ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်တွေဟာ ခရစ်ယာန်ဘုရားကျောင်းတွေထဲမှာ တပ်စွဲပြီး ဘာသာရေးနဲ့ဆိုင်တဲ့ ပစ္စည်းတွေကိုဖျက်ဆီး

ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်တွေဟာ ခရစ်ယာန်ဘုရားကျောင်းတွေထဲမှာ တပ်စွဲပြီး ဘာသာရေးနဲ့ဆိုင်တဲ့ ပစ္စည်းတွေကိုဖျက်ဆီးတာ၊ သာသနာကိုညှိုးနွမ်းစေတဲ့ အရက်သေစာ သောက်စားတာတွေ ကြုံနေရတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁ ရက်နေ့က မင်းတပ်မြို့နယ်မှာရှိတဲ့ ချပ်ရွာက ဘုရားကျောင်းမှာဆိုရင် စစ်ကောင်စီ တပ်သားတွေဟာ ကျောင်းထဲမှာဝင်ရောက် တပ်စွဲပြီး အရက်သေစာသောက်စားတာ၊ ကျမ်းစာအုပ်တွေကိုပါ ဖျက်ဆီးခဲ့တာတွေ လုပ်ခဲ့တယ်လို့ဆိုပါတယ်။

စစ်တပ်ဟာ ချပ်ဘုရားကျောင်းထဲမှာ စားသောက်ဆိုင်တစ်ခုလို အသုံးပြုသွားတာ တွေ့ရတယ်လို့ ချင်းနှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး၊ သိက္ခာတော်ရဆရာ ဒေါက်တာလောဟာလင်းရ်က ပြောပါတယ်။

“မနေ့တနေ့ကလို့ ပြောရမှာပေါ့။ မကြာသေးခင်က မင်းတပ်မြို့နယ်မှာပဲ ချပ်ရွာမှာ ချပ်နှစ်ခြင်း ဘုရားကျောင်းမှာ အဲလိုပဲ နေရာယူပြီးတော့ သာမန်စားသောက်ဆိုင်လို ဘုရားကျောင်းလိုမလုပ်ဘဲနဲ့ အဲလိုပဲ သုံးသွားတာ ရှိပါတယ်။ လောလောဆယ်တော့ သိသိသာသာကြီးတော့ မြို့ပေါ်အသင်းတော်မှာ တစ်ခုရှိခဲ့ပြီးပြီ။ နယ်မှာ အသင်းတော်တွေမှာလည်း နှစ်ခြင်းအသင်းတော်မှာ တစ်နေရာလောက်တော့ ရှိနေပြီ။ ဘုရားကျောင်းထဲမှာကို စားသောက်နေထိုင် အဲလိုဖျက်စီးတာတွေ ရှိပါတယ်”

ပြီးခဲ့တဲ့ သြဂုတ်လ ၅ ရက်နေ့ကလည်း ဖလမ်းမြို့နယ်မှာရှိတဲ့ တာလ်ကျေးရွာက ကက်သလစ် ဘုရားကျောင်း မှာ စစ်တပ်က အချိန်ငါးရက်ခန့် ဝင်ရောက်တပ်စွဲနေထိုင်ပြီးနောက် ဘာသာရေးနဲ့ဆိုင်တဲ့ပစ္စည်းတွေ ဖျက်ဆီးခံခဲ့ရတယ်လို့လည်း ဆိုပါတယ်။

မင်းတပ်မြို့မှာ CDF အဖွဲ့နဲ့ တိုက်ပွဲတွေမှာ တောင်ထိပ်မှာရှိတဲ့ ဂရိတ်ကက်သလစ် ဘုရားကျောင်းထဲကို အတင်းဝင်ရောက် နေရာယူပြီးတော့ ပစ်ခတ်တိုက်ခိုက်တာတွေလည်း ရှိခဲ့တယ်လို့ ပြောပါတယ်။

အခုလို ဘုရားကျောင်းတွေထဲ ဝင်ရောက်စခန်းချလို့ ဘာသာရေးနဲ့ဆိုင်တဲ့ ပစ္စည်းတွေဖျက်ဆီးခံခဲ့ရတဲ့ ဘုရားကျောင်းဟာ သုံးကျောင်းထက်မနည်း ရှိနေတယ်လို့လည်းဆိုပါတယ်။

 

ချပ်ရွာက စိန်ဂျွန်းကက်သလစ်သာသနာကျောင်းထိုင်ဘုန်းတော်ကြီး ဂျွန်ဟွမ်ကလည်း၊ ရဟန်းများသာ ကိုင်တွယ်ရတဲ့ ကောင်းကြီးပေးထားတဲ့ ခရစ်တော်၏မုန့်တော် (ကိုယ်တော်မြတ်) ကို ဘုရားစင်အထက်မှာ ထည့်ထားပြီး သော့ခတ်ထားပါတယ်။ အဲဒါကိုပဲ စစ်သားတွေက သော့ဖျက်ပြီး အဲဒီကိုယ်တော်မြတ်မုန့်ကို အပြင်ယူထုတ်ပြီး ကြမ်းပြင်ပေါ်မှာ ထားခဲ့ကြတယ်။ ဘုရားကျောင်းထဲက သော့ခတ်ထားတဲ့ဗီယိုတွေကိုလည်း သော့ရိုက်ဖြုတ်ထားကြတယ်ဟု ဂလိုရီယာသတင်းဂျာနယ်သို့ စက်တင်ဘာလ (၁) ရက်နေ့က ဖြေကြားပေးတော်မူသည်။

 

စစ်သားတွေက သော့ဖျက်ပြီး ကိုယ်တော်မြတ်မုန့်ကို အပြင်ယူထုတ်ပြီး ကြမ်းပြင်ပေါ်မှာ ထားခဲ့ကြတယ်။

 

ဆက်လက်ပြီး ၎င်းဘုန်းတော်ကြီးက၊ ပြည်သူ့တပ်မတော်ဆိုတဲ့နိုင်ငံ့တပ်မတော်အနေနဲ့ ဒီလိုမျိုး ဘာသာတရားတွေရဲ့ အထွဌ်အမြတ်ထားတဲ့အရာတွေကို မရိုမသေလုပ်ပြီး စော်ကားဖျက်ဆီးတာဟာ မင်းမဲ့စရိုက်လုပ်ရပ်၊ သွေးရူးကြောင်တဲ့သူတွေရဲ့လုပ်ရပ်အဖြစ် ရှုတ်ချလိုပါတယ်ဟု ဂလိုရီယာသတင်းဂျာနယ်သို့ စက်တင်ဘာလ (၁) ရက်နေ့က ဖြေကြားပေးတော်မူသည်။

 

ဘုရားကျောင်းထဲက ရဟန်းအသုံးအဆောင်များကို သော့ခတ်ထားတဲ့ဗီယိုတွေကိုလည်း သော့ရိုက်ဖြုတ်ထားကြတဲ့ပုံ

 

ဘုရားကျောင်းထဲက ရဟန်းအသုံးအဆောင်များကို သော့ခတ်ထားတဲ့ဗီယိုတွေကိုလည်း သော့ရိုက်ဖြုတ်ထားကြတဲ့ပုံ

 

စစ်ကောင်စီတပ်က ခရစ်ယာန်ဘုရားကျောင်းတွေမှာ တပ်စွဲပြီး ဖျက်ဆီးတာဟာ လက်ခံနိုင်စရာ မရှိသလို ယုံကြည်ကိုးကွယ်တဲ့ လူမျိုးတွေကိုပါ စော်ကားတာ ဖြစ်တယ်လို့ ချင်းနှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး သိက္ခာတော်ရဆရာ ဒေါက်တာလောဟာလင်းရ်က ပြောပါတယ်။

“ဒါကတော့ တကယ့်တကယ်တော့ မဖြစ်သင့်ပါဘူးလေ။ ဘာလို့လဲဆိုတော့ အထူးသဖြင့် ကျွန်တော်တို့ ပြည်ထောင်စုမြန်မာနိုင်ငံတော်လို ဟာမျိုးမှာတော့ တိုင်းရင်းသားပေါင်းစုံနဲ့ ကိုးကွယ်ယုံကြည်မှုပေါင်းစုံနဲ့ ကျွန်တော်တို့ အတူတကွ တည်ဆောက်ထားတဲ့ တိုင်းပြည်မျိုးမှာတော့ ပိုပြီးတော့တောင် ဂရုစိုက်သင့် တယ်လို့ ယူဆပါတယ်။ အထူးသဖြင့် နိုင်ငံတော်ကို ဦးဆောင်တဲ့ အုပ်ချုပ်တဲ့ ဘယ်သူပဲဖြစ်ဖြစ်ပေါ့လေ။ ဒါတွေကိုတော့ လုံးဝမဖြစ်ချင်ဘူး။ ဒါက ဘာသာရေးစော်ကားမှုအသွင်လည်း ဖြစ်လာစရာ အကြောင်းတွေ ရှိတယ်။ နောက်တစ်နည်းအာဖြင့် ပြောရရင် ဘာသာတစ်ခုကို စော်ကားခြင်းအားဖြင့် ဒီဘာသာကို ကိုးကွယ်သက်ဝင် ယုံကြည်တဲ့ လူမျိုးတွေ၊ တိုင်းရင်းသားတွေကို စော်ကားသလို ဖြစ်သွားနိုင်တဲ့အကြောင်း ရှိတယ်”

စစ်တပ်က တပ်စွဲခဲ့တဲ့ကျောင်းတွေ ပြန်လည်စင်ကြယ်သန့်ရှင်းစေဖို့ ဘာသာရေးအရ ဆုတောင်းတာတွေ လုပ်ဆောင်ခဲ့ရတယ်လို့လည်း ပြောပါတယ်။

ကန်ပက်လက်မြို့မှာတော့ ပြီးခဲ့တဲ့ သြဂုတ်လ ၆ ရက်နေ့က CDF အဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ရဲ့ မြို့တွင်း တိုက်ပွဲမှာ စစ်တပ်ဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ကြောင့် လူနေအိမ်အချို့နဲ့ နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်း နှစ်ကျောင်းပါ ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်နက်ကြီးကြောင့် ပျက်စီးသွားတဲ့ အဲဒီဘုရားကျောင်းတွေကို ဒီနေ့အထိ ပြန်လည်ပြုပြင်နိုင်ခြင်း မရှိသေးဘူးလို့လည်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကန်ပက်လက်မြို့ခံတစ်ဦးက ပြောပါတယ်။

“အဲတုန်းက ည ၉ နာရီမှာပေါ့။ သေနတ်သံ အရင်ကြားရပြီးတော့မှ လက်နက်ကြီးသံ ကြားရတာ။ လက်နက်ကြီး သံကတော့ အချက် ၂၀ လောက်ကြားရတာပေါ့။ RC ဘုရားကျောင်းမှာလည်း ကျသလို နှစ်ခြင်းဘုရားကျောင်းလည်း ကျသွားခဲ့တယ်။ ဘာသာရေး အဆောက်အအုံ အနေနဲ့ အဲနှစ်ခုမှာပဲ ကျခဲ့တယ်။ လူနေအိမ်ကတော့ သုံးအိမ်လောက်ပေါ့။ လက်နက်ကြီးကျတဲ့ အိမ်ရှိသလို ကျည်ထိတဲ့ အိမ်တွေလည်း ရှိတယ်။ အဲတုန်းက ဘုရားကျောင်းက အပျက်အစီးတွေကတော့ အခုချိန်ထိ ပြန်မပြင် ရသေးဘူး။ ဘုရားကျောင်းကတော့ ခေါင်းမိုးတွေ ပေါက်ထွက်ကုန်တာ၊ လက်နက်ကြီးကျတာ ဆိုတော့လေ။ လူနေအိမ်တွေလည်း သုံးအိမ်လောက် ထိခိုက်မှုရှိပြီးတော့ အဲတာလည်း အခုချိန်ထိ မပြုပြင် ရသေးဘူး။ လူတွေလည်း ပြန်မနေနိုင်သေးဘူး”

“ ဒါက ဘာသာရေးစော်ကားမှုအသွင်လည်း ဖြစ်လာစရာအကြောင်းတွေရှိတယ်။”

စစ်ဘက်ဆိုင်ရာ စည်းကမ်းတွေထဲမှာ ဘာသာရေး အဆောက်အအုံတွေအပြင် ဆေးရုံး၊ ကျောင်း အစရှိတဲ့ အများပြည်သူနဲ့ဆိုင်တဲ့ နေရာတွေမှာ တပ်စွဲတာ မလုပ်ရဘူးလို့ ပြဌာန်းထားပေမယ့် စစ်ကောင်စီဟာ တစ်နိုင်ငံလုံးမှာ ဒီစည်းကမ်းတွေကို ပြောင်ကျကျ ချိုးဖောက်နေတယ်လို့ ချင်းလူ့အခွင့်အရေး အဖွဲ့ (CHRO) က ဝေဖန်ပါတယ်။

ဒါဟာ စစ်ရာဇဝတ်မှုတစ်ခုလို့လည်း ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ရဲ့ ဒုတိယ အမှုဆောင်ဒါရိုက်တာ ဆလိုင်းဇအုပ်လိန်းက ပြောပါတယ်။

“ ဒီကိစ္စက စစ်ရာဇဝတ်မှု ကျူးလွန်တာပဲဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘုရားကျောင်း၊ ဆေးရုံ စတဲ့ အများပြည်သူနဲ့ သက်ဆိုင်တဲ့ အဆောက်အအုံတွေမှာ စစ်သားက တပ်မစွဲရဘူးဆိုတဲ့ဟာ နိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေ၊ စစ်ဥပဒေတွေမှာ ပြဌာန်းထားတာ ကျွန်တော်တို့တွေ့ရတယ်။ သူတို့စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ သူတို့ဒါကို ချိုးဖောက်တာတွေ အများကြီးရှိခဲ့တယ်။ ဘုရားကျောင်း တွေမှာလည်း ဒီအတိုင်းပဲပေါ့။ ဒါဟာဆိုလို့ရှိရင် နိုင်ငံတကာ စစ်ရေးနဲ့ဆိုင်တဲ့ ဥပဒေတွေကို သူတို့ တမင်သက်သက် ချိုးဖောက်နေတာလို့ ကျွန်တော်တို့မြင်တယ်”

ချင်းပြည်နယ်တစ်ခုလုံးမှာ ကျေးရွာပေါင်း ၁၃၀၀ ကျော်ရှိပြီး အများစုက ခရစ်ယာန်ဘာသာကို ကိုးကွယ်သူတွေ ဖြစ်ပါတယ်။

စစ်တပ်က အဲဒီကျေးရွာတွေကို လာရောက်စဉ် ဘုရားကျောင်းတွေမှာ စခန်းချတဲ့ ဖြစ်ရပ်တွေလည်း အများအပြား ရှိနေတာကြောင့် ဒီကိစ္စကို အသေးစိတ် စာရင်းအချက်အလက် ကောက်ယူပြီး လာမယ့် လတွေအတွင်း အစီရင်ခံစာတစ်စောင် ထုတ်ပြန်ဖို့ စီစဉ်နေတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ကပြောပါတယ်။

church - chin
(ချင်းပြည်နယ် ခရစ်ယာန်ဘုရားကျောင်းတစ်ကျောင်းက ပစ္စည်းတွေကို စစ်ကောင်စီတပ်သားတွေ ဖျက်ဆီးခဲ့စဉ်) Photo: CJ

မြန်မာစစ်တပ်ဟာ ပြီးခဲ့တဲ့ နဝတအစိုးရလက်ထက်ကပင် ကျင့်သုံးလာတဲ့ ဘာသာနဲ့လူမျိုးအပေါ် ခွဲခြား ဆက်ဆံမှုတွေကို အခုစစ်ကောင်စီတပ်သားတွေက လက်ဆင့်ကမ်းကျင့်သုံးနေကြတာ တွေ့ရတယ်လို့လည်း ပြောပါတယ်။

ဘုရားကျောင်းတွေမှာ တပ်စွဲပြီး ဖျက်ဆီးမှုတွေရှိနေတာနဲ့ ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ သတင်း ထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA ဖုန်းဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။

ဒေသခံတွေကတော့ မြန်မာစစ်တပ်အနေနဲ့ ဒေသခံတွေ အထွတ်အမြတ်ထားရာ ဘုရားကျောင်းတွေမှာ တပ်စွဲတာတွေနဲ့ ဘာသာရေးနဲ့သက်ဆိုင်တဲ့ ပစ္စည်းတွေကို ဖျက်ဆီးတာကို ပြင်းပြင်းထန်ထန်ကန့်ကွက် ရှုတ်ချတယ်လို့လည်း ပြောဆိုကြပါတယ်။

528  Views
Previous: အာဖဂန်နစ္စတန်နိုင်ငံတွင် နှစ်ပေါင်း ၂ဝကြာ စစ်ပွဲအဆုံးသတ်ပြီး အမေရိကန်တပ်များအားလုံး အာဖဂန်မှ ထွက်ခွာပြီးစီး
Next: အာဏာသိမ်းမှု ဆန့်ကျင်သော မည်သည့်အဖွဲ့နှင့်မဆို လက်တွဲမည်ဟု KNU ထုတ်ပြန်