတွေပြန်သွားတဲ့နောက်ပိုင်းမှာတော့ မိမိကိုယ်တိုင်က သူများအတွက်အတုယူ စရာဖြစ်ရလောက်အောင် မကျင့်ကြံနိုင်ခဲ့တော့ အခုခေတ်လူငယ် ရဟန်းတွေရဲ့ ဘုရားတရား အားထုတ်မှုက လျော့နည်းသွားတယ်။ အဲဒီတော့ မိမိမှာ ရှိနေတဲ့ဘုရား တရားစိတ်ကိုပဲ အကောင်းဆုံး ဆက်ထိန်း ဖို့ အရေးကြီးပါတယ်။

မေး။ စစ်အစိုးရလက်ထက်က ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့လက်တွဲပြီးတော့ ကယားပြည်နယ်မှာ ငြိမ်းချမ်းရေးရအောင် လက်နက်ကိုင် အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲရေးလုပ်ငန်းစဉ်တွေ လုပ်ခဲ့တဲ့နေရာမှာ မအောင်ခဲ့တာရဲ့ အဓိကသော့ချက်ကို သိချင်ပါတယ်။

ဖြေ။ တကယ်တော့ နှစ်ဖက်စလုံးမှာ လှည့်ကွက်ကိုယ်စီ ရှိကြပါတယ်။ ဆရာတော်အနေနဲ့ကတော့ ငြိမ်းချမ်းရေးမှာ ကျွမ်းကျင်လို့ လုပ်တာမဟုတ်ဘူး။ ကယားပြည်နယ်ကပြည်သူတွေ ဒုက္ခသက် သာအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ခဲ့တာဖြစ်ပါတယ်။ တကယ်တော့ စစ်ထောက်လှမ်းရေးက ကက်သလစ်ဘုန်းကြီးနှစ်ပါးကို ဖမ်းသွားတယ်။ အဲဒါကို ကိုယ့်ရဟန်း ပြန်လွှတ်ဖို့အတွက် အရဲစွန့်ပြီး ဗိုလ်ချုပ်ကြီးခင်ညွန့်ကို သွားတွေ့တယ်။ အဲဒါနဲ့ ကိုယ်က ခင်ဗျားတို့ ငြိမ်းချမ်းရေး လိုချင်လားလို့ ဦးခင်ညွန့်ကိုမေး တော့ သူက လိုချင်တာပေါ့ ပြန်ပြောတယ်၊ အဲဒါနဲ့ဆရာတော်က ဒါဆိုရင် ငါ့ဘုန်းကြီးနှစ်ပါးကို ပြန်လွှတ်ပေးဆိုပြီး ပြောတော့ သူက ချက်ချင်းပဲ လွှတ်ပေးလိုက်ပါတယ်။ ဒီလိုဗိုလ်ချုပ်ခင်ညွန့်နဲ့ တွေ့တဲ့နောက်ပိုင်းမှာတော့ ကယားပြည်နယ်မှာ အကြမ်းဖက် လုပ်ရပ်တွေ လုပ်ဖို့ စစ်တပ်ဖက်က မိမိကို အားနာတာမျိုး ရှိလာတော့ တိုက်ခိုက်မှုတွေ လည်းလျော့နည်း သွားတာပေါ့လေ။

မေး။ လွိုင်ကော်သာသနာကမြန်မာပြည်ကက်သလစ်သာသနာတွေထဲမှာ အကောင်းဆုံး၊ အချမ်းသာဆုံးဆိုပြီး ပြောသံတွေ ကြားရပါတယ်။ အဲဒီအပေါ်မှာ မှတ်ချက်ပြုပေးပါအုံး။ ဒီအဆင့်ကို ရောက်ဖို့ ဘယ်လိုအကောင်အထည်ဖော်ခဲ့ရသလဲ။

ဖြေ။ အဲဒီပြောဆိုသံကို ဆရာတော်မကြားဘူး။ တကယ်တော့ ဒီလိုအဆင့်ရောက်ဖို့ဆိုတာ ကိုယ့်ရဲ့ ပင်ကိုယ်တီထွင်စဉ်းစားဥဏ် နဲ့ကြိုးစားရတာဖြစ်ပါတယ်။ အပေါ်ယံက ကြည့်ရင်တော့ ကောင်းတယ် လို့ထင်ရပေမယ့် စည်းရုံးဖို့၊ ရင့်ကျက်ဖို့ ဆိုတာတွေက တော့ အများကြီး လိုအပ်ပါသေးတယ်။ သာသနာတစ်ခုံလုံးမှာ အကျိုးဆောင်ကော်မတီဆိုတာ ဖွဲ့ထားပါတယ်။ ဒီအဖွဲ့က ချမှတ်ထားတဲ့ လုပ်ငန်းစဉ်တွေအပေါ်မှာ လက်တွေ့အကောင်အထည် ဖော်တဲ့နေရာမှာ အားနည်းမှုတွေ အများကြီး ရှိပါသေးတယ်။ ဒါပေမယ့် အမြဲတမ်းတော့ ကြိုးစားနေပါတယ်။

မေး။ မကြာခင်တုန်းက ဗာတီကန်ရုံးတော်ကနေ ဓမ္မအာဇာနည်အဖြစ် သတ်မှတ်ကြေငြာခြင်း ခံရတဲ့ ရှားတောမှာ အသတ်ခံရတဲ့ ဓမအာဇာနည်အကြောင်းကို သိချင်ပါတယ်။ သူနဲ့နိုင်ငံခြား ဘုန်းကြီးတို့ကို ဘယ်သူက သတ်တာလဲ။

ဖြေ။ ဘာသာပက သူနဲ့နိုင်ငံခြားဘုန်းကြီးတို့ကို သတ်တာပါ။ အဲဒီအချိန်တုန်းကတော့ KNU ကေအဲန်ယူအချိန် ဖြစ်ပါတယ်။ ကေအဲန်ယူက ကက်သလစ်ဘာသာဝင်တွေကို အစိုးရဖက် ပါတဲ့သူတွေလို့ ရှုမြင်ခဲ့တယ်။ ဘုန်းကြီးတွေကိုလည်း သတင်းထောက်လို့ ထင်တယ်။ ကေအဲန်ယူက သူတို့ကို စွပ်စွဲပြီးတော့ သတ်တာပါ။ တကယ်တော့ ဒီဘုန်းကြီးတွေက ဘာသာရေးလုပ်ငန်း မှာ အောင်မြင်နေတာကို ကြည့်လို့မရလို့ သတ်တာ ဖြစ်ပါတယ်။

မေး။ အခုလို ဆရာတော်ရဲ့သာသနာကနေပြီးတော့ ဓမ္မအာဇာနည်တစ်ပါး ပေါ်ထွန်းတဲ့အပေါ် ဘယ်လိုမှတ်ချက်ပြုချင်ပါသလဲ။

ဖြေ။ လွိုင်ကော်သာသနာအတွက်ကတော့ အကြီးမားဆုံးသော ကျေးဇူးတော်ဖြစ်ပါတယ်။ ကိုယ့်ရဲ့ သာသနာကနေ လူငယ်မောင်မယ်တွေက ဂိုဏ်းအသီးသီးမှာ ဘုန်းကြီး၊ သီလရှင်တွေဖြစ် သွားကြပေမယ့် ဂုဏ်ယူစရာအကောင်းဆုံးကတော့ ဒီဓမ္မအာဇာနည် ပေါ်ထွန်းခြင်းပဲ ဖြစ်ပါတယ်။

မေး။  ဒီဓမ္မအာဇာနည်တွေကို ဘယ်လိုဂုဏ်ပြုဖို့ ရှိပါသလဲ။

ဖြေ။ အီတလီနိုင်ငံက ဓမ္မအာဇာနည်မိသားစုတွေက ဘယ်လိုစီစဉ်နေကြသလဲဆိုတာကိုပဲ နားထောင်နေပါသေးတယ်။

မေး။ အသတ်ခံရတဲ့ဓမ္မဆရာအမျိုးတွေက ဘယ်မှာ ရှိကြသလဲ။

ဖြေ။ အသတ်ခံရတဲ့ဓမ္မဆရာအမျိုးတွေက တောင်ငူဖက်မှာ ရှိကြပါတယ်။

မေး။ ဒီလိုမျိုး ဆရာတော်ရဲ့နယ်မြေထဲမှာ အသတ်ခံရတဲ့ပုဂိုလ်တွေကို ရဟန်းမင်းကြီးက ဓမ္မအာဇာနည်များ အဖြစ် အသိအမှတ်ပြုဖို့အတွက် ကိုယ်တော်တို့ ဘယ်လို လှုပ်ရှားခဲ့သလဲ။

ဖြေ။ ဆရာတော်တို့ဖက်ရော၊ အသတ်ခံရတဲ့မိသားစုဖက်နဲ့ အချက်အလက်ရှာဖွေတဲ့အဖွ့ဲတွေ အားလုံးက ပူးပေါင်းလုပ်ဆောင်ကြရပြီးတွေ့ရှိချက်တွေအားလုံးကို ရဟန်းမင်းကြီးရုံးကို ပို့တာ နှစ်နှစ်ကျော်ကြာမှ အခုလိုမျိုး ကြေငြာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

မေး။ ဓမ္မအာဇာနည်ဖြစ်ဖို့အတွက် တန်ခိုးပြတဲ့အချက်အလက်တွေ စုဆောင်းရပါသလား။

ဖြေ။ ဓမ္မအာဇာနည်ဖြစ်ဖို့အတွက် တန်ခိုးပြတာမျိုးတွေ မလိုအပ်ပါဘူး။

မေး။ စေတမန်သာသနာပြုအဖွဲ့တွေရဲ့ အခြေအနေကို သိချင်ပါတယ်။

ဖြေ။ စေတမန်အဖွဲ့ကတော့ ကောင်းနေပါသေးတယ်။ ဒါပေမယ့် ၂၅ နှစ် ရှိပြီဖြစ်တဲ့ စေတမန်အဖွဲ့ကို ဆက်ထားမလားဆိုတာကိုတော့ မဆုံးဖြတ်ရသေးဘူး။ တကယ်တော့စေတမန်တွေ ဟာရှေ့ တန်းသာသနာပြုအဖွဲ့တွေဖြစ်ကြပြီး ရှားတောဖက်ကို သာသနာပြုကြတဲ့ သူတွေဖြစ်ကြ ပါတယ်။ သူတို့က ရှားတောမှာ ၅ နှစ်လောက် သာသနာပြုကြတဲ့နောက်ပိုင်း ရွာပေါင်း ၂၅ ရွာလောက်က ကက်သလစ်ဘာသာဖက်ကို ကူးပြောင်းလာကြတယ်။ အဲဒီရွာတွေမှာ ဘုရားကျောင်းတွေဆိုပြီး တိုးတက်လာတာကို စစ်အစိုးရနဲ့တခြားဘာသာတွေကမြင်တော့ ရွာသားတွေ မိမိတို့ ရွာကနေ ထွက်ပြေးအောင် လုပ်ခဲ့ကြတယ်။ ရွာသားတွေ ထွက်ပြေးတော့ဆောက်ထားတဲ့ဘုရားကျောင်းတွေကို ထားခဲ့ကြရတယ်။ ရှားတောနယ်မှာဆိုရင် ဘုန်းကြီးဖြစ်သွားတဲ့သူကို မနာလိုသူတွေက သတ်ဖြတ်လိုက်တော့ တချို့ဘာသာဝင်တွေလည်း ကက်သလစ်ဘာသာ ကနေပြန်ထွက်သွား ကြတယ်။စေတမန်တွေရဲ့ကြိုးစားမှုကြောင့် ရှားတောမြို့နယ်လူထုတွေဟာ ကက်သလစ်ဘာသာဝင် များဖြစ်လာကြတာဖြစ်ပါတယ်။ ရွာတွေ ဖျက်စီးတဲ့နောက်ပိုင်းစေတမန်တွေကို လွိုင်ကောင်ဖက် ကိုပြန်ခေါ်ပြီး တော့ ရွာပေါင်း (၇ဝ) ကျော်မှာ မူကြိုပညာရေးလုပ်ငန်းတွေမှာ ပြန်တာဝန်ပေးခဲ့ပါတယ်။ ရှားတောက ရှမ်းပြည်နယ်နဲ့ယိုးဒယားနိုင်ငံနဲ့ နယ်စပ် ထိပါတယ်။ သွေးနဲ့ဝယ်ရတဲ့ သွေးကျခဲ့တဲ့ ရှားတောနယ်ဟာ တချိန်ချိန်ကျရင် ကက်သလစ်နယ်မြေ ပြန်ဖြစ်လာမှာ သေချာတယ်။ အခုဆိုရင် ရှားတောမြို့မှာ ဘုရားကျောင်းအကြီးကြီး ဆောက်ထားပြီးတော့ ထွက်ပေးသွားတဲ့ဘာသာတူတွေ ရှားတောကို ပြန်လာကြဖို့ ဝါရင့်တဲ့စေတမန်တွေကို သွားစည်းရုံးခိုင်းထားပါတယ်။ စေတမန်တွေဟာ ဘုရားကို မသိတဲ့သူတွေကို သာသနာပြုဖို့ ဖြစ်ပါတယ်။

မေး။ စေတမန်အဖွဲ့ကို ရာသက်ပန်ဖွဲ့ဖို့ မရည်ရွယ်ဘူးလား။

ဖြေ။ .ေစတမန်အဖွဲ့ဆိုတာက ဆရာတော်ရဲ့ လက်ရာပါပဲ။ ဒါပေမယ့် မိမိမရှိတော့ လို့ နောက်တက် လာမယ့်ဆရာတော်က မကြိုက်ဘူးဆို ရင် သူ့သဘောပါပဲ။

မေး။ လွိုင်ကော်သာသနာကို နောက်ထပ် သာသနာခွဲဖို့ အစီအစဉ်ရှိပါသလား။

ဖြေ။ မရှိဘူး။ လွိုင်ကော်သာသနာကသေးသေးလေး ဆိုတော့ ထပ်ခွဲရင် အစိတ်စိတ်အမွှာ အမွှာ ဖြစ်ကုန်မယ်။

မေး။ Catholic Bishops’ Conference of Myanmar (CBCM) စီဘီစီအမ်ရဲ့ လက်ရှိအခြေအနေကို သုံးသပ်ပေးပါအုံး။

ဖြေ။ တကယ်တော့ စီဘီစီအမ်ဆိုတာ ကက်သလစ်သာသနာတော်က အသိအမှတ်ပြုထားတဲ့ အာဏာပိုင်အဖွဲ့အစည်း တစ်ခု ဖြစ်ပါတယ်။ အဲဒီအဖွဲ့အစည်းမှာက ကျွမ်းကျင်တဲ့လူတွေကို အသုံးချပြီးတော့ ဆုံးဖြတ်ချက်တွေချမှတ်တာကို စီဘီစီအမ်က ထုတ်ပြန်ပေးသင့်ပါတယ်။ လက်ရှိမှာတော့ မြန်မာပြည်ကက်သလစ်သာသနာတွေက ကိုယ်စတိုင်နဲ့ကိုယ် လုပ်နေကြတော့ လက်တွဲလုပ်ဆောင်မှုပိုင်းမှာ အားနည်းပါတယ်။ ဥပမာ“သီဩလော်ဂျီတိုင်ပင်ဖက်အဖွဲ့” OTC (Office for Theological Consultants) အဖွဲ့က သီအော်လိုဂျီ တော့ တတ်ပေမယ့် စာပေ literatureတော့ မတတ်ဘူး။ စီဘီစီအမ်အောက်မှာကိုကကော်မရှင်တွေက ထုတ်ဝေတဲ့ စာအုပ်တွေမှာဆိုရင် ဥပမာ၊ ကော်မရှင်တစ်ခုက “မာရိယာ” လို့ သုံးပေမယ့် နောက်ကော်မရှင်က “မာရီယား” လို့ သုံးတာမျိုးတွေ ရှိနေတာဟာ စာပေတိုးတက်ရေး ကဏ္ဍမှာ အင်မှတန်မှာ လိုအပ်နေသေးတာ ကို ပြနေတာ ဖြစ်ပါတယ်။

မေး။ လက်ရှိမြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်အောက်က “သီဩလော်ဂျီ တိုင်ပင်ဖက်အဖွဲ့” OTC (Office for Theological Consultants) ရဲ့ အခြေအနေကို သိချင်ပါတယ်။

ဖြေ။ OTC အဖွဲ့ဝင်တွေကတော့ နိုင်ငံခြားပညာတော်သင် ပြီးဆုံးသွားတဲ့သူတွေ ဖြစ်ကြတော့ သီဩလော်ဂျီတော့ ကျွမ်းကျင်ကြမှာပါ။ ဒါပေမယ့် စာပေတော့ မကျွမ်းကျင်ဘူး။ စာပေမကျွမ်းကျင်ရင် မြန်မာဘာသာဖြင့် သီဩလော်ဂျီစာအုပ်တွေ ပေါ်လာဖို့ဆိုတာ မလွယ်ဘူး။ အဲဒီတော့ “သီဩလော်ဂျီတိုင်ပင်ဖက်အဖွဲ့” နဲ့ စာပေကျွမ်းကျင်တဲ့ ဝါသနာပါတဲ့သူတွေ ပူးပေါင်းပြီးတော့လုပ်ဆောင်မှသာလျှင် မြန်မာဘာသာသီဩလော်ဂျီစာအုပ်တွေ ပေါ်လာမှာ ဖြစ်ပါတယ်။

မေး။ တပည့်တော်တို့ဖက်က ထုတ်ဝေဖို့ ဆရာတော်တွေကို အကြံတောင်းခံထားပါတယ်။ ဆရာတော်တစ်ချို့ဆီကနေတော့ တုံ့ပြန်အားပေး စာတွေ ရရှိပေမယ့် သီဩလော်ဂျီကော်မတီဆီကနေတော့ ဘာပြန်စာမှ မရဘူး။

ဖြေ။ ဆရာတော်လည်း ခင်ဗျားကို စာပြန်တယ်နော်။ အခုလို ခြေလှမ်းလှမ်းပြီး လုပ်ချင်စိတ်ရှိတာကို အားပေးပါတယ်။ ဒါပေမယ့် အဲဒီလို လုပ်နေတဲ့အချိန်မှာပဲ ပထမဆုံးက ကိုယ့်ရဲ့ကက်သလစ် သာသနာတော်ထဲက ကျွမ်းကျင်တဲ့သူတွေနဲ့ ဆွေးနွေးပါ။ ပြီးမှ တခြားခရစ်ယာန် ဂိုဏ်းကွဲတွေ၊ တခြားဘာသာတွေဆီက ကျွမ်းကျင်တဲ့သူတွေကို ခေါ်ပြီး ကြိုတင်ဆွေးနွေးပွဲ လုပ်နိုင်ရင် အင်မတန်ကောင်းမွန်တဲ့ သီဩလော်ဂျီစာအုပ်တွေ ပေါ်လာမှာ သေချာပါတယ်။

မေး။ လက်ရှိမြန်မာနိုင်ငံရဲ့နိုင်ငံရေးအပြောင်းအလဲကို ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ဆရာတော်အနေနဲ့ကတော့၊ လက်ရှိမြန်မာနိုင်ငံရဲ့နိုင်ငံရေးအပြောင်းအလဲအပေါ်မှာ သိပ်မယုံသေးဘူး။ ၂ဝဝ၈ ခုနှစ်ဖွဲ့စည်းပုံဥပဒေကို ဘယ်လိုပြင်သလဲဆိုတာကို ကြည့်ပြီးတော့ တိုင်းပြည်ရဲ့အခြေအနေဟာ ပိုဆိုးမလား၊ ပိုကောင်းမလားဆိုတာ ပြောလို့ရမယ်။

မေး။ အခုလက်ရှိအခြေအနေမှာ ကယားပြည်မှာ ငြိမ်းချမ်းသွားပြီလား။

ဖြေ။ လက်ရှိအခြေအနေမှာတော့ တိုက်ပွဲဖြစ်ပွားမှုတွေတော့ မရှိတော့ဘူးလို့ပြောရမယ်။ ဒါပေမယ့် ကရင်နီလက်နက်ကိုင်တွေဖက်ကတော့ ဒီအပြောင်းအလဲကိုစောင့်ကြည့်နေတဲ့အဆင့်ပဲ ရှိကြပါသေးတယ်။

မေး။ ကယားပြည်နယ်မှာ ဘိန်းပြသာနာ ဘယ်လိုရှိပါသလဲ။

ဖြေ။ လူတွေကတော့ ဘိန်းစိုက်ကြတယ်။ ဆရာတော်ကပြည်သူတွေကို ဘိန်းမစိုက်ကြဖို့ပြောတော့ သူတို့က ငါတို့ကို ဆရာတော်က ထမင်းကျွေး မလားဆိုပြီးပြန်မေးကြပါတယ်။ လက်ရှိအခြေ အနေမှာတော့ ဘိန်းစိုက်တဲ့သူတွေက သူဌေးဖြစ်နေကြပြီး ဘိန်းမစိုက်တဲ့သူတွေ ကတော့ ဆင်းရဲနေကြတယ်။

မေး။ ဂလိုရီယားသတင်းဂျာနယ်ကို ဝေဖန်အကြံပြုပေးပါအုံး။

ဖြေ။ ဆရာရဲ့သတင်းတွေကပြည်တွင်းပြည်ပသတင်းတွေရောနေတယ်။ဖြစ်နိုင်ရင် ကဏ္ဍအလိုက်ခွဲပေးပါ။ သီဩလော်ဂျီနဲ့ပတ်သက်ပြီးတော့ အရေးကြီးတဲ့ခေါင်း စဉ်တွေ (ဥပမာ၊ လက်ထပ်ခြင်း အကြောင်း)ကို အထူးတင်ဆက်ပေးရင် ကောင်းမယ်။

 အယ်ဒီတာချုပ်။ အခုလို အချိန်ပေးပြီးတော့တွေ့ဆုံမေးမြန်းခြင်းကို လက်ခံပေးတဲ့အတွက် ဆရာတော်ဘုရားကို အထူးကျေးဇူးတင်ပါတယ်။

ဆရာတော်။ ဆရာတော်လည်းကျေးဇူးတင်ပါတယ်။ စာပေနဲ့ပတ်သက်ပြီးတော့ အကူအညီလိုတာ ရှိရင် ပြောပါ။ တတ်နိုင်သလောက် ဝိုင်းလုပ်ကြရအောင်။

                                                                                                                                                                               ဂျိုးဇက်ဝင်းလှိုင်ဦး

1775  Views
Previous: ဘာသာရေး ခေါင်းဆောင်များ လည်း မဲပေးပိုင်ခွင့် လည်းရှိကြ ကြောင်း ဆရာတော်ကြီး ချားလ်စ်ဘိုက မိန့်ကြားတော်မူ
Next: ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်က အသက်တော် (၇၂) နှစ်ရှိ၊ ဆရာတော်ကြီး နီကော်လပ်စ်မန်းထန်အား မန္တလေးကက်သလစ်ဂိုဏ်းခုျပ်ဆရာတော်ကြီးအဖြစ်သို့ ခန့်အပ်တော်မူခြင်း