ဒေါ်လာဈေး၊ ရွှေဈေးတက်သည့် ကိစ္စ မိမိတို့ လက်ထက်တွင်ဖြစ်ခဲ့ခြင်းဖြစ်၍ တာဝန်ယူမှုတာဝန်ခံမှုရှိသည်ဟုပြော

ဒေါ်လာဈေးတက်နေသည့်ကိစ္စ ပြင်ပထိုးနှက်ချက်များပါကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းကဆိုကာ ရှေးတုန်းက ဘာကြောင့်ဖြစ်ခဲ့သည်ဆိုသော အတိတ်များအားပြန်ပြောင်းအပြစ်ပြောခြင်းထက် မိမိလက်ထက်တွင်ဖြစ်ခဲ့ခြင်းဖြစ်၍ တာဝန်ယူမှု၊တာဝန်ခံမှုရှိရမှာဖြစ်ကြောင်း ပြောသည်။
နိုင်ငံတာဝန်လွှဲပြောင်းယူစအချိန်ကထက် နှစ်ဆတက်နေသည့် ဒေါ်လာဈေး၊ သမိုင်းတစ်လျှောက် စံချိန်တင်အမြင့်ဆုံးရောက်သွားခဲ့သည့် မြန်မာ့ရွှေဈေးကိစ္စ အဆိုပါကိစ္စရပ်များအား အကောင်းဆုံးဖြေရှင်းမည်ဖြစ်ကြောင်း နစကပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။
“ဒေါ်လာဈေး၊ ရွှေဈေးတက်ခြင်းကိစ္စ မိမိတို့လက်ထက်မှာဖြစ်ခဲ့တာဖြစ်လို့ တာဝန်ယူမှုတာဝန်ခံမှုရှိပါတယ်။ အကောင်းဆုံးဖြေရှင်းမှာ ဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။ အပြည့်အစုံဖြေရှင်းနိုင်ရေး မဟုတ်သည်တောင် အကောင်းဆုံးဖြေရှင်းနိုင်ရေးအတွက် ရှိသမျှအင်အားဖြင့်ဆောင်ရွက်နေသည်ဟုလည်းဆက်ပြောသည်။
လက်ရှိတွင် ငွေရေးကြေးရေးနှင့် ပတ်သက်ပြီး ဗဟိုဘဏ်က ငွေသားမကိုင်ဘဲ ဒီဂျစ်တယ်စနစ်ဖြင့် ဆောင်ရွက်နိုင်အောင်လုပ်ဆောင်နေသည့်အကြောင်း၊ စက်သုံးဆီအသင်းနှင့်စားသုံးဆီအသင်းများကို ပြင်ပပေါက်ဈေးထက် ဈေးလျှော့ပြီး အမေရိကန်ဒေါ်လာများ ထုတ်ရောင်းနေသည့်အကြောင်းစသည်တို့ကိုပြောကာ ဗဟိုဘဏ်ဘက်က ဒေါ်လာများထုတ်ရောင်းနေမှုမှာလိုသလောက်ထုတ်ရောင်းပေးနိုင်ခြင်းမရှိသည်ကို ဝန်ခံပါကြောင်းစသည်တို့ကိုပြောသည်။
လက်ရှိနိုင်ငံတွင် ငွေကြေးဖောင်းပွနေပြီး၊ ကုန်သွယ်မှုလိုငွေမှာ အမေရိကန်ဒေါ်လာသန်းချီပြနေသည်။အလားတူ စက်သုံးဆီဈေးများမြင့်တက်နေကာ အရောင်းဆိုင်အချို့ ခေတ္တ ပိတ်ထားကြသည်။
553  Views
Previous: NUG အနေနဲ့ ကုလမှာ မြန်မာကို ကိုယ်စားပြုခွင့်ရဖို့ ဘယ်လောက် အလားအလာ ရှိလဲ
Next: အာဆီယံအထူးကိုယ်စားလှယ် ခရီးစဉ်အသေးစိတ် နှစ်ဘက်ညှိနှိုင်းနေတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်း