တရုတ်နိုင်ငံ၏ ကွန်မြူနစ်အစိုးရက ရဟန်းမင်းကြီးခန့်အပ်ထားသော ဝဲန်ယူးမြို့၏ လက်ထောက်ဆရာတော် ပီတာရှိုဇူမင်းကို ဖမ်းဆီးထောင်ချ

14671355_1870714046497264_4059605940075107828_n

ဘေဂျင်း၊ စက်တင်ဘာ ၉ ၂၀၁၆ Ucan

တရုတ်နိုင်ငံ၏ ကွန်မြူနစ်အစိုးရက ရဟန်းမင်းကြီးဖရန်စစ် ခန့်အပ်တော်မူထားသော ဝဲန်ယူးမြို့၏ အရိုက်အရာ ဆက်ခံခွင့်ရှိသော လက်ထောက် ဆရာတော် ပီတာရှိုဇူမင်းကို ဖမ်းဆီးထောင်ချလိုက်သည်ဟု သတင်းရရှိထားပါသည်။

တရုတ်အစိုးရသည် ဝဲန်ယူးမြို့၏ ပျံလွန်တော်မူသွားသော ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီးဗင်းဆင့် ဇူဝေဖန်း၏ အရိုက်အရာကိုဆက်ခံရန် ခန့်အပ်ခံရသော လက်ထောက်ဆရာတော် ပီတာရှိုဇူမင်းနှင့် ကက်သလစ်ခရစ်ယာန်ဘာသာဝင်တချို့ကို ဖမ်းဆီးခြင်းသည် ဆရာတော်ပီတာကို ဘာသာရေးလုပ်ငန်းများကို ထမ်းဆောင်ခွင့်မပြုလိုသောကြောင့်ဖြစ်သည်ဟု သိရှိရသည်။ ကက်သလစ်သာသနာတော်၏ ကာနွန်ဥပဒေအရ သာသနာပိုင်ဆရာတော်တစ်ပါးပါးသည် သေဆုံး (သို့မဟုတ်) အနားယူသွားလျှင် အရိုက်အရာဆက်ခံခွင့်ရှိသော ဆရာတော်က ၎င်းသာသနာတော် ၏ သာသနာပိုင် ဆရာတော်အဖြစ် ချက်ချင်းတာဝန်ယူရမည်ဟု ပြဋ္ဌာန်းထားပေသည်။

ရောမမြို့အခြေစိုက် အာရှသတင်းဌာန၏အဆိုအရ တရုတ်ရဲများသည် ဆရာတော်ပီတာကို သူ၏ကျောင်းမှ စက်တင်ဘာလ အစောပိုင်း က ခေါ်ဆောင်သွးကြောင်း၊ သာသနာ အတိုင်ပင်ခံဘုန်းတော်ကြီးပေါလ် ဂျိန်ဆူနီယ်ကိုလည်း ရဲများက တခြားရဟန်းတစ်ပါးနှင့်အတူ ဟိုတယ်တွင် ထိန်းသိမ်းထားကြောင်း၊ ယခုကဲ့သို့ဆရာတော်ပီတာကို ဖမ်းဆီးခြင်းသည် ရဟန်းမင်းကြီးကို အတိုက်အခံ ပြုလိုခြင်းဖြစ်ကြောင်းဖြင့် သတင်းထုတ်ပြန်ထားသည်။

ဝဲန်ယူးကက်သလစ်သာသနာတွင် ကက်သလစ်ခရစ်ယာန် ဘာသာဝင်ပေါင်း (၁၂၀၀၀၀) ကျော်ရှိပြီး ၎င်းဝဲန်ယူးမြို့ကို “တရုတ်နိုင်ငံ၏ ဂျေရုစလင်မြို့” ဟု တင်စားခြင်း ခံရသောမြို့ဖြစ်သည်။ အကြောင်းရင်းကား ၎င်းမြို့တွင် ခရစ်ယာန်ဘုရားကျောင်းများနှင့် ဘာသာရေးကျောင်းများ များပြားစွာ တည်ရှိနေသောကြောင့်ဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင်မူ တရုတ်အစိုးရက ၎င်းမြို့ထဲက ဘုရားကျောင်းများစွာကို လိုက်လံဖျက်ဆီးခဲ့သည်။ ဆရာတော်ပီတာသည် တရုတ်အစိုးရလက်အောက်ရှိ မျိုးချစ်ကက်သလစ်အသင်းတော်ထဲက အဖွဲ့ဝင်ဖြစ်သော်လည်း တရုတ်အစိုးရနှင့် ဗာတီကန် (ရဟန်းမင်းကြီး) တို့၏ သဘောတူညီချက်အရ ရဟန်းမင်းကြီးဖရန်စစ်က ဆရာတော်ပီတာကို ဝဲန်ယူးကက်သလစ် သာသနာတော်၏ ဂိုဏ်းချုပ်ဆရာတော်အဖြစ် ခန့်အပ်ထားခြင်းဖြစ်သည်ဟု သိရှိရသည်။

ဆရာတော်ပီတာသည် ၁၉၈၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ (၁၆) နှစ်တိုင်တိုင် တရုတ်အစိုးရ၏ အလုပ်ကြမ်းစခန်းတွင် ထောင်ချခံရသော ဆရာတော်တစ်ပါးဖြစ်တော်မူသည်။

ကုန်ဇမှုန်း

1266  Views
Previous: ကက်သလစ်ခရစ်ယာန်ဘာသာဝင်များအားလုံးသည် အကျဉ်းသားများနှင့် ထောင်မှလွတ်လာသူများကို ဝိုင်းဝန်းကူညီကျရန် အင်္ဂလန်နိုင်ငံကာဒီနယ် နီကော်လပ်(စ်) က တိုက်တွန်းတော်မူ
Next: ကက်သလစ်ခရစ်ယာန်ဘာသာဝင်များ သေဆုံးပါက မီးရှို့သဂြိုဟ်နိုင်သော်လည်း ၎င်းပြာမှုန့်ကိုမူ မိမိအစီအစဉ်ဖြင့် ထိန်းသိမ်းထားနိုင်ခွင့်မရှိကြောင်း ဗာတီကန်က ညွှန်ကြားချက်ထုတ်ပြန်