ယုံလည်းယုံ၊ ခုန်လည်းခုန်တဲ့ ကိုဗစ်ကုသရေးရှေ့ပြေး ဘုန်းတော်ကြီး မာစီယမ်သက်ကျော်နှင့်တွေ့ဆုံမေးမြန်းခြင်း

မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်သည် ၂၀၂၁ ခုနှစ်၊ ဇွန်လတွင် ကျင်းပပြုလုပ်သော နှစ်ဝက်မျက်နှာစုံညီအစည်းအဝေးမှ ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်းကို ခံစားနေကြသော မြန်မာပြည်သူပြည်သားများကို အထိရောက်ဆုံးကူညီကုသမှုပေးနိုင်ရန်အတွက် Myanmar Catholic Church Humanitarian Initiatives (MCCHI) ဟူသော မြန်မာနိုင်ငံကက်သလစ်သာသနာတော်၏လူသားချင်းဆိုင်ရာစတင်လှုပ်ရှားမှုဟု အနက်ရသော အဖွဲ့အစည်းတစ်ခုကို စတင်ဖွဲ့စည်းလိုက်သည်။

၎င်းအဖွဲ့အစည်းသည် မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်လက်အောက်ရှိ ဂရုဏာမစ်ရှင်းလူမှုရေးအသင်း Karuna Mission Social Services (KMSS) ကဲ့သို့သော အဖွဲ့အစည်းတစ်ခုအဖြစ် ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်ဟု (MCCHI) ညိုနှိုင်းရေးမှူးတာဝန်ခံ ဘုန်းတော်ကြီး ဟင်နာရီအိုက်ခလိန်က သြဂုတ်လ (၂၇) ရက်နေ့က ဂလိုရီယာသတင်းဂျာနယ်သို့ မိန့်ကြားတော်မူသည်။

ဆက်လက်ပြီး တာဝန်ခံက၊ ဒီ MCCHI ဟာ KMSS လိုပဲ အားကောင်းတဲ့ လူမှုရေးအဖွဲ့အစည်းအဖြစ် ရပ်တည်သွားမှာဖြစ်ပြီး လူသားချင်းစာနာမှုအကူအညီတွေကို လုပ်ဖို့လည်း ပါတဲ့အတွက် မြန်မာနိုင်ငံမှာ ဖြစ်ပေါ်လာမယ့် လူမှုရေးပြသာနာများ၊ သဘဝဘေးအနွရယ်များ၊ စစ်ဘေးဒုခသည်များ၊ ကပ်ရောဂါများ စသည်များကို တုံ့ပြန်ကူညီသွားဖို့အထိ ဦးတည်ထားသော အဖွဲ့အစည်းဖြစ်သည်ဟု ရှင်းပြသေးသည်။

လက်ရှိကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်းကို ခံစားနေကြသော မြန်မာပြည်သူပြည်သားများကို မြန်မာနိုင်ငံကက်သလစ်ခရစ်ယာန်သာသနာတော်က ကိုဗစ်ပိုးစစ်ဆေးပေးခြင်း၊ သံသယလူနာများကို ထားရှိသောနေရာဖွင့်လှစ်ခြင်း၊ ကိုဗစ်ရောဂါသည်များကို အောက်ဆီဂျင်များပေးခြင်းဖြင့် ကုသပေးသော နေရာမျာကို မြစ်ကြီးနား၊ ကလေး၊ မနွလေး၊ ရန်ကုန်၊ ပုသိမ်စသော မြို့ကြီးများတွင် ဖွင့်လှစ်ပြီး ဆေးဝါးများကို ထောက်ပံ့ခြင်းစသည်တို့ကို လုပ်ဆောင်နေသည်ဟု သိရှိရသည်။

ထိုသို့လုပ်ဆောင်ရာတွင် အဓိကအလှူရှင်လည်းဖြစ်၊ ဆေးပညာများကိုပါ အနီးကပ်ပံ့ပိုးကူညီပေးသောအဖွဲ့အစည်းမှာ နိုင်ငံတကာအစိုးရမဟုတ်သော လူမှုရေးအဖွဲ့အစည်းဖြစ်ပြီး မြန်မာနိုင်ငံတွင် ကျန်းမာရေးလုပ်ငန်းများကို လာရောက်အကောင်အထည်ဖော်နေသော နယ်သလန်နိုင်ငံမှ Medical Action Myanmar (MAM) အဖွဲ့ပင်ဖြစ်သည်ဟု (MCCHI) ညိုနှိုင်းရေးမှူးတာဝန်ခံ ဘုန်းတော်ကြီး ဟင်နာရီအိုက်ခလိန်က သြဂုတ်လ (၂၇) ရက်နေ့က ဂလိုရီယာသတင်းဂျာနယ်သို့ မိန့်ကြားတော်မူသည်။

 

 

ကျောင်းထိုင်ဘုန်းတော်ကြီး မာစီယံသက်ကျော်

 

ရန်ကုန်မြို့တွင် ဘုရားကျောင်းဝင်းအသေးဆုံးဖြစ်သော အင်းစိန်ခဝဲခြံမှ မင်းသုံးပါကက်သလစ်သာသနာသည် ဇူလိုင်လ (၉) ရက်နေ့မှစပြီး လူမှုရေးလုပ်ငန်းတွင်မူ အကြီးဆုံးသော ကိုဗစ်ကုသရေးလုပ်ငန်းကို ရှေ့ပြေးလုပ်ဆောင်ပေးခဲ့သော ကိုယ်ထူကိုယ်ထကိုဗစ်ပိုးစစ်ဆေးရေးနှင့်စောင့်ကြည့်ရေးနေရာ ဖြစ်လာခဲ့သည်။

 

၎င်းသာသနာ၏ကျောင်းထိုင်ဘုန်းတော်ကြီး မာစီယံသက်ကျော်က သူ၏ဖေ့စ်ဘုတ်ပေါ်တွင် ဇူလိုင်လ (၉) ရက်နေ့တွင် အောက်ပါလုပ်ငန်းများကို စတင်မည်ဖြစ်ကြောင်း စတင်ကြေညာလိုက်သည်။ Parish level Quarantine Room အနေနဲ့ကိုယ်လုပ်နိုင်တဲ့အဆင့်က မိသားတစုမှာဖျားနာသူတယောက်ကို ကျန်မိသားစုကိုမကူးစက်ဖို့

၁.နေရာပေးခြင်း
၂.ဆေးပေးခြင်း
၃.အဟာရကျွေးမွေးခြင်း
၄.အခြေနေဆိုးလာပါက Covid Center လွဲပေးခြင်းလောက်ပဲပထမအဆင့်လုပ် ပေးနိုင်ပါမယ် ( စရိတ်မျှပေးကျန်းမာရေးစနစ်)
အောက်စီဂျင်လိုအပ်တဲ့လူနာကို ကြည့်ဖို့ကငွေကြေးနဲ့နည်းပညာမရှိပါဖူး ရှိလာရင်တော့ ဒုတိယအဆင့်စောင့်ရှောက်မှု့ကိုတက်မယ်
၅.အောက်စီဂျင်လိုသောလူနာကိုကြည့်ရှု့ခြင်း
၆.သေဆုံးသူကိုသင်းဂြိုလ်ပေးခြင်း တို့ကို ပြုလုပ်ပေးမည်၊ ဟူသော အချက် (၆) ချက်ဖြစ်သည်။

 

လာရောက်ကုသနေကြသော ကိုဗစ်လူနာများ

 

 

ကျောင်းထိုင်ဘုန်းတော်ကြီး မာစီယံသက်ကျော်

 

ရန်ကုန်မြို့တွင် ကိုဗစ်ကုသရေးလုပ်ငန်းကို ရှေ့ပြေးလုပ်ဆောင်ပေးသော ယုံလည်းယုံ ခုန်လည်းခုန်တဲ့ ဘုန်းတော်ကြီး မာစီယမ်သက်ကျော်နှင့်ဂလိုရီယာသတင်းဂျာနယ် Chief-Editor Joseph Win Hlaing Oo တို့၏ သြဂုတ်လ (၂၇) ရက်နေ့က တွေ့ဆုံမေးမြန်းခြင်း

မေး။ ရန်ကုန်မြို့ပေါ်မှာရှိတဲ့ ကက်သလစ်ခရစ်ယာန်ဘုရားကျောင်းဝင်းတွေထဲမှာ နေရာအကျဉ်းဆုံးဖြစ်ပေမယ့် ကိုဗစ်စောင့်ကြည့်ရေးဌာနကို ဖွင့်လှစ်ဖို့ ကိုယ်တော့်ကို ဘယ်အရာက လှုံ့ဆော်ပေးတာလဲ။
ဘုန်းဘုန်း။ ကျွန်တော်က ဘဝမှာ ဒီကိုဗစ်ပဲ မဟုတ်ဘူး၊ ကိုယ်တတ်နိုင်တဲ့ဖက်ကနေ လူတွေဒုခရောက်ပြီဆိုရင် အလှူခံပေးမယ်၊ အမြန်ဆုံးကူညီပေးမယ်၊ ဖာသိဖာသာ မနေတတ်တဲ့အကျင့်တစ်ခု ရှိနေပါတယ်။ ကိုယ့်နယ်က ပြည်သူတွေကို ငါ ဘာလုပ်ပေးနိုင်မလဲဆိုတာကိုပဲ စဉ်းစားနေပါတယ်။ ဒါကြောင့် ကိုဗစ်ကုသရေးဌာနလုပ်ဖြစ်တာကလည်း၊ ငါ့မှာ ငွေမရှိပေမဲ့ နေရာလေးတော့ရှိတယ်၊ ဒီရှိတဲ့နေရာလေးကို အိမ်ကျဉ်းတဲ့ ကိုယ့်ဘာသာတူတွေထဲက ကိုဗစ်သံသယာလူနာတွေကို ထားဖို့ လုပ်မယ်ဆိုပြီး စစဉ်းစားခဲ့တာဖြစ်ပါတယ်။ ကိုယ့်အစီအစဉ်လေးနဲ့ ကုတင် (၂၀) ဆန့်နေရာလေးကို စလုပ်တာပါ။ ဒါပေမယ့် ဇူလိုင်လ တုန်းကတော့ လူတွေရဲ့လိုအပ်ချက်က အောက်ဆီဂျင်ဖြစ်လာတော့၊ ရန်ကုန်လက်ထောက်ဆရာတော်ကြီး ဂျွန်စောယောဟန်နဲ့ နယ်သလန်နိုင်ငံက Medical Action Myanmar (MAM) မှ ဒေါက်တာ ဖရန့်တို့က ဒီနေရာကိုလာကြည့်ပြီးတော့ ဒီနေရာကို ကိုဗစ်ကုသရေးဌာနအဖြစ်သို့ ပြောင်းလဲအဆင့်မြင့်ဖို့ ဘုရားရဲ့အလိုတော်အတိုင်း အောက်ဆီဂျင်ကွန်ဆင်ထရင်တာ အလုံး (၂၀) ကို အဲဒီဆရာဝန်က တပ်ဆင်ရန်ဆုံးဖြတ်ကြပြီး ပံ့ပိုးပေးသွားကြပါတယ်။

မေး။ တပည့်တော်မိသားစုလည်း ရန်ကုန်မြို့ပေါ်မှာ ကိုဗစ်စစ်ဖို့ ပုဂလိကဆေးရုံတွေကို လိုက်ပတ်မေးပေမယ့် ဘယ်ဆေးရုံမှမစစ်ပေးဘူး။ ဒါပေမယ့် ကိုယ်တော်က မိမိဖေ့စ်ဘုတ်ပေါ်မှာ ကိုဗစ်လာစစ်နိုင်ပါတယ် ဆိုပြီး ရေးသားထားတာကို သမီးကြီးက တွေ့လိုက်တာကြောင့် တပည့်တော်တို့လည်း ကိုယ်တော့်ကိုဗစ်ဌာနမှာ လာစစ်လိုက်တော့ ကိုဗစ်ဖြစ်မှန်း သိသွားတယ်။ အရမ်းကို ကျေးဇူးတင်ပါတယ် ကိုယ်တော်။
ဘုန်းဘုန်း။ အေအေ။ တကယ်တော့ နိုင်ငံရေးက ရှုပ်ထွေးနေတဲ့အချိန်မှာ လွယ်တဲ့အလုပ်ကိုတောင် လုပ်ဖို့ မစဉ်းစားရဲကြဘူး။ ဒါပေမယ့် ကျွန်တော်ကတော့ လူတွေရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့အတွက် ဘုရားက ကူညီစောင့်ရှောက်လိမ့်မယ်လို့ ယုံကြည်ရင်း စလုပ်ခဲ့တာ ဖြစ်ပါတယ်။

 

Epiphany’s Covid Center volunteers, Yangon

 

မေး။ ဒီနေရာမှာလိုအပ်မယ့် ဆရာဝန်တွေနဲ့ အလုပ်သမားတွေကို ရရှိဖို့အတွက် လုပ်အားပေးအဖွဲ့တွေကို ဘယ်လိုဖိတ်ခေါ်တာလဲ။
ဘုန်းဘုန်း။ နယ်သလန်နိုင်ငံမှ MAM အဖွဲ့ ကို ကာဒီနယ်တို့၊ ဆရာတော်ယောဟန်တို့၊ ဆရာတော်နော်အေးတို့ကနေတဆင့် ကျွန်တော့်နေရာကိုရောက်လာပြီး ကူညီပေးသွားတာ ဖြစ်ပါတယ်။ ဒီအဖွဲ့ကပဲ အောက်ဆီဂျင်စက် အလုံး (၂၀) ကို လှုဒါန်းပေးသလို ဆက်လက်ကူညီပေးနေတာဖြစ်ပါတယ်။ MAM အဖွဲ့ က ရန်ကုန်ကက်သလစ်သာသနာနယ်ထဲမှာဆိုရင်၊ ကျွန်တော့နေရာရယ်၊ ရဟန်းဖြစ်တကသိုလ်ရယ်၊ ရွှေပြည်သာက ကက်သလစ်ဘုရားကျောင်းမှာရယ်ဆိုပြီး (၃) နေရာကို ပံ့ပိုးကူညီပေးနေပါတယ်။

မေး။ ဒီ နယ်သလန်နိုင်ငံမှ MAM အဖွဲ့ ကို ကိုယ်တော်က ဘယ်လိုအဆက်အသွယ်ရတာလဲ။
ဘုန်းဘုန်း။ နယ်သလန်နိုင်ငံမှ MAM အဖွဲ့ ကို ကာဒီနယ်တို့၊ ဆရာတော်ယောဟန်တို့၊ ဆရာတော်နော်အေးတို့ကနေတဆင့် ကျွန်တော့်နေရာကိုရောက်လာပြီး ကူညီပေးသွားတာ ဖြစ်ပါတယ်။ ဒီအဖွဲ့ကပဲ အောက်ဆီဂျင်စက် အလုံး (၂၀) ကို လှုဒါန်းပေးသလို ဆက်လက်ကူညီပေးနေတာဖြစ်ပါတယ်။ MAM အဖွဲ့ က ရန်ကုန်ကက်သလစ်သာသနာနယ်ထဲမှာဆိုရင်၊ ကျွန်တော့နေရာရယ်၊ ရဟန်းဖြစ်တကသိုလ်ရယ်၊ ရွှေပြည်သာက ကက်သလစ်ဘုရားကျောင်းမှာရယ်ဆိုပြီး (၃) နေရာကို ပံ့ပိုးကူညီပေးနေပါတယ်။ ရဟန်းဖြစ်တကသိုလ်နေရာမှာက လူနာ (၈၀) လောက်ဆံ့တယ်၊ ကျွန်တော့်နေရာမှာတော့ လူနာ (၄၀) ဆံ့တယ်။ ရွှေပြည်သာကတော့ လူနာ (၆၀) လောက်ဆံ့မယ်ထင်တယ်။ သန်လျင်နေရာမှာက အစိုးရက ကိုဗစ်လူနာတွေကို ကုသရေးနေရာအဖြစ် အသုံးပြုနေပါတယ်။

မေး။ ကိုယ်တော့်ရဲ့ကုသရေးဌာနမှာ အလှူရှင်တွေက ဘာသာမတူတဲ့သူတွေရော ပါလာ၊ ဘာသာတူတွေပဲ လာ။
ဘုန်းဘုန်း။ နယ်သလန်အဖွဲ့ကတော့ ငွေကြေးမပါဘူး။ ဆေးဝါးနဲ့ကုသရေးပိုင်းကို အကုန်တာဝန်ယူတယ်။ စင်တာတည်ဆောက်ရေးနဲ့ကျွေးမွေးရေးအားလုံးအတွက် အလှူရှင်တွေဆီကနေ ငွေကျပ်သိန်း (၅၀၀) ကျော် လောက် ရပြီး သိန်း (၄၀၀) နီးပါးလောက် ကုန်ပြီ။

မေး။ တော်တော်များတဲ့အလှူငွေတွေပဲ။ ဒီလောက်ရမယ်လို့ ကိုယ်တော်မှန်းထားလာ။
ဘုန်းဘုန်း။ မမှန်းထားဘူး။ ကျွန်တော်တို့ဌာနက ရှာနိုင်တဲ့အလှူငွေက ကျပ်သိန်း (၂၀၀) ဝန်းကျင်ပါ။ ကျန်တာကတော့ ကာဒီနယ်တို့၊ ဆရာတော်ယောဟန်တို့၊ ဆရာတော်နော်အေး၊ KMSS တို့ကနေတဆင့် ပံ့ပိုးကူညီပေးလာတာဖြစ်ပါတယ်။
တကယ်တော့ ဒီဌာနက အစကတော့ ကိုယ့်ကျောင်းထိုင်သာသနာနယ်အဆင့်ပဲ လုပ်တာလေ။ နောက်မှ ဒီဌာနက ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာရဲ့ ဌာနအဆင့်အထိ ရောက်သွားတာပေါ့လေ။

 

အင်းစိန်ခဝဲခြံမှ မင်းသုံးပါကက်သလစ်သာသနာ၏ကိုဗစ်ပိုးသံသာယလူနာစောင့်ကြည့်ရေးနေရာ

 

မေး။ ကိုယ်တော်လည်း ကိုဗစ်ဖြစ်တယ်ဆိုတော့ ဒီဌာနကို ဖွင့်ပြီးမှ ဖြစ်တာလာ။
ဘုန်းဘုန်း။ မဟုတ်ဘူး။ ကျွန်တော်က ကိုဗစ်ဖြစ်တဲ့လူနာဘာသာတူအိမ်ကို သွားပြီး ဆုတောင်းပေးရာကနေ ကိုဗစ်ပိုးက ကျွန်တော့ကို ကူးစက်လာတာဖြစ်ပါတယ်။

မေး။ ကိုယ်တော့ ကိုဗစ်ကုသရေးစင်တာကို ဘယ်နှစ်ယောက်လာတက်လဲ။
ဘုန်းဘုန်း။ ကိုယ်တော့ ကိုဗစ်ကုသရေးစင်တာကို ကိုဗစ်လူနာပေါင်းက (၁၁၅) ရောက် လာကုပါတယ်။ ပြန်ကျန်းမာလာတာက (၈၂) ယောက်ဖြစ်ပြီး သေဆုံးသွားတာက (၂၇) ယောက် ရှိပါတယ်။ ဒီစင်တာကနေ ဆေးရုံကို ပြောင်းတက်တာက (၆) ယောက်ရှိပါတယ်။ ကိုယ်တော့ ကိုဗစ်ကုသရေးစင်တာကို ကိုဗစ်လူနာပေါင်းက (၁၁၅) ရောက် လာကုတာထဲမှာ ကိုယ့်ဘာသာတူက (၂၄) ပါပြီး ကျန်တာကတော့ လူမျိုးပေါင်းစုံဘာသာပေါင်းစုံက လာကြတာဖြစ်ပါတယ်။

 

ဆရာဝန်နှင့်သူနာပြုဆရာမများ

 

မေး။ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံက ကိုဗစ်လူနာတွေကို အသက်ကယ်နေတာကို ကြည့်ပြီး ကိုယ်တော့်ရင်ထဲမှာ ဘယ်လိုခံစားမိလဲ။
ဘုန်းဘုန်း။ လူကကြံ၊ ဘုရားက ဖန် ဆိုတဲ့စကားပုံအတိုင်းပါပဲ။ ကိုယ့်မှာရှိတာလေးကို ပေးလိုက်တော့ ဘုရားက လူအများအတွက် ကိုယ်ပေးတာလေးကို ပွားများစေတာပါ။ ကျမ်းစာထဲမှာလိုပဲ၊ လူငယ်လေးက မိမိရှိနေတဲ့ မုန့်ငါးလုံးနဲ့ငါးနှစ်ကောင်ကို အစာငတ်နေတဲ့ တရားနာပရိသတ်လူ (၅၀၀၀) ကျော်အတွက် ခရစ်တော်ကိုလှူလိုက်တော့ ခရစ်တော်က လူငါးထောင်စာအတွက် ပွားများစေတာဖြစ်ပါတယ်ဆိုတာကို အမြဲနှလုံးသွင်းထားပါတယ်။

1086  Views
Previous: အာဏာသိမ်းမှု ဆန့်ကျင်သော မည်သည့်အဖွဲ့နှင့်မဆို လက်တွဲမည်ဟု KNU ထုတ်ပြန်
Next: ပြည်တွင်းလာဖို့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ရဖို့ စစ်တပ်နဲ့ညှိနှိုင်းနေရဆဲလို့ အာဆီယံကိုယ်စားလှယ်ပြော