စစ်ခေါင်းဆောင်များအတွက် ဆုတောင်းပေးရန် ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီး ချားလ်စ်ဘို တိုက်တွန်း

သတင်းရေးသူ။ ။ ဆလိုင်းဂျိုးဇက်ကုန်ဇမှုန်း

တိုင်းပြည်တွင် တိုက်ခိုက်မှုများ အရှိန်မြင့်နေချိန်တွင် မျှော်လင့်ချက်ကို ဆက်လက်ဆုပ်ကိုင်ထားရန် ရန်ကုန်ကက်သလစ်သာသနာဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ် ချားလ်စ်ဘိုက ပြည်သူများကို တနင်္ဂနွေနေ့ တိုက်တွန်းလိုက်ပြီး အမုန်းတရားသည် မည်သည့်အခါတွင်မျှ အဖြေထုတ်ပေးမည် မဟုတ်သောကြောင့် အကြမ်းဖက်စစ်အာဏာသိမ်းသည့် ခေါင်းဆောင်များအတွက် ဆုတောင်းပေးရန် တိုက်တွန်းတော်မူလိုက်သည်။

ဘုရားသခင်နှင့် သာဝကများ ခရီးသွားနေသည့် သင်္ဘောအား မှောက်ပစ်ရန် ခြိမ်းခြောက်နေသည့် မုန်တိုင်းတခုကို ဘုရားသခင်က ငြိမ်သက်သွားအောင် လုပ်ခဲ့သည့် ကျမ်းစာပါ အကိုးအကားဖြင့် သာသနာပိုင် ချားလ်စ်ဘိုက ဘာသာတရားယုံကြည်မှုသည် မင်းတပ်နှင့် လွိုင်ကော်မှ စစ်ဘေးရှောင် ၁၂၀၀၀၀ ကျော်အတွက်နှင့် ဘုရားကျောင်းများအတွင်း ဒဏ်ရာရသူများကို နှစ်သိမ့်ပေးနိုင်ကြောင်းမိန့်ကြားသည်။

“အစားအစာနဲ့ဆေးဝါးမရှိဘဲ အကြောက်တရားနဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ မိုးထဲမှာ ချမ်းစိမ့်နေတဲ့ ဒီပြည်သူတွေဟာ ကျမ်းစာထဲက သင်္ဘောလိုပဲ လှုပ်ခါနေတယ်” ဟု သူက ပြောပြီး မုန်တိုင်းထဲမှ တပည့်တော် (သာဝက) များကဲ့သို့ မြန်မာပြည်သူများသည် ဘုရားသခင်ကို အလားတူမေးခွန်းကို မေးနေကြောင်း သူကပြောသည်။ “တပည့်တော်တို့ သေကျေပျက်စီးမှာကို အရှင်ဘုရား မပူပန်ဘူးလား”

“ကျိုးနေတဲ့ အရိုးတိုင်း၊ ပွန်းပဲ့နေတဲ့ နှလုံးသားတိုင်းက ဒီမေးခွန်းကို မေးကြတယ်။ ရက်စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက်မှုမှာ အညှာတာကင်းမဲ့စွာ သတ်ဖြတ်ခံရသူ ရာပေါင်းများစွာရဲ့ တိတ်ဆိတ်သွားတဲ့ အသံတွေမှာ၊ လူမဆန်တဲ့ထောင်တွေထဲမှာ ဖမ်းဆီးခံထားရတဲ့ ထောင်များစွာရဲ့ တိတ်ဆိတ်တဲ့ မျက်ရည်တွေမှာ ဒီမေးခွန်းဟာ မိနစ်တိုင်းမှာ ပေါ်လာနေတယ်။ တပည့်တော်တို့တွေ သေကျေပျက်စီးမှာကို အရှင်တော် မပူပန်ဘူးလား။”

မြန်မာနိုင်ငံတွင်းသို့ လက်နက်စီးဆင်းမှုကို တားဆီးကြရန် ကုလသမဂ္ဂ အထွေထွေညီလာခံက သောကြာနေ့တွင် တောင်းဆိုခဲ့သည်။ ထိုဆုံးဖြတ်ချက်ကို နိုင်ငံပေါင်း ၁၁၉ နိုင်ငံက ထောက်ခံပြီး မြန်မာသို့ လက်နက်အများဆုံးရောင်းနေသည့် တရုတ်နှင့် ရုရှား အပါအဝင် နိုင်ငံပေါင်း ၃၆ နိုင်ငံက မဲမပေးဘဲနေသည်။

ထိုဆုံးဖြတ်များတွင် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အရပ်သားခေါင်ဆောင်များကို ဖြုတ်ချသည့် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုကို ရှုတ်ချပြီး နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန်နှင့် အကြမ်းဖက်မှုကို ရပ်ဆိုင်းရန်လည်း ပါဝင်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ အဆိုအရ စစ်အာဏာသိမ်းပြီးနောက် လူပေါင်း ၉၀၀ နီးပါးကို သတ်ဖြတ်ခဲ့ပြီး လူ ၅၀၀၀ ကျော်ကို ဖမ်းဆီးခံထားရသည်။

သောကြာနေ့က မဲခွဲပြီးနောက် အထွေထွေညီလာခံတွင် ပြောကြားရာတွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ခရစ္စတင်း ရှရနာ ဘာဂနာက “မြန်မာနိုင်ငံမှာ ကြီးမားတဲ့ ပြည်တွင်းစစ်ဖြစ်မယ့် အန္တရာယ်က အမှန်တကယ်ရှိနေတယ်။ အချိန်က အရေးအကြီးဆုံးပဲ။ စစ်အာဏာသိမ်းကို ပြန်လည်ပယ်ဖျက်ဖို့ အခွင့်အလမ်းက ကျဉ်းမြောင်းလာနေပြီ” ဟု ဆရာတော်က မိန့်ကြားတော်မူသည်။

စစ်ကောင်စီတပ်များနှင့် အတိုက်အခံ အုပ်စုများအကြား တိုက်ခိုက်မှုသည် နိုင်ငံအရှေ့ပိုင်းနှင့် အနောက်ပိုင်း ပြည်နယ်များတွင် တိုးပွားနေပြီး ထောင်နှင့်ချီသော ပြည်သူများသည် ပတ်ဝန်းကျင်တောတောင်များတွင် ပုန်းအောင်းရန် ကျေးရွာများကို စွန့်ခွာထွက်ပြေးနေကြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အဂတိလိုက်စားမှု၊ နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှုနှင့် ကိုရိုနာဗိုင်းရပ်စ် ကန့်သတ်ချက်များ ချိုးဖေါက်မှုအပါအဝင် စွဲချက်များစွာဖြင့် အမှုကို ရင်ဆိုင်နေရသည်။ ဇွန်လ ၁၉ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၆ နှစ်မြောက်မွေးနေ့ကို ကျင်းပရန် ရန်ကုန်မှ ပြည်သူများသည် ဒေါ်အောင်ဆန်းစုကြည် ပန်းပန်သကဲ့သို့ ပန်းများပန်ပြီး အရိုအသေပြုထောက်ခံကြသည်။

သူ၏တရားတော်တွင် သာသနာပိုင်ဆရာတော်က အကြမ်းဖက်မှုများ ဆက်လက် ဖြစ်ပေါ်နေသောကြောင့် သေဆုံးမှုနှင့် နေရပ်စွန့်ခွာမှုများ မြင့်မားနေစဉ် မြန်မာပြည်သူများသေကြေပျက်စီးနေစဉ်တွင် ဘုရားသခင်သည် အိပ်ပျော်နေသည်ဟု တွေးမိတတ်ကြကြောင်းလည်း ဆရာတော်ကြီးက ထောက်ပြသည်။

မုန်တိုင်းတိုက်ခတ်နေစဉ် ဘုရားသခင်က သူ၏ တပည့်တော် (သာဝက) များကို ဘာသာတရားကို ယုံကြည်ရန်သာ ဆုံးမတော်မူခဲ့သည်။

ဘာသာတရားကိုယုံကြည်ရန်ဆိုသည်မှာ ပျော်ရွှင်စရာအချိန်များအတွက်သာ မဆိုလိုကြောင်း ဆရာတော်က မိန့်ကြားတော်မူသည်။ ဘာသာတရားယုံကြည်မှု အမှောင်မိုက်ဆုံးညတွင် တောက်ပသည့်ကြယ်တစင်း ဖြစ်ကြောင်း ဆရာတော်က မိန့်ကြားတော်မူသည်။ ဘာသာတရားယုံကြည်မှုကို မမြင်ရသော်လည်း ခံစားရနိုင်ပြီး မည်သူမျှမရှိဟု ခံစားရချိန်တွင် ဘာသာတရားသည် ခွန်အားကိုဖြစ်စေကာ အရာရာဆုံးရှုံးပြီဟု ခံစားရချိန်တွင် မျှော်လင့်ချက်ကို ဖြစ်စေသကဲ့သို့ ပစ်ပယ်ခံထားရသည်ဟု ခံစားရချိန်တွင် ဘာသာတရားယုံကြည်မှုသည် ဘုရားသခင် တည်ရှိမှုကို ခံစားစေကြောင်းလည်း ဆရာတော်က မိန့်ကြားတော်မူသည်။

ဝေဒနာခံစားရသည့် အချိန်တိုင်းသည် အသစ်အဆန်းတခုကိုဖြစ်စေပြီး သာဝကများနှင့် အစောပိုင်းက ခရစ်ယာန် ဘာသာကိုးကွယ်သူများ မည်သို့ ညှင်းပမ်းနှိပ်စက်ခံ၊ ထောင်ချခံ၊ သတ်ဖြတ်ခံရသည်ကို ပြောကြားပြီး ခရစ်ယာန်ဘာသာနှင့် ကင်းရှင်းစွာနေရန် အခြားသူများကို သတိပေးသည့် အနေဖြင့် ရှေးဦးခရစ်ယာန် သူရဲကောင်းအများအပြားကို ခြင်္သေ့များရှိသည့် သတ်ကွင်းအတွင်းသို့ ပစ်ချခဲ့သည်ကို ဆရာတော်က ရှင်းပြတော်မူသည်။

“သူတို့ဝေဒနာတွေခံစားနေရချိန်မှာ သူတို့တွေ့ကြုံခံစားနေရတဲ့စိတ်က ဘုရားသခင်က ငါတို့ဆီမှာရှိနေပြီး ငါတို့နဲ့အတူ လုပ်ကိုင်ဆောင်ရွက်နေတ်ဆိုတဲ့ အတွေ့အကြုံဖြစ်တယ်။ သူတို့ခံစားနေရတဲ့ ဝေဒနာတွေကြားမှာ အသစ်အဆန်းတခု ရှိနေတယ်။ သွေးတွေ မျက်ရည်တွေကြားထဲမှာ မိုးကုပ်စက်ဝိုင်းမှာ အလင်းရောင်ရှိနေတယ်” ဟု သူပြောပြီး ရှည်ကြာလှသော တိတ်ဆိတ်သည့် မျက်ရည်များ၏ ညသည် အရုဏ်တက်ချိန်တွင် အဆုံးသတ်ကြောင်းနှင့် ရှည်ကြာသော်လည်း အရုဏ်တက်လာမည်ဖြစ်ကြောင်းလည်း ဆရာတော်က မိန့်ကြားတော်မူသည်။

ဘာသာတရားကို ယုံကြည်ခြင်းအပြင် ဘုရားသခင်က တပည့်တော် (သာဝက) များကို ဟောကြားသည့်နောက်တခုမှာ “ရန်သူတွေကို ချစ်ပါ။ သင့်ကို ညှင်းပမ်းနှိပ်စက်သတ်ဖြတ်သူတွေအတွက် ဆုတောင်းပေးပါ” ဆိုသည့် တရားဖြစ်ကြောင်း ဆရာတော်က မိန့်ကြားတော်မူသည်။

မြန်မာနိုင်ငံတွင်လည်း ထိုသို့သာ လုပ်ဆောင်ရမည်ဖြစ်ကြောင်းပြောပြီး မြန်မာနိုင်ငံသည် ကျမ်းစာမှ သင်္ဘောနှင့်တူပြီး လတ်တလောတွင် ဆိုးရွားသည့် မုန်တိုင်းဒဏ်ခံနေရကြောင်း ဆရာတော်က မိန့်ကြားတော်မူသည်။

“အခုမြန်မာနိုင်ငံဟာ အမုန်းမုန်တိုင်းကို ဖြတ်သန်းနေတယ်။ အမုန်းတရားလို သင်္ဘောကို လှုပ်ခါနေတဲ့ မုန်တိုင်းဖြစ်တယ်” ဟု ဆရာတော်ပြောကြားပြီး ဘာသာတရားယုံကြည်သူများအနေဖြင့် အလျှင်အမြန်အရေးယူဆောင်ရွက်ခြင်းမပြုလျှင် မြန်မာနိုင်ငံသည် ဒဏ်ရာအနာတရဖြစ်ပြီး ကျူးကျော်တိုက်ခိုက်လာသော အမုန်းလှိုင်းများအောက်တွင် နစ်မြုပ်တော့မည်ဟု သတိပေးတော်မူလိုက်သည်။

“သေနတ်ရဲ့ အာဏာကို ယုံကြည်သူတွေနဲ့ မတူတဲ့ လမ်းကို လျှောက်ကြပါစို့။ လူသားတွေကို အခွင့်အရေး တခုပေးလိုက်ပါ။ သင်တို့ကို လူမဆန်တဲ့သူတွေအပေါ် လူသားဆန်ပေးလိုက်ပါ။ ဒါအန္တိမအောင်ပွဲဘဲ ဖြစ်တယ်” ဟု ဆရာတော်ပြောကြားပြီး တပ်မတော်အတွက် ဆုတောင်းပေးကြရန် ကာဒီနယ်လ်ချားလ်စ်ဘိုက တိုက်တွန်းတော်မူလိုက်သည်။

ထိုသို့လုပ်ဆောင်ရန်အချို့သူများအတွက် ခက်ခဲပြီး အငြင်းပွားဖွယ် ဖြစ်ကောင်းဖြစ်သော်လည်း ဆရာတော်က “ ခရစ်ယာန်တယောက်အနေနဲ့ မွေးကတည်းကအကြမ်းဖက်နေတဲ့ နိုင်ငံသမိုင်းနဲ့ ဆယ်စုနှစ် ၆ ခုကြား အချဉ်းနှီးသော စစ်ကို မြင်ခဲ့သူအနေနဲ့၊ ဆရာတော် တိုက်တွန်းချင်တာကတော့ စစ်တပ်နဲ့ခေါင်းဆောင်တွေအတွက် ဆုတောင်းပေးလိုက်ပါ ဆိုတာပဲ” ဟု တိုက်တွန်းတော်မူသည်။

“သူတို့အတွက် ဆုတောင်းတာဟာ အမှန်တကယ် လိုအပ်နေတယ်။ သူတို့နှလုံးသားတွေ အရည်ပျော်လာပြီး ဒီအကြမ်းဖက်မှုဟာ နိုင်ငံရန်သူကို အကြမ်းဖက်တာမဟုတ်ဘူး၊ ကိုယ့်ပြည်သူကိုယ် ပြန်အကြမ်းဖက်နေတာဆိုတာကို သူတို့သဘောပေါက်လာသင့်တယ်” ဟုလည်း ဆရာတော်က ဟောကြားတော်မူသည်။

ခရစ်ယာန်များသာမက မြန်မာနိုင်ငံသားအားလုံသည် ထိုရည်ရွယ်ချက်ဖြင့် ဆုတောင်းပေးသင့်ကြောင်း ဆရာတော် ဆက်လက်ပြောကြားပြီး “ဆရာတော်တို့အားလုံးက လူသားထုကို ဆုတောင်းပေးခြင်းနဲ့ကယ်ရမယ်။ ဆုတောင်းပေးခြင်းဟာ နှလုံးသားကို အရည်ပျော်စေသင့်ပြီး အားလုံးညီအကိုတွေလို ပူးပေါင်းသင့်တယ်” ဟုလည်း ဆရာတော်က မိန့်ကြားတော်မူသည်။

761  Views
Previous: Myanmar cardinal urges prayer for coup leaders
Next: စစ်ကောင်စီက ICJ ၌ တရားရင်ဆိုင်မည့် ဦးဆောင်ကော်မတီ ဖွဲ့စည်