ကက်သလစ်ဆရာတော်ကြီးများအား ခန့်အပ်ခြင်းဆိုင်ရာ သဘောတူညီချက်ကို ဗာတီကန်နိုင်ငံနှင့်တရုတ်ကွန်မြူနစ်နိုင်ငံတို့ လက်မှတ်ရေးထိုးပြီ

 

ဘေဂျင်း၊ စက်တင်ဘာလ ၂၂၊ ၂၀၁၈

ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်၏ဦးဆောင်မှုဖြင့် ဗာတီကန်နိုင်ငံသည် တရုတ်နိုင်ငံရှိကက်သလစ် အသင်းတော်အတွက် လိုအပ်သော ကက်သလစ်ဆရာတော်ကြီးများအားရွေးချယ်ခန့်အပ်ခြင်းဆိုင်ရာသဘောတူ ညီချက်ကို တရုတ်နိုင်ငံအစိုးရနှင့် ဘေဂျင်းမြို့၌ စက်တင်ဘာလ (၂၂) ရက်နေ့က လက်မှတ်ရေးထိုးလိုက်ပြီဟု ဗာတီကန်နိုင်ငံမှ စက်တင်ဘာလ (၂၂) ရက်နေ့က ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

၎င်းနှစ်နိုင်ငံသဘောတူညီချက်လက်မှတ်ရေးထိုးခြင်းကို ဗာတီကန်နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီး ဘုန်းတော်ကြီး အန်တိုနီကာမီလဲရီနှင့် တရုတ်နိုင်ငံမှာ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဝိုင်ချောင်တို့က လက်မှတ် ရေးထိုးကြခြင်း ဖြစ်သည်။

၎င်းကြေညာချက်ထဲ၌၊ ဗာတီကန်နိုင်ငံ၏နိုင်ငံခြားရေးဝန်ကြီးဌာနမှ နိုင်ငံခြားရေးဝန်ကြီးဖြစ်တော်မူသော ကာဒီနယ်ပါရိုလင်းက ““ဒီလိုနှစ်နိုင်ငံသဘောတူလက်မှတ်ရေးထိုးခြင်းသည် တရုတ်နိုင်ငံတွင်တည်ရှိနေသောကက်သလစ်အသင်းတော်နှင့်ဘာသာဝင်များ၏အသက်တာအတွက် လွန်စွာပင်အရေးကြီးခြင်းကို အခြေခံထား ကြောင်း၊ နှစ်နိုင်ငံဆိုင်ရာ လက်တွဲလုပ်ဆောင်နိုင်ခြင်းတွင် ပိုပြီးကြီးမားသောလက်တွဲလုပ်ဆောင်နိုင်ခြင်းအခြေအနေ ကို ဖန်တီးပေးရန်အတွက် ဖြစ်သည်”” ဟု ကာကွယ်ပြောဆိုတော်မူလိုက်သည်။

ဆက်လက်ပြီး ဗာတီကန်နန်းတော်၏ပြောရေးဆိုခွင့်ရှိသူ ဂရက်ဘတ်က ““ဒီသဘောတူညီချက်သည် အဆုံး မဟုတ်ဘဲ အစသာ ရှိသေးကြောင်း၊ မတူညီသောအမြင်များထဲတွင် ရှိနေကြသော လူသားတို့၏ တွေ့ဆုံဆွေးနွေးခြင်း လမ်းစဉ်ရဲ့အစသာ ဖြစ်နေသေးသည်”” ဟု မှတ်ချက်ပြုလိုက်သည်။ ““ဒီသဘောတူညီချက်ရဲ့ပန်းတိုင်က နိုင်ငံရေးမဟုတ်ဘဲ၊ ဘာသာရေးဆိုင်ရာရည်ရွယ်ချက်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံမှာရှိနေကြတဲ့ကက်သလစ်ခရစ်ယာန်ဘာသာဝင်များက ရဟန်းမင်းကြီးကို နာခံသော ကက်သလစ်ဆရာ တော်ကြီးများကို ပိုင်ဆိုင်နိုင်ရေးနှင့် ၎င်းဆရာတော်များကို တရုတ်နိုင်ငံအစိုးရက အသိအမှတ်ပြု လာရေးအတွက် ဖြစ်ပါတယ်”” ဟု ရှင်းပြသည်။

ဤသဘောတူစာချုပ်အရ၊ ရဟန်းမင်းကြီးဖရန်စစ်သည် ဗာတီကန်နန်းတော်၏ခွင့်ပြုချက်နှင့်သဘောတူညီ ချက်မရှိဘဲ တရုတ်အစိုးရက ကက်သလစ်ဆရာတော်အဖြစ် ရွေးချယ်ခဲ့သော တရားမဝင်ဆရာတော်များအားလုံးကို လည်း တရားဝင်ဆရာတော်များအဖြစ် အသိအမှတ်ပြုလိုက်ပြီး၊ အသင်းတော်မှထုတ်ပယ်ခံခဲ့ကြရသော ဆရာတော် များအားလုံးကိုလည်း အသင်းတော်ထဲသို့ ပြန်လည် လက်ခံလိုက်ပြီ ဖြစ်သည်။

သို့သော် တရုတ်ကွန်မြူနစ်အစိုးရက တရားဝင်ဖွဲ့စည်းထားသော မျိုးချစ်ကက်သလစ်အသင်းတော်နှင့်ပတ် သက်ပြီး ၎င်းသဘောတူညီချက်ထဲတွင် ကွက်ကွက်ကွင်းကွင်း မဖော်ပြထားပေ။ တရုတ်ကွန်မြူနစ်နိုင်ငံထဲတွင်ကက်သလစ်ခရစ်ယာန်ဘာသာဝင်ဦးရေသည် သိန်း (၆၀ နှင့် ၁၀၀) အကြားတွင် ရှိမည်ဟု ခန့်မှန်းရပါသည်။

ဟောင်ကောင်ကက်သလစ်ကာဒီနယ်ဇင်းက ဗာတီကန်နိုင်ငံနှင့်တရုတ်ကွန်မြူနစ်နိုင်ငံတို့ သဘောတူညီ ချက်အပေါ် နတ်ဆိုးနှင့်အပေးအယူလုပ်ခြင်းဟု ဝေဖန်လိုက်ပြီး ဗာတီကန်နိုင်ငံ၏နိုင်ငံခြားရေးဝန်ကြီးဌာနမှ နိုင်ငံခြား ရေးဝန်ကြီးဖြစ်တော်မူသော ကာဒီနယ်ပါရိုလင်းအား ရာထူးမှ အနားယူဆင်းပေးရန်အထိ တောင်းဆိုတော်မူ လိုက်သည်။ ပုသိမ်ကက်သလစ်သာသနမှ ဘုန်းတော်ကြီးဟင်နရီအိုက်ခလိန်ကမူ ၎င်းသဘောတူညီချက်အား ရာစုသစ်ကို ဖွင့်လှစ်သောအမှတ်လက်္ခဏာဟု မှတ်ချက်ပြုသည်။

ဗာတီကန်နိုင်ငံနှင့်တရုတ်ကွန်မြူနစ်နိုင်ငံတို့သည် ၁၉၅၁ ခုနှစ်အထိ တရားဝင်သံတမန်ဆက်သွယ် အသိအမှတ်ပြုခြင်းကို တည်ဆောက်ခဲ့ကြသော်လည်း ၁၉၅၁ ခုနှစ်က တရုတ်ကွန်မြူနစ်ခေါင်းဆောင်များကို လုပ်ကြံရန် ကြံစည်လုပ်ဆောင်မှု၌ ကက်သလစ်ရဟန်းတစ်ပါး ပါဝင်ခြင်းကို အခြေခံပြီး တရုတ်ကွန်မြူနစ်အစိုးရက ဗာတီကန်နိုင်ငံနှင့်သံတမန်ဆက်သွယ်ခြင်းကို ဖြတ်တောက်ခဲ့သည်ဟု သမိုင်းအရ သိရှိရပါသည်။ ၀၁၁ ကုန်ဇမှုန်း

805  Views
Previous: ၂၀၁၈ ခုနှစ်တွင် တကမ္ဘာလုံးတွင် ကက်သလစ်ခရစ်ယာန် ဘာသာဝင်လူဦးရေ သိန်းပေါင်း ၁၄၀ (၁၄၂၄၉၀၀၀) တိုးတက်လာ
Next: ရဟန်းမင်းကြီးဖရန်စစ်ကတကမ္ဘာလုံးဆိုင်ရာကက်သလစ်ဆရာတော်ကြီးများအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြဌာန်း