အာဏာသိမ်းမှု ဆန့်ကျင်သော မည်သည့်အဖွဲ့နှင့်မဆို လက်တွဲမည်ဟု KNU ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး (KNU) သည် ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို မြှင့်တင်ရန် ခိုင်မာသော ကတိနှင့် လိုက်နာဆောင်ရွက်မှုကို ဆက်လက်ထိန်းသိမ်းပြီး အာဏာသိမ်းမှု ဆန့်ကျင်သော မည်သည့်အဖွဲ့နှင့်မဆို လက်တွဲကာ အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်သွားမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။
KNU က စက်တင်ဘာလ ၃ ရက် ရက်စွဲဖြင့် ထုတ်ထားသည့် ၎င်းတို့၏ သဘောထားကို စက်တင်ဘာ ၄ ရက်တွင် လူမှုကွန်ရက်စာမျက်နှာမှတဆင့် အသိပေးထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
မြန်မာစစ်တပ်၏ ရက်စက်မှုများမှ အကာအကွယ် ရယူလိုသော မည်သူ့ကိုမဆို တတ်နိုင်သည့်ဘက်က ကူညီပံ့ပိုးပြီး ပြည်တွင်းစစ်၏ မူလဇစ်မြစ်ကို ဖြေရှင်းရန် အပါအဝင် စစ်မှန်သော ငြိမ်းချမ်းရေးနှင့် တိုင်းပြည်တည်ငြိမ် အေးချမ်းရေးအတွက် နောက်ထပ်ဖြေရှင်းနိုင်မည့် နည်းအသစ်များအား ဆက်လက်ရှာဖွေသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
လူထုအနေဖြင့် လွတ်လပ်မှုနှင့် တရားမျှတမှုအတွက် တတ်နိုင်သည့်ဘက်က နည်းမှန်လမ်းမှန်ဖြင့် ကူညီထောက်ခံကြောင်း ပြသရန်လည်း KNU က တိုက်တွန်းသည်။
မကြာသေးမီရက်ပိုင်းက (KNU) ဒူးပလာယာခရိုင် ဥက္ကဋ္ဌ၏ စစ်ရေးနည်းလမ်းကို တတ်နိုင်သမျှရှောင်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ဖွဲ့ဝင်များ ရှိမရှိ စစ်ဆေးကာ ပြန်လည်သတင်းပို့ရန် တပ်မဟာ ၆ သို့ ညွှန်ကြားထားသည့် စာတစောင် လူမှုကွန်ရက်တွင် ပေါက်ကြားမှု ဖြစ်ခဲ့ရာ အဆိုပါစာနှင့်ပတ်သက်၍ ဝေဖန်မှုများရှိခဲ့သည်။
ယင်းနောက်တွင် KNU ဘက်က အာဏာသိမ်းမှု ဆန့်ကျင်သော မည်သည့်အဖွဲ့နှင့်မဆို လက်တွဲကာ အာဏာရှင်စနစ်ကို ဆန့်ကျင်မည်ဟု ဆိုလာပြီး စစ်တပ်၏ ရက်စက်မှုများမှ အကာအကွယ်ရယူလို သည့် မည်သူ့ကိုမဆို တတ်နိုင်သည့်ဘက်က ကူညီမည်ဟု ပြောဆိုလာခြင်းလည်း ဖြစ်သည်။
လက်ရှိတွင် KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) ၏ တပ်မဟာအချို့ အပါအဝင် ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) နှင့် စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့များအကြား မကြာခဏ တိုက်ပွဲဖြစ်ပွားနေပြီး ကရင်ပြည်နယ်ရှိ ဒေသအချို့တွင်လည်း စစ်ရေး တင်းမာနေလျက်ရှိသည်။
KNU ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနက စက်တင်ဘာလ ၂ ရက်တွင် ထုတ်ပြန်သည့် အချက်အလက်များအရ KNU နှင့် စစ်ကောင်စီအကြား ဩဂုတ်လအတွင်း တိုင်းပွဲပေါင်း ၂၁၇ ကြိမ်ဖြစ်ပွားခဲ့ကြောင်း၊ အများစုမှာ တပ်မဟာ ၅ ထိန်းချုပ်ရာ မူတြော်ခရိုင်တွင်ဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ စစ်သည် ၁၆၆ ဦး သေဆုံးပြီး ၁၀၁ ဦးဒဏ်ရာရ ကြောင်း KNU ဘက်က ဆိုသည်။

Karen National Union – KNU Statement

456  Views
Previous: ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်တွေဟာ ခရစ်ယာန်ဘုရားကျောင်းတွေထဲမှာ တပ်စွဲပြီး ဘာသာရေးနဲ့ဆိုင်တဲ့ ပစ္စည်းတွေကိုဖျက်ဆီး
Next: ယုံလည်းယုံ၊ ခုန်လည်းခုန်တဲ့ ကိုဗစ်ကုသရေးရှေ့ပြေး ဘုန်းတော်ကြီး မာစီယမ်သက်ကျော်နှင့်တွေ့ဆုံမေးမြန်းခြင်း