တပ်ချုပ်နှင့် ဒုတပ်ချုပ်တာဝန်ထမ်းဆောင်ခွင့် အသက် ၆၅ နှစ် ကန့်သတ်ချက် ပယ်ဖျက်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့အနေဖြင့် အသက် ၆၅ နှစ်အ ထိသာ တာဝန်ထမ်းဆောင်ရန် ကန့်သတ်ချက်အား အာဏာသိမ်းပြီး ရက်ပိုင်းအတွင်းမှာပင် ပယ်ဖျက်ကြောင်း အာဏာသိမ်းစစ်ကောင်စီက ညွှန်ကြားလွှာထုတ်ပြန်ခဲ့သည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့က စစ်ရေးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း လက်မှတ်ရေးထိုး ထုတ်ပြန်ထားသည့် ကာကွယ်ရေးဌာနကောင်စီ ညွှန်ကြားလွှာအမှတ် ၁/၂၀၂၁ ဖြင့် တပ်ချုပ်နှင့် ဒုတပ်ချုပ်တို့အား အသက်ကန့်သတ်ထားသည့် ညွှန်ကြားလွှာ ၄/၂၀၁၄ အား ပယ်ဖျက်လိုက်ကြောင်း ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

အဆိုပါ ညွှန်ကြားလွှာ ၁/၂၀၂၁ အား မတ်လ ၅ ရက်နေ့ထုတ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းတွင် လည်း ဖော်ပြထားသည်။

ညွှန်ကြားလွှာ ၄/၂၀၁၄ နှင့် ပတ်သက်ပြီး ဒီမိုကရေစီအစိုးရဖြစ်၍ စစ်ဥပဒေ၊ ညွှန်ကြားလွှာများအရ ပြန်လည်သုံးသပ်ရန်လိုအပ်သောကြောင့် စစ်မှုထမ်းသက်ကို ကန့်သတ်ရန် ၂၀၁၄ ခုနှစ်တွင် ညွှန်ကြားလွှာ ၄/၂၀၁၄ အားထုတ်ပြန်ခဲ့ပြီး ယင်းညွှန်ကြားလွှာအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့သည် အသက် ၆၅ နှစ်ထက်မပိုသော ကာလအထိ တာဝန်ထမ်းဆောင်ခွင့်ပြုလိုက်ကြောင်း ၂၀၁၆ ခုနှစ်အတွင်း ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထိုစဉ်က ဒုတိယဗိုလ်ချုပ်ကြီး တာဝန်ယူထားသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးက ရှင်းပြခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြီးခဲ့သည့် ဧပြီလအတွင်း အသက် ၆၅ နှစ်ပြည့်ခဲ့ပြီဖြစ်ပြီး ၎င်းသက်တမ်းမကုန်ဆုံးမီ နိုင်ငံတော်အာဏာသိမ်းကာ တပ်ချုပ်ရာထူး အသက်ကန့်သတ် ချက်ကိုလည်း ပယ်ဖျက်လိုက်ခြင်းဖြစ်သည်။

ယင်းအပြင် ဗိုလ်ချုပ်ကြီးအဆင့် ကြည်၊ရေ၊လေ ကာကွယ်ရေးဦးစီးချုပ်များနှင့် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်၊ရေ၊လေ) တို့အား ပုံမှန်သက်တမ်း ၄ နှစ်တာဝန်ထမ်းဆောင်ပြီးပါက အငြိမ်းစားပေးရန် ယခင်က သတ်မှတ်ထားသော်လည်း ယခုထုတ်ပြန်လိုက်သည့် ညွှန်ကြားလွှာ ၁/၂၀၂၁ တွင် လိုအပ်ချက်အရ ၂ နှစ်အထိ သက်တမ်းတိုးမြှင့် တာဝန်ပေးနိုင်ခွင့်ကိုလည်း အခွင့်အရေးထပ်ပေးထားသည်။

ဗိုလ်ချုပ်အဆင့် တိုင်းမှူး၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်၊ စစ်ဦးစီးတက္ကသိုလ်၊ စစ်တက္ကသိုလ်၊ တပ်မတော်သိပ္ပံနှင့် နည်းပညာသုတေသနဌာနရှိ ကျောင်းအုပ်ကြီး/ဌာနချုပ်မှူးများအား အသက် ၆၀ မပြည့်မီ တာဝန်ထမ်းဆောင်ရမည့် သက်တမ်းကာလကျော်လွန်ပါက ဒုတိယဗိုလ်ချုပ်ကြီးအဆင့် ချီးမြှင့်ကာ အငြိမ်းပေးရန်လည်း အခွင့်အရေးတိုးမြှင့်ပေးထားသည်။

အထက်ပါ တာဝန်များထမ်းဆောင်ခြင်းမရှိသည့် ကျန်ရှိသော ဗိုလ်ချုပ်များအား အသက် ၆၀ မပြည့်မီ တာဝန်ထမ်းဆောင်ရမည့် သက်တမ်းကျော်လွန်ပါက လက်ရှိ အဆင့်ဖြင့်သာ အငြိမ်းစားပေးရန် ညွှန်ကြားလွှာတွင် ဖော်ပြထားသည်။

ယခုထုတ်ပြန်သည့် ညွှန်ကြားလွှာ ၁/၂၀၂၁ အရ ယခင်ထုတ်ပြန်ခဲ့သည့် ကာကွယ်ရေးဌာနကောင်စီ ညွှန်ကြားလွှာအမှတ် ၄/၂၀၁၄၊ ၁/၂၀၁၆၊ ၅/၂၀၁၆၊ ၁/၂၀၁၇ တို့အား ပယ်ဖျက်လိုက်ကြောင်းလည်း ဖော်ပြထားသည်။

761  Views
Previous: ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သစ် ဖိတ်ခေါ်မှု ပါတီတွေအကြား သဘောထားကွဲ
Next: စစ်ကောင်စီက YRTA ကို YPTC အဖြစ် ဖွဲ့စည်းပြီးနောက် ခရီးသည်များ ခက်ခဲမှုများ ပိုဖြစ်လာ