ဒေါ်အောင်ဆန်းစုကြည်၏ ရန်ကုန်အမှုတွဲ တရားလွှတ်တော်ချုပ်တောင်းယူ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပါ ၄ ဦးအား ရန်ကုန်တွင် တရားစွဲထားသည့် နိုင်ငံတော်အစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မ ၃-၁(ဂ) အမှုတွဲအား နေပြည်တော်၊ ပြည်ထောင်စု တရာလွှတ်တော်ချုပ်က တောင်းယူထားကြောင်း အမှုတွင် လိုက်ပါဆောင်ရွက်နေသည့် ရှေ့နေတဦးကပြောသည်။

ယနေ့ရုံးချိန်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် လူချင်းတွေ့ဆုံခွင့်ရရန် ရှေ့နေများ၏ လျှောက်ထားမှုကိုမူလက အမိန့်ချရန် ပြောဆိုထားသော်လည်း ယခု နေပြည်တော်က အမှုတွဲတောင်းယူလားခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေတဦးက “ စီရင်ပိုင်ခွင့်အာဏာက ရန်ကုန်မှာမရှိဘဲ နေပြည်တော်မှာပဲ ရှိလို့ ရုံး ပြောင်းချင်တဲ့ သဘောလို့ထင်တယ်။ အချင်းဖြစ်ရပ်ကလည်း နေပြည်တော်မှာဘဲ၊ မစ္စတာ ရှောင်တာနယ်ကို သာ ရန်ကုန်မှာ တည်းနေရင်း ဖမ်းမိလို့ ရန်ကုန်မှာတရားစွဲတဲ့အခြေအနေကိုး”ဟု ပြောသည်။

ယနေ့ရုံးချိန်အား အွန်လိုင်းကတဆင့် ပြုလုပ်ရာတွင်လည်း ဒေါ်အောင်ဆန်းစုကြည်က သူမ၏ ရှေ့နေအားလုံးနှင့် လူချင်းတွေ့ဆုံချင်ကြောင်း ပြောဆိုခဲ့သည်ဟု တရားသူကြီး ရှေ့နေများအား ပြောပြခဲ့သည်။

ယနေ့အွန်လိုင်းကတဆင့် ရုံးထုတ်ရာတွင်လည်း ရှေ့နေများနှင့် တွေ့ခွင့်မရခဲ့ဘဲ နောက်ရုံးချိန်းအား ဇွန်လ ၃ ရက်နေ့ကို ပြန်လည်ချိန်းဆိုထားသည်။

လျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ ၃-၁(ဂ)ဖြင့် တရားစွဲခံရသူများတွင် ဒေါ်အောင်ဆန်းစုကြည်အပြင် စီပွားရေး အကြံပေး ဩစတေးလျနိုင်ငံသား မစ္စတာရှောင်တာနယ်၊ ဦးစိုးဝင်း (စီမံ/ဘဏ္ဍာဝန်ကြီး) ၊ ဦးဆက်အောင် (စီမံ/ ဘဏ္ဍာ/စက်မှု ဒုဝန်ကြီး) နှင့် ဦးကျော်ဝင်း (စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း) တို့လည်း ပါဝင်သည်။

၎င်းတို့အား တရားစွဲထားသည့် လျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃- ၁ (ဂ) သည် ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်ခံ ရနိုင်သည့် ပုဒ်မ ဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်သည် နေပြည်တော်တွင်လည်း ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ၊ ရာဇသတ်ကြီး ဥပဒေပဒ်မ ၅၀၅ (ခ)၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ တို့ဖြင့်လည်း တရားစွဲခံထား ရသေးသည်။

478  Views
Previous: စစ်ကောင်စီက YRTA ကို YPTC အဖြစ် ဖွဲ့စည်းပြီးနောက် ခရီးသည်များ ခက်ခဲမှုများ ပိုဖြစ်လာ
Next: ကလေး ၁၂ သန်း ပညာသင်ခွင့်ဆုံးရှုံးနေတာကို လက်ခံမှာမဟုတ်ကြောင်း ကုလအဖွဲ့ သတိပေး