ကလေး ၁၂ သန်း ပညာသင်ခွင့်ဆုံးရှုံးနေတာကို လက်ခံမှာမဟုတ်ကြောင်း ကုလအဖွဲ့ သတိပေး

မြန်မာနိုင်ငံမှာရှိတဲ့ ကလေးသူငယ်နဲ့ လူငယ် ၁၂ သန်းကျော်ဟာ၊ ပုံမှန်ပညာသင်ယူလေ့လာမှု အစီအစဉ် တွေကို လက်လှမ်းမမှီခဲ့တာ တစ်နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်တာကြောင့်၊ သူတို့အားလုံးရဲ့ ပညာရေး၊ တစ်ကိုယ် ရေ ဖွံ့ဖြိုးတိုးတက်မှု၊ စိတ်ပိုင်းဆိုင်ရာလုံခြုံမှုနဲ့ အနာဂတ်အခွင့်အလမ်းများအပေါ် သက်ရောက်မယ့် အကျိုး ဆက်ဟာ အလွန်ကြီးမားပြီး ထပ်မံမြင့်တက်လာနိုင်ကြောင်း ဘန်ကောက်အခြေစိုက် UNESCO၊ UNICEF နဲ့ Save the Children၊ တို့ က သတိပေးလိုက်ပါတယ်။

ဒီကနေ့ မေလ ၂၀ ရက်နေ့မှာ ထုတ်ပြန်တဲ့ UNESCO၊ UNICEF နဲ့ Save the Children အဖွဲ့ သုံးခုရဲ့ ပူးတွဲထုတ်ပြန်ချက်မှာ အဲဒီလို သတိပေးလိုက်တာ ဖြစ်ပါတယ်။

မင်းတပ်မြို့က စစ်ဘေးရှောင်ကလေးငယ်တွေကို တွေ့ရစဉ်

အဲဒီဆိုးကျိုးတွေဟာ အနွမ်းပါးဆုံးနဲ့ ဝေးလံခေါင်ဖျားဒေသများက ကလေးသူငယ်တွေအပေါ် ပိုပြီးထိခိုက် နိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

“ပညာသင်ယူနေတဲ့နေရာတွေကို အမြဲတစေ ဘေးကင်းလုံခြုံစွာထားရှိနိုင်ရေးနဲ့ စဉ်ဆက်မပြတ် လေ့လာသင်ယူနိုင်ရေးဟာ၊ မြန်မာနိုင်ငံအတွက် ဦးစားပေးအချက်တစ်ခု ဖြစ်တယ်။ ဘေးကင်းလုံခြုံတဲ့ အရည်အသွေးမီပညာရေးကို သင်ယူလေ့လာခွင့်မရတာဟာ၊ မြန်မာနိုင်ငံရှိ လူငယ်မျိုးဆက်တစ်ခုလုံး သင်ကြားမှုအခွင့်အလမ်းကို လွဲချော်အောင် ခြိမ်းခြောက်နေတယ်။ ဒီအခြေအနေကို လုံးဝ လက်သင့်ခံမှာ မဟုတ်ဘူး” လို့လည်း UNESCO၊ UNICEF နဲ့ Save the Children အဖွဲ့ သုံးခု ရဲ့ ပူးတွဲထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။

ဒါ့အပြင် အာဏာဖီဆန်ရေး CDM လုပ်တဲ့ ဆရာ ဆရာမ တစ်သိန်းနှစ်သောင်းကို စစ်ကောင်စီက အလုပ်ဖြုတ် လိုက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး၊ ယူနက်စကို မြန်မာရုံးကို RFA က သီးသန့် ဆက်သွယ်မေးမြန်းရာမှာလည်း “တစ်နိုင်ငံလုံးမှာရှိတဲ့ အခြေခံပညာဆရာဆရာမ အများအပြားကို စစ်ကောင်စီက အလုပ်ဖြုတ်လိုက်တာဟာ၊ နဂိုကတည်းက အချိန်တစ်နှစ်ကျော် ပိတ်ထားရတဲ့ မြန်မာနိုင်ငံက စာသင်ကျောင်းတွေနဲ့ ပညာရေးစနစ်ကို ပိုဆိုးစေလိမ့်မယ်” လို့ တုံ့ပြန်ဖြေကြားထားပါတယ်။

“ဒီလုပ်ရပ်ဟာ မြန်မာနိုင်ငံမှာရှိတဲ့ ကလေးသူငယ်တွေနဲ့ လူငယ်မျိုးဆက်တစ်ခုလုံးရဲ့ သင်ယူမှုနဲ့ ဘဝတိုးတက်ရေး အခွင့်အလမ်းတွေကို လွဲချော်စေတဲ့ ခြိမ်းခြောက်မှု ဖြစ်တယ်” လို့ ယူနက်စကို မြန်မာစီမံကိန်းရုံးက သတိပေးထားပါတယ်။

437  Views
Previous: ဒေါ်အောင်ဆန်းစုကြည်၏ ရန်ကုန်အမှုတွဲ တရားလွှတ်တော်ချုပ်တောင်းယူ
Next: မိုးမောက်မြို့နယ်က စစ်ဘေးဒုက္ခသည် ၆၀၀၀ ကျော် အကူညီမဲ့နေ