ကက်သလစ်သာသနာတော်က အမျိုးသမီးများအား ဦးပဉ္ဇင်းသိက္ခာကို ပေးသင့်ကြောင်း ဆရာတော်ကြီး ပေါဂျူရိုချေက

02

အောက်တိုဘာ ၆၊ ၂၀၁၅၊ ကနေဒါ

ကနေဒါနိုင်ငံမှ ဂိုဏ်းချုပ်ဆရာတော်ကြီး ပေါဂျူရိုချေ (ဘေးပုံ) က ဗာတီကန်နန်းတော် တွင်ကျင်းပပြုလုပ်သော တကမ္ဘာလုံးဆိုင်ရာ ကက်သလစ်ဆရာတော်ကြီးများ၏ မိသားစုနှင့်ဆိုင်သော ဓမ္မညီလာခံကြီးအား အမျိုးသမီးများကို ဦးပဉ္စင်းသိက္ခာပေးရန် စဉ်းစား သင့်ကြောင်း      ဖြင့် အောက်တိုဘာလ (၆) ရက်နေ့က အကြံပြုချက် ထုတ်ပြန်တော်မူလိုက်သည်။ ၎င်းက ကက်သလစ်သာသနာတော် သည် အမျိုးသမီးများကို အသင်းတော်ထဲတွင် အခွင့်အရေးများကို ပိုမိုပေးကမ်းရန် စဉ်းစားရာတွင် အမျိုးသမီးဦးပဉ္စင်းများကိုထားရှိသင့် သည်ဟု မိန့်ကြား   တော်မူလိုက်သည်။

ဆရာတော်ကြီးက “ ဖြစ်နိုင်လျှင် အရည်အချင်းရှိသောအမျိုးသမီးများကို ပိုမြင့်သောရာထူးများနှင့် ဆုံးဖြတ်ပိုင်ခွင့်များကိုအသင်းတော်၏ အုပ်ချုပ်ပုံထဲတွင် ပေးသင့်ကြောင်းနှင့် အမှုတော်လုပ်ငန်းတွင် အသစ်သောအခွင့်အရေးများကိုပေးအပ်သင့်သည် ” ဟု ညီလာခံဖခင်များ အား အကြံပြုခြင်းဖြစ်သည်။ ထိုကဲ့သို့သော အကြံပြုခြင်းနှင့် စပ်လျဉ်းပြီး သူက “ ကျွန်တော်တို့အနေနဲ့ အမျိုးသမီးများကို ဦးပဉ္ဇင်းသိက္ခာ ပေးရန်ဖြစ်နိုင်ခြေကိုစဉ်းစားသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကက်သလစ်အသင်းတော်ထဲက ဦးပဉ္ဇင်းသိက္ခာသည် အသင်းတော်၏ ထုံးတမ်းစဉ်လာအရ ရဟန်းသိက္ခာအတွက်ပေးခြင်းမဟုတ်ဘဲ ဘုရားအမှုတော်ကိုထမ်းဆောင်ရန် အတွက် ပေးခြင်း သာဖြစ်သည် ” ဟု     ထောက်ပြတော်မူသည်။

လက်ရှိအခြေအနေတွင်မူ ကက်သလစ်သာသနာတော်သည် ဦးပဉ္ဇင်းသိက္ခာကို အမျိုးသားများသာပေးပြီး အမျိုးသားဦးပဉ္ဇင်းများသည်    တရားဟောခွင့်၊ လက်ထပ်ခြင်း အခမ်းအနား၊ အသုဘအခမ်းအနားနှင့် ဆေးကြောခြင်းပေးရာတွင် ဦးဆောင်ခွင့်တို့ကိုသာပေးထားပြီး     မစ္ဆား ပူဇော်ခြင်းနှင့် အာပတ်ဖြေနားထောင်ခွင့်မရှိပေ။

၂၀၁၄ ခုနှစ်က စတင်ဆွေးနွေးပြီးထုတ်ပြန်ထားသော အစီရင်ခံစာတွင်မူ အမျိုးသမီးများကို ကက်သလစ်သာသနာတော်ထဲတွင် အရေးပါသော လုပ်ပိုင်ခွင့်များကိုပေးရန် အထူးသဖြင့် အသင်းတော်၏အရေးကြီးသော ဌာနများတွင် အုပ်ချုပ်ခွင့်၊ ပါဝင်ခွင့်၊ ဆုံးဖြတ်ခွင့်နှင့်       သိက္ခာရအမှုတော်လုပ်ငန်းများတွင် ပါဝင်ခွင့်ပေး နိုင်သောအကြံပြုချက်များကို ထည့်သွင်း ရေးသားခဲ့ခြင်းဖြစ်သည်။

ဆရာတော်ကြီးက သူ၏အဆိုပြုအကြံပြုချက်သည် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့် အိမ်တွင်းအကြမ်းဖက်မှုများနှင့် ချိတ်ဆက်ပြီး အကြံပြုခြင်းဖြစ်ပါကြောင်း၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းက ကမ္ဘာပေါ်ရှိ အမျိုးသမီး (၃၀%) သည် မိမိတို့အဖော်များ၏ အကြမ်းဖက်ခြင်းကို ခံနေရသည်ဟု အစီရင်ခံထားကြောင်းဖြင့် မီးမောင်းထိုးပြတော်မူသည်။

ဆရာတော်ကြီးက အမျိုးသမီးများအား အကြမ်းဖက်ခြင်းကို အကောင်းဆုံးဖြေရှင်းနည်းသည် ယခုညီလာခံက အမျိုးသားများက အမျိုးသမီးအားအုပ်စိုးခြင်းကို အသိအမှတ်မပြုသင့်ကြောင်း၊ ကျွန်ုပ်တို့ကမ္ဘာကြီး တွင်လည်း အမျိုးသမီးများကို မနှိမ်သင့်သည့်အပြင် လက်ထပ်ခြင်းတွင်လည်း အထင်မသေးသင့်ကြောင်း၊ စိန်ပေါလ်၏ကျမ်းချက်ဖြစ်သော အမျိုးသမီးများသည် အမျိုးသား များကိုနာခံရမည်ဟူသော ကျမ်း   ချက်ကို မှန်ကန်စွာဖြင့် အနက်ဖွင့်ဆိုသင့်သည် ” ဟု ဆော်သြတော်မူလိုက်သည်။

ထို့အပြင်ဆရာတော်ကြီးက ဆက်လက်အကြံပြုရာတွင် ဗာတီကန်ဌာနချုပ်နှင့် ဆရာတော် ပိုင်သာသနာများတွင် အရေးကြီးသော လုပ်ငန်းပိုင်းဆိုင်ရာဆုံးဖြတ်ချက်များနှင့် သာသနာတော်၏ ကြီးမားသောအခမ်းအနားများ နှင့် စီမံချက်များအတွက် အမျိုးသမီးများကို ငှားရမ်းသင့်ကြောင်း၊ နောက်တစ်ချက်ကမူ သေချာပုံသွင်းသင်ကြားပေးထားသော လင်မယားစုံတွဲများကို တနင်္ဂနွေနေ့များ၏ မစ္ဆားပူဇော်ဝတ်ပြုဆုတောင်းချိန်တွင် တရားဟောခိုင်းခြင်းဖြင့် မိမိတို့၏ ဘုရားသခင်နှင့် မိသားစုဘဝတွင် ထိတွေ့မှုကို သက်သေခံဟောပြောခွင့်ကိုပေး   သင့်သည်ဟု ကက်သလစ်သာသနာ တော်အား အကြံပြုထားသည်။        ဝင်းလှိုင်ဦး

1559  Views
Previous: ရဟန်းမင်းအမတ်ဆရာတော်ကြီး ချားလ်စ်ဘိုက အိမ်ထောင်ကွဲသူများအား ကိုယ်တော်မြတ်ပင့်ယူခြင်းကို ခွင့်ပြုသင့်သည်ဟု အကြံပြုတော်မူ
Next: မိသားစုက မိမိတို့အား အထီးကျန်ဆန်ခြင်းဘဝမှ ကယ်တင်သည်ဟု ရဟန်းမင်းကြီးဖရန်စစ်က မိန့်ကြားတော်မူ