ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သစ် ဖိတ်ခေါ်မှု ပါတီတွေအကြား သဘောထားကွဲ

ရွေးကောက်ပွဲ ဥပဒေတချို့ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ ဆွေးနွေးဖို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေးပါတီတွေကို မေလ ၂၁ ရက် သောကြာနေ့ကျရင် နေပြည်တော်လာဖို့ ဖိတ်ခေါ်ထားပါတယ်။ ဒီတွေ့ဆုံပွဲကို တက်ရောက်လေ့လာမယ့်ပါတီတွေ ရှိသလို မတက်ဘူးလို့ ဆုံးဖြတ်ထားတဲ့ ပါတီတွေလည်း ရှိပါတယ်။ မတက်ရောက်တဲ့ပါတီတွေလည်း ရှိနေပါတယ်။ တက်ရေး၊ မတက်ရေး ဆုံးဖြတ်ချက်ကြောင့် ပြည်သူ့ပါတီမှာ သဘောထားကွဲခဲ့ပြီး ပါတီဗဟိုထိပ်ပိုင်းခေါင်းဆောင်တချို့အပါအဝင် ပြည်နယ်ပါတီခေါင်းဆောင်တွေ နုတ်ထွက်သွားပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို မခင်ဖြူထွေးကပြောပြပါမယ်။

ရွေးကောက်ပွဲ မသမာမှုတွေ ရှိနိုင်တယ်လို့ဆိုပြီး အာဏာသိမ်း အုပ်ချုပ်နေတဲ့ စစ်ကောင်စီက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ကို ပြန်လည်ဖွဲ့စည်းခဲ့ပြီး ၂၀၂၀ မဲရလဒ်တွေ ပြန်စစ်တာနဲ့ ရွေးကောက်ပွဲဥပဒေတချို့ကို ပြင်ဆင်ဖို့ လုပ်နေပါတယ်။ ဥပဒေပြင်ရေးနဲ့ ပါတ်သက်လို့ နိုင်ငံရေးပါတီတွေကို ရှင်းလင်းပြောပြဖို့ ကော်မရှင်က နိုင်ငံရေးပါတီတွေကို မေ ၂၁ ရက်၊ သောကြာနေ့ကျရင် နေပြည်တော်လာဖို့ ဖိတ်ထားပါတယ်။ ဒီပွဲကို နိုင်ငံရေးပါတီတချို့က တက်ရောက်ကြဖို့ ပြင်ဆင်နေသလို၊ တချို့ပါတီတွေထဲမှာတော့ တက်ရေး မတက်ရေး သဘောထားကွဲလို့ ပါတီဝင်တွေ နုတ်ထွက်ခဲ့ကြပါတယ်။ ၈၈ မျိုးဆက် ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီမှာဆို အထွေထွေ အတွင်းရေးမှူး ၁ ဦးရဲနိုင်အောင်အပြင် ပြည်နယ်ပါတီခေါင်းဆောင်တွေနဲ့ ပါတီဝင်တော်တော်များများ နုတ်ထွက်သွားကြပါတယ်။ ပါတီတွင်းမဲခွဲဆုံးဖြတ်ပြီး ကော်မရှင်ဖိတ်ကြားမှုကို တက်ရောက်ဖို့ ဆုံးဖြတ်တဲ့အပေါ် အမြင်သဘောထား မတိုက်ဆိုင်လို့ နုတ်ထွက်တာဖြစ်တယ်လို့ ပြည်သူ့ပါတီ မန္တလေးတိုင်းဒုဥက္ကဋ္ဌ ဦးအောင်စိုးမြင့်က ဗွီအိုအေကို ပြောပါတယ်။

“ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ရွေးကောက်ပွဲ ကော်မရှင်က ၂၁ ရက်နေ့ကို ပါတီက တက်မယ်ဆိုလို့ ကျနော်ထွက်လိုက်တာပါဗျာ။ ကျနော်ကတော့ ဘာဖြစ်လို့တုန်းဆိုတော့ ကျနော်တို့က ၂၀၀၈ အခြေခံ ဥပဒေကို ကျနော်တို့ CRPH ပြည်သူ့ကိုယ်စားပြုကော်မတီကနေ ဖျက်လိုက်ပြီဗျ။ မတ်လ ၃၁ ရက်နေ့က ထင်တယ်။ ကျနော်တို့ ပါတီတွေဆိုတာက ၂၀၀၈ အခြေခံဥပဒေအရပေါ်ပေါက်လာတာပဲ။ ၂၀၀၈ ဖျက်ပြီးပြီဆိုရင် ပါတီတွေဆိုတာ မရှိနိုင်တော့ဘူး။ အဲဒီတော့ ပြန်ပြီးတော့ renew ပဲ ပြန်လုပ်ရမှာပေါ့နော်။ ရွေးကောက်ပွဲကော်မရှင်ကနေပြီးတော့မှ အသစ်ပြန်ယူပြီးတော့မှ အဲဒီနေ့ကျမှပဲ ပါတီစုံကနေ လုပ်သင့်တယ်လို့ ယုံကြည်တဲ့အတွက်ကြောင့်မို့လို့ ကျနော်က ပါတီနဲ့ ပတ်သက်တာကို မပါတော့ဘဲနဲ့ နုတ်ထွက်လိုက်တာပါပဲ အဓိကက။”

ပြည်သူ့ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးကျော်ကျော်ထွေးကတော့ ရွေးကောက်ပွဲ ဥပဒေ ပြင်ဆင်ရေးပိုင်း လုပ်မှာနဲ့ ပတ်သက်လို့တရားဝင် ပါတီတခုအနေနဲ့ လေ့လာနိုင်ဖို့ တက်ရောက်မယ်လို့ ခုလိုပြောပါတယ်။

“ ကျနော်တို့ သွားတက်မှာပါ။ ရှေ့မှာ ကျနော်တို့ကို ဖိတ်ခဲ့တာ ၃ ကြိမ် ဖိတ်ခဲ့တယ်ပေါ့နော်။ ငြင်းခဲ့တယ်။ မတက်ခဲ့ကြဘူး။ အခုတကြိမ်မှာတော့ သွားတက်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ပြည်သူ့ပါတီရဲ့ တွဲဖက်အထွေထွေ အတွင်းရေးမှူး ၂ ဦးကျော်ကျော်စိုး သွားတက်မှာပါ။ ကျနော်တို့ဘက်က ပါတီတရပ်အနေနဲ့ ပြောနိုင်ဆိုနိုင်ခွင့် တခုလိုချင်လို့ သွားတက်တာမျိုးရှိမယ်။ ဘာတွေပြောမလဲ၊ ဘာတွေ ဆုံးဖြတ်မလဲဆိုတာကတော့ သွားတက်ပြီးမှပဲ တက်တဲ့သူတွေနဲ့ တွေ့ဆုံမေးမြန်းတာ ပိုအဆင်ပြေလိမ့်မယ်ထင်ပါတယ်။ ဒီအချိန်မှာတော့ ကော်မရှင် အစည်းအဝေးလည်း မတက်ရသေးတဲ့အခါကျတော့ ပြောဖို့ မဖြစ်နိုင်လို့ပါ။”

လွှတ်တော်မှာ အချိုးက ကိုယ်စားပြု PR စနစ် ကျင့်သုံးနိုင်ဖို့နဲ့ တည်ဆဲ ရွေးကောက်ပွဲ ဥပဒေတချို့ ပြင်ဆင်ရေးအတွက် ရွေးကောက်ပွဲ ကော်မရှင်က ဆောင်ရွက်နေတယ်လို့ ကော်မရှင် ညွှန်ကြားရေးမှူးချူပ် ဦးခင်မောင်ဦးကပြောကြားထားပါတယ်။ ဒီကိစ္စတွေဆွေးနွေးဖို့ တရားဝင်ပါတီဖြစ်တဲ့ NLD ပါတီကိုလည်း ဖိတ်ကြားထားတယ်လို့ ကော်မရှင်က ပြောပေမဲ့ NLD ထိပ်ပိုင်းခေါင်းဆောင်တော်တော်များများ အာဏာ သိမ်းချိန်မှာ ဖမ်းဆီးခံထားရသလို ကျန်ပါတီတာဝန်ရှိသူတွေကိုလည်း လိုက်လံဖမ်းဆီးနေတာမို့ ဆွေးနွေးပွဲ တက်နိုင်ဖို့ အခက်အခဲရှိပါတယ်။ အာဏာသိမ်းထားတဲ့ စစ်ကောင်စီအုပ်ချုပ်မှုအောက်မှာ ဥပဒေတွေကို ဘယ်လိုပြင်ဆင်မှာလဲ၊ ဒီမိုကရေစီ နည်းလမ်းတကျ ပြင်ဆင်နိုင်ပါ့မလားဆိုတဲ့အပေါ် ပါတီတချို့ကလည်း မေးခွန်းထုတ်နေကြပါတယ်။ ပါတီတွေအနေနဲ့ လွတ်လပ်စွာပါတီ လုပ်ငန်းတွေကို လုပ်လို့ မရချိန်မှာ ကော်မရှင်က ဥပဒေတွေပြင်ဆင်မယ့်အပေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ တွဲဖက်အတွင်းရေးမှူး (၁) ဦးစိုင်းကျော်ညွန့်က ခုလိုမှတ်ချက်ပေးပါတယ်။

“ ဖိတ်တာတော့ ရှိတယ်။ ဒါပေမဲ့ ဒီမှာလည်း သိတဲ့တိုင်း ပါတီက အစည်းဝေးထိုင်ဖို့၊ ပြုဖို့ကလည်း ခက်တယ်လေ။ အဲဒီတော့ လောလောဆယ်အထိကတော့ တက်ဖို့၊ ပြုဖို့တော့ မရှိသေးဘူး။ ဒီအချိန်ကြီးက ဟိုနားသွား၊ ဒီနားသွားတောင် ခက်ခဲနေတော့ ပါတီလုပ်ငန်းက လုပ်ရ၊ ကိုင်ရ အင်မတန် အခက်ခဲဆုံးအခြေအနေက ခရီးသွားဖို့ကအစ၊ နောက်ဆုံး အွန်လိုင်းကဆိုရင်လည်း အွန်လိုင်းက အဆင်မပြေဘူးလေ။ အဲဒီလိုဆိုတော့ ပါတီလုပ်ငန်းတွေ လုပ်ဆောင်တာ တော်တော်အခက်အခဲအကျပ်အတည်း ရှိတဲ့အချိန်ပဲ ဖြစ်ပါတယ်။”

စစ်ကောင်စီပြန်လည်ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲ ကော်မရှင်နဲ့ လက်တွဲဆောင်ရွက်ဖို့ ယုံကြည်ချက်နည်းတဲ့အတွက် ပါတီတွင်းဆုံးဖြတ်ချက်နဲ့ တွေ့ဆုံပွဲတက်မှာ မဟုတ်ဘူးလို့ ညီညွှတ်သော တိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ အထွေထွေအတွင်းရေးမှူး ဒေါ်နော်အုန်းလှကလည်းပြောပါတယ်။

“ ကျမတို့ မတက်ပါ။ ဗဟိုအလုပ်မှုဆောင်ရဲ့ ဆုံးဖြတ်ချက်အရ ကျမတို့သွားနေတာပါရှင့်။ အကန့်အသတ်တွေနဲ့ ကပ်ရောဂါကာလ အကန့်အသတ်တွေ ရှိတယ်။ နောက်ပြီးတော့ စစ်အုပ်ချုပ်ရေးရှိတဲ့အခါကျတော့ ကျမတို့ အခုအချိန် ဘာမှမလုပ်နိုင်သေးပါဘူး တကယ်တမ်းကျရင်တော့လေ။ ထဲထဲဝင်ဝင်လုပ်ဖို့တော့ ခက်ခဲပါတယ်ရှင့်။”

စစ်ဗိုလ်ချုပ်ဟောင်း သူရဦးရွှေမန်း တည်ထောင်တဲ့ ပြည်သူ့ကောင်းကျိုးဆောင်ပါတီကတော့ ရွေးကောက်ပွဲကော်မရှင်နဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ CEC ဦးဘိုဝင်းက ပြောပါတယ်။

“ တက်မှာ၊ တက်မှာ။ တချို့ပါတီတွေက စာတမ်းတွေတင်ကြတယ်ပြောတယ်မလား။ ကျနော်တို့ဆီကတော့ စာတမ်းတွေတော့ မတင်ဘူး။ မတင်နိုင်သေးဘူးပေါ့။ ဒါပေမဲ့ သူတို့ ဆွေးနွေးတဲ့အချိန်ကျရင်တော့ ပါဝင်ဆွေးနွေးမယ်။ ရွေးကောက်ပွဲလည်း ပြီးသွားပြီ။ အခုနောက်ပိုင်း ဒီဘက်က စီမံအုပ်ချုပ်ရေးကောင်စီ တက်လာတယ်။ ကျနော်တို့ကတော့ အခြေအနေကို စာင့်ကြည့်တဲ့သဘောပါ။”

စစ်ဘက်ကနေ အရပ်ဘက်ပြောင်းထားသူတွေ အများစုရှိတဲ့ ပြည်ခိုင်ဖြိုးပါတီနဲ့ စစ်တပ်နဲ့နီးစပ်တဲ့ ပါတီတွေကတော့ သောကြာနေ့ကျရင် ရွေးကောက်ပွဲ ကော်မရှင်နဲ့ ဆွေးနွေးဖို့ တက်ကြမှာဖြစ်ပါမယ်။ ဖေဖော်ဝါရီ ၁ ရက်နေ့ တပ်မတော်အာဏာသိမ်းအပြီး နောက်တရက်မှာပဲ အသစ်ပြန်ဖွဲ့တဲ့ ကော်မရှင်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက်တုန်းကလည်း နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံခဲ့တုန်းကလည်း စစ်တပ်နဲ့ နီးစပ်တဲ့ ပါတီတချို့သာ တက်ရောက်ခဲ့ကြပါတယ်။

392  Views
Previous: မြန်မာနိုင်ငံကို အန္တရာယ်ရှိမှု အမြင့်ဆုံးအဆင့် ၄ အဖြစ် အမေရိကန်သတ်မှတ်
Next: တပ်ချုပ်နှင့် ဒုတပ်ချုပ်တာဝန်ထမ်းဆောင်ခွင့် အသက် ၆၅ နှစ် ကန့်သတ်ချက် ပယ်ဖျက်