တရားလိုပြသက်သေများ၏ထွက်ဆိုချက်များသည် အဓိပ္ပာယ်မဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား

ဒေါ်အောင်ဆန်းစုကြည်အား အမှုပေါင်း ၁၁ မှုဖြင့်တရားစွဲဆိုထားပြီး အဂတိအမှုများတွင် တရားလိုပြသက်သေများ၏ထွက်ဆိုချက်များမှာအဓိပ္ပာယ်မဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကပြောကြားခဲ့သည်ဟု ရှေ့နေအဖွဲ့ထံမှသိရသည်။
ယနေ့(အောက်တိုဘာ ၄ ရက်) ရုံးချိန်းမစမီ ရှေ့နေအဖွဲ့နှင့်ဒေါ်အောင်ဆန်းစုကြည်တို့ နာရီဝက်ကြာ တွေ့ဆုံဆွေးနွေးခွင့်ရချိန် ပြီးခဲ့သည့်သောကြာနေ့က အဂတိအမှုများနှင့် ပတ်သက်၍ အထက်ပါအတိုင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
“ ပြီးခဲ့တဲ့အမှုတွေနဲ့ပတ်သက်ပြီးတော့ အမေ့သဘောထားဘယ်လိုရှိလဲ။ ဘာပြောချင်သေးလဲလို့ မေးလိုက်တော့ အင်္ဂလိပ်လို “All absurd” တစ်ခုပဲပြောပါတယ်။ အဓိပ္ပာယ်မရှိဘူးဆိုတဲ့ သဘောပဲပေါ့” ဟု အမှုလိုက်ရှေ့နေတစ်ဦးက စံတော်ချိန်ဒစ်ဂျစ်တယ်သို့ ပြောသည်။
ပြီးခဲ့သည့်သောကြာနေ့ရုံးချိန်းတွင် ဦးဖြိုးမင်းသိန်းထံမှ တံစိုး လက်ဆောင်များရယူသည် ဆိုသောအမှုတွင် တရားလိုပြသက်သေအဖြစ် ဦးဖြိုးမင်းသိန်းနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း အတွက် အများပြည်သူလှူဒါန်းငွေထဲမှ မလျော်ဩဇာသုံးပြီး နေအိမ်တည်ဆောက်သည်ဆိုသောအမှုတွင် ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးကျော်ဇေယျာဝင်းတို့က တရားလိုပြသက်သေအဖြစ် ထောက်ခံထွက်ဆိုခဲ့ကြခြင်းဖြစ်သည်။
ထို့ပြင် ရက်သတ္တပတ်တစ်ပတ်လျှင် လေးရက်ခန့်ရုံးချိန်ရင်ဆိုင်နေရသော ဒေါ်အောင်ဆန်း စုကြည်က ကျန်းမာရေးကြောင့် ရုံးချိန်းများကိုနှစ်ပတ်တစ်ကြိမ်သာစစ်ဆေးပေးရန် ယနေ့ ရုံးချိန်းတွင် တရားသူကြီးထံစာရေးတင်ပြခဲ့ကြောင်း၊ လာမည့်တနင်္လာနေ့တွင် ရုံးချိန်းရက် ပြောင်းလဲခြင်းရှိ၊ မရှိအမိန့်ချမည်ဟု ရှေ့နေအဖွဲ့ထံမှသိရသည်။
ယနေ့ ရုံးချိန်းတွင် ဒေါ်အောင်ဆန်းစုကြည်အပေါ်စွဲထားသော သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ နှင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ အမှုများ၌ နှစ်ဖက်ရှေ့နေများက စွဲချက်လျှောက်လဲချက်တင်ခဲ့ပြီး နောက်တစ်ပတ်ရုံးချိန်း၌ စွဲချက်တင်သင့်၊ မတင်သင့် အမိန့်ချမည်ဖြစ်ကြောင်းသိရသည်။
ထို့ပြင် ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ နှင့်ပတ်သက်ပြီး တရားလိုဘက်က နောက်တိုးသက်သေ တစ်ဦးထပ်တိုးရန်တင်ပြထားသည့်ကိစ္စကို ဒေါ်အောင်ဆန်းစုကြည်၏ရှေ့နေများက ယခင်တစ်ပတ်ရုံးချိန်း၌ ကန့်ကွက်ထားသော်လည်း တရားသူကြီးက ယနေ့ရုံးချိန်းတွင် ထပ်တိုးခွင့်ပြုပေးခဲ့ကြောင်းသိရသည်။
ဆက်လက်ပြီး ဦးဝင်းမြင့်အပေါ်စွဲဆိုထားသော သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ အမှုအတွက် ယနေ့တွင် စွဲချက်တင်၊ မတင်အမိန့်ချရမည်ဖြစ်သော်လည်း လာမည့် အောက်တိုဘာ ၁၁ ရက် ရုံးချိန်းသို့ ရွှေ့ဆိုင်းခဲ့ကြောင်းသိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်လျှို့ဝှက်ချက်များအက်ဥပဒေပုဒ်မ ၃(၁)(ဂ) အမှု၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့်အမှုငါးမှုအပါအဝင် အမှုပေါင်း ၁၁ မှုဖြင့် တရားစွဲဆိုခံထားရသည်။
462  Views
Previous: ကိုဗစ် တတိယလှိုင်းကာလအတွင်း ကိုယ်ကျိုးစွန့်ဆက်ကပ်ခဲ့သော ပရဟိတ အဖွဲ့များအား ဂုဏ်ပြုလက်ဆောင်ပေးအပ်ခြင်း
Next: မြန်မာပြည်သူတွေ ငြိမ်းချမ်းဖို့ ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် ဆုတောင်း