NUG အနေနဲ့ ကုလမှာ မြန်မာကို ကိုယ်စားပြုခွင့်ရဖို့ ဘယ်လောက် အလားအလာ ရှိလဲ

စစ်ကောင်စီဟာ အာဏာသိမ်းပြီး ၆ လအကြာ ကြားဖြတ် အစိုးရ ဖွဲ့စည်းကြောင်း ကြေညာချက်ဟာ တရားဝင် အစိုးရ အဖြစ် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ မျက်နှာစာမှာ အသိအမှတ် ပြုခံရရေး အတွက် နောက်တဆင့်တက် ပြင်ဆင် လုပ်ဆောင်လာတဲ့ ခြေလှမ်း အဖြစ် ကျယ်ကျယ် ပြန့်ပြန့် ရှူမြင်ကြပါတယ်။

နိုင်ငံတကာမျက်နှာစာလို့ ပြောတဲ့အခါ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့် ရရှိရေးဟာ အဓိက အခရာကျတယ်လို့ ကျွမ်းကျင်သူတွေက တညီတညွတ်တည်း ပြောကြပါတယ်။

ဒီတော့ နယူးယောက်မြို့ ကုလသမဂ္ဂ ရုံးချုပ်မှာ မြန်မာနိုင်ငံ ကိုယ်စားပြု အမြဲတမ်းကိုယ်စားလှယ် အဖွဲ့ နဲ့ အဲဒီ အဖွဲ့ကို ဦးဆောင်သူ တနည်းအားဖြင့် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ဟာ စစ်ကောင်စီက ခန့်တဲ့သူ ဖြစ်လာမှာလား၊ NUG ရဲ့ ကိုယ်စားလှယ်လား ဆိုတာ မကြာတော့တဲ့ သီတင်းပတ်တွေ အတွင်းမှာပဲ ဆုံးဖြတ်ကြရဖို့ ရှိနေပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်း
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူ လက်ရှိ သံအမတ်ကြီး ဦးကျော်မိုးထွန်း

လက်ရှိမှာတော့ NUG ရဲ့ ဦးကျော်မိုးထွန်း

လက်ရှိမှာတော့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး NUG နဲ့ ပတ်သက်နေတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ ကုလဆိုင်ရာမြန်မာ သံအမတ် အဖြစ် တရားဝင် ရှိနေတယ်လို့ မြန်မာပြည်ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စ ခရစ္စတင်း ရှရနာ ဘာဂနာက လောလောလတ်လတ်မှာပဲ ထပ်လောင်း ပြောခဲ့ပါတယ်။

“ ရှင်းရှင်းလင်းလင်း ရှိဖို့ ကျွန်မအနေနဲ့ ပြောရရင် ကုလအဖွဲ့ကြီးက ဘယ်သူကတော့ဖြင့် အစိုးရ ဆိုပြီး ရွေးချယ် အသိအမှတ်ပြုတာ မဟုတ်ပါဘူး။ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ မူတည်တာဖြစ်ပါတယ်” လို့ ကုလအထူးသံ မစ္စ ရှရနာ ဘာဂနာက ဆိုပါတယ်။

ဆွစ်ဇာလန်မှာ ရှိနေတဲ့ မစ္စ ရှရနာ ဘာဂနာက နယူးယောက် အခြေစိုက် ကုလသမဂ္ဂ ဆိုင်ရာ သတင်းထောက်တွေကို မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေတွေ အကြောင်း ပြောရင်းမှာပဲ ကုလဆိုင်ရာ သံအမတ် နေရာ ကိစ္စကို ထည့်သွင်း ပြောခဲ့တာ ဖြစ်ပါတယ်။

“ အဖွဲ့ဝင် နိုင်ငံတွေက နောက်ဆုံးဖြတ်ချက် မချသေးသရွေ့ နယူးယောက်မှာ ရှိတဲ့ ဦးကျော်မိုးထွန်းဟာ မြန်မာရဲ့ ကုလသမဂ္ဂ ဆိုင်ရာ တရားဝင် သံအမတ်ကြီး ဖြစ်တယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ဟာ မြန်မာပြည်ရဲ့ အစိုးရ ခေါင်းဆောင်တွေ ဖြစ်ကြတယ်” ဆိုပြီးတော့လည်း လက်ရှိ ကုလသမဂ္ဂမှာ တရားဝင်မှုနဲ့ ပတ်သက်ပြီး မစ္စရှရနာ ဘာဂနာက မီးမောင်းထိုး ပြောခဲ့ပါတယ်။

မြန်မာ စစ်တပ်ရဲ့ ခေါင်းဆောင်ဟာ အခုဆိုရင် အာဏာသိမ်း စစ်ကောင်စီရဲ့ ဥက္ကဌ ဖြစ်သလို၊ အိမ်စောင့်အစိုးရမှာလည်း ရာထူးအကြီးဆုံး ဖြစ်တဲ့ ဝန်ကြီးချုပ်ရာထူး ကို ရယူထားပါတယ်။

ဒီတော့ ကုလအဖွဲ့ဝင် နိုင်ငံတွေက ဘယ်သူဟာ မြန်မာကို ကိုယ်စားပြုသူ ဖြစ်လဲ ဆိုတဲ့ အရေးကို ဘယ်တော့ ဆုံးဖြတ်ကြမှာပါလဲ။

စစ်ကောင်စီက ပြည်ဝင်ခွင့် ငြင်းပယ် ထားတဲ့ မစ္စ ရှရနာ ဘာဂနာ
ဓာတ်ပုံ ပုံစာ,စစ်ကောင်စီက ပြည်ဝင်ခွင့် ငြင်းပယ် ထားတဲ့ မစ္စ ရှရနာ ဘာဂနာ

အထွေထွေညီလာခံရဲ့ အရည်ချင်းစစ် ကော်မတီ

လာမယ့် စက်တင်ဘာ လလယ် ဆိုရင် ကုလသမဂ္ဂရဲ့ အထွေထွေ ညီလာခံရဲ့ နှစ်စဥ် အစည်းအဝေးတွေ စတင် ကျင်းပတော့မှာ ဖြစ်ပါတယ်။

အထွေထွေညီလာခံရဲ့ အစိတ်အပိုင်း ဖြစ်တဲ့ အဖွဲ့ဝင် ၉ နိုင်ငံပါ အရည်အချင်းစစ် ကော်မတီ “ Credentials Committee” ကနေ မြန်မာကို ဘယ်သူ ကိုယ်စားပြုမလဲ ဆိုတဲ့ ပြဿနာကို ဆန်းစစ်ကြမှာ ဖြစ်တယ်လို့ မြန်မာ့အရေး အထူး အကြံပေး ကောင်စီ SAC- M အဖွဲ့က ပြောပါတယ်။

(SAC- M ဆိုတာ မြန်မာပြည်မှာ ဖေဖေါ်ဝါရီလဆန်း စစ်အာဏာ တကျော့ပြန် သိမ်းခံရမှုကို တုန့်ပြန်ပြီး ပေါ်ပေါက်လာတဲ့ အဖွဲ့ဖြစ်ပါတယ်။ ကုလသမဂ္ဂ အဆင့်မြင့် အရာရှိတာဝန်တွေနဲ့ မြန်မာအရေး ထဲထဲဝင်ဝင် လုပ်ဆောင်ခဲ့သူတွေ စုပေါင်း ဖွဲ့ထားတာ ဖြစ်ပါတယ်။

မြန်မာလူ့အခွင့်အရေး ဆိုင်ရာ အထူးကိုယ်စားလှယ် ဖြစ်ခဲ့တဲ့ မစ္စ ယန်ဟီးလီ၊ လူ့အခွင့်အရေးကောင်စီက ဖွဲ့ခဲ့တဲ့ မြန်မာအရေး အချက်အလက် ရှာဖွေရေး မစ်ရှင် အဖွဲ့ ခေါင်းဆောင် မာဇူကီ ဒါရွတ်စမန်နဲ့ အဖွဲ့ဝင် ခရစ္စ ဆီဒိုတီတို့ဟာ SAC-M ကို ထူထောင်သူတွေ ဖြစ်ပါတယ် )

“ အရည်အချင်းစစ်ကော်မတီက သုံးသပ်မယ်၊ ဆုံးဖြတ်ချက်ဟာ အထွေထွေညီလာခံမှာ ပေါ်ပေါက်လာမယ်၊ လိုအပ်လာရင် အဖွဲ့ဝင်နိုင်ငံတွေ မဲခွဲ ဆုံးဖြတ်ကြတဲ့ အထိ ဖြစ်လာလိမ့်မယ်” လို့ SAC – M က ဆိုပါတယ်။

UN အဖွဲ့အားလုံးနဲ့ ICJ မှာ မြန်မာကို ကိုယ်စားပြု ခွင့်ရမယ်

ဘယ်သူဦးဆောင်တဲ့ အမြဲတမ်းကိုယ်စားလှယ် အဖွဲ့ (အင်္ဂလိပ်လို “ permanent mission” အဖွဲ့) ဟာ မြန်မာကို ကိုယ်စားပြုသူ ဖြစ်တယ်ဆိုပြီး အထွေထွေ ညီလာခံကနေ ဆုံးဖြတ်ချက် ထွက်လာပြီ ဆိုရင် အဲဒီ ဆုံးဖြတ်ချက်ဟာ ကုလသမဂ္ဂရဲ့ အဖွဲ့အစည်းအားလုံး ဥပမာ လူ့အခွင့်အရေးကောင်စီ UNHRC၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ ILO စသဖြင့် နေရာတွေမှာ အစည်းအဝေး အားလုံးကို မြန်မာကို ကိုယ်စားပြုခွင့် ရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံတကာ တရားရုံး ICJ မှာပါ ဘယ်သူ့ကို မြန်မာရဲ့ ကိုယ်စားလှယ် အဖြစ် အသိအမှတ်ပြုမလဲ ဆိုတာကိုပါ အထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်က လွှမ်းမိုးမှာ ဖြစ်ပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ အခုနှစ် ၂၀၂၁ မကုန်ခင် ဒီဇင်ဘာလ နောက်ဆုံးထားပြီး ထွက်လာဖို့ မျှော်လင့်ရတယ်လို့ SAC- M အဖွဲ့က ဆိုပါတယ်။

ဒါပေမယ့် ဖြစ်နိုင်ခြေ ရှိသမျှ အားလုံးကို ထည့်တွက်မယ် ဆိုရင်တော့ ဖြစ်နိုင်တာ နောက်တစ်ခုကတော့ ကုလသမဂ္ဂမှာ မြန်မာကို ကိုယ်စားပြုခွင့်ကို NUG ကို ပေးမှာလား စစ်ကောင်စီကို ပေးမှာလား ဆိုတဲ့ ပြတ်သားတဲ့ အဖြေ ထွက်မလာနိုင်တဲ့ အခြေအနေမျိုးလည်း ကြုံကောင်းကြုံလာ ရနိုင်ပါတယ်။

အဲ့ဒါကတော့ ကိုယ်စားပြုခွင့် ဘယ်သူ့ကို ပေးမလဲ ဆိုတာကို ချက်ခြင်း မဆုံးဖြတ်သေးပဲနဲ့ ရွှေ့ဆိုင်းထားမယ် ဆိုတဲ့ ရလာဒ်မျိုးလည်း ကြုံကောင်း ကြုံလာရနိုင်ပါတယ်။

ကိုယ်စားပြုခွင့်နဲ့ ပတ်သက်ပြီး အငြင်းအခုံ ဖြစ်လာပြီ ဆိုရင် ကုလသမဂ္ဂမှာ ဘယ်လို ဆန်းစစ် ဆုံးဖြတ်ကြသလဲ ဆိုတဲ့ လုပ်ငန်းစဥ် အဆင့်ဆင့်ကို အရင် ကြည့်ရအောင်ပါ။

အထွေထွေ ညီလာခံ

ဓာတ်ပုံ ပုံစာ, နှစ်စဥ် ကုလသမဂ္ဂ အထွေထွေ ညီလာခံ

၁။ လျှောက်ထားခြင်း

နှစ်စဥ် ကုလသမဂ္ဂ အထွေထွေ ညီလာခံ စက်တင်ဘာလထဲ ရှိပြီ ဆိုရင်ပဲ နောက်တစ်နှစ်သက်တမ်း ဘယ်သူက ကိုယ့်နိုင်ငံကို ကုလသမဂ္ဂမှာ ကိုယ်စားပြုမှာလဲ ဆိုတာကို အဖွဲ့ဝင် နိုင်ငံတွေဘက်က အရင်ဆုံး လျှောက်ထား တင်ပြကြရပါတယ်။

ဘယ်ကို တင်ရသလဲ ဆိုရင် ကုလ အတွင်းရေးမှူးချုပ်ရဲ့ ရုံးအဖွဲ့ကို တင်ရပါတယ်။ တင်တဲ့အခါ နယူးယောက် ကုလရုံးချုပ်အတွက် ကိုယ်စားလှယ်က ဘယ်သူ၊ ဂျနီဗာ ရုံး အတွက် ကိုယ်စားလှယ်က ဘယ်သူ ဆိုတာတွေ အဆိုပြုရပြီး အရံ ကိုယ်စားလှယ် အမည်တွေ အပါအဝင် ၅ ယောက်ရဲ့ အမည်တွေနဲ့ အတူ အကြံပေးတွေကတော့ ဘယ်သူတွေ ဖြစ်မယ် ဆိုတာကို ဖော်ပြရမှာ ဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့ လက်ရှိ စည်းမျဥ်းတွေအရ အဲဒီ အကြံပြု ခန့်ထားချက်တွေဟာ နိုင်ငံရဲ့ အကြီးအကဲ၊ ဒါမှမဟုတ် အစိုးရ အဖွဲ့ရဲ့ အကြီးအကဲ၊ ဒါမှမဟုတ် နိုင်ငံခြားရေး ဝန်ကြီးက ထုတ်ပြန်ရမယ်လို့ ဆိုထားပါတယ်။

ဒီနေရာမှာ မဝေးလှတဲ့ သမိုင်းမှာ ဖြစ်ခဲ့ဖူးတာ တစ်ခုကို သတိချပ်ကြစေဖို့ SAC – M အဖွဲ့က ပြောထားတာ ရှိပါတယ်။

၂၀၀၈ တုန်းကလည်း ၉၀ ရွေးကောက်ပွဲ နိုင်သူတွေထဲကနေ ကုလမှာ ကိုယ်စားပြု ခွင့်ရဖို့ ကြိုးစားခဲ့ဖူးပါတယ်။ အရာမထင်ပါဘူး။ အကြောင်းကတော့ အထက်မှာ ပြောထားသလို နိုင်ငံ သို့မဟုတ် အစိုးရ အကြီးအကဲ၊ ဒါမှာမဟုတ် နိုင်ငံခြားရေး ဝန်ကြီးက တင်တာမဟုတ်တဲ့ အတွက် သူတို့ရဲ့ လျှောက်ထားမှုဟာ ရှေ့ဆက်ပြီး ဘာမှ ဖြစ်မလာခဲ့ဘူးလို့ SCA – M က ဆိုပါတယ်။

၂။ အထွေထွေညီလာခံရဲ့ အရည်အချင်းစစ် ကော်မတီ

အကြံပြု လျှောက်ထားချက်တွေကို ဆန်းစစ်မှာက အထွေထွေညီလာခံရဲ့ အရည်အချင်းစစ် ကော်မတီ UNGA Credentials Committee ပဲ ဖြစ်ပါတယ်။

အဲဒီ ကော်မတီမှာ အဖွဲ့ဝင် ၉ နိုင်ငံပါဝင်ပါတယ်။ ဘယ်နိုင်ငံတွေလဲ ဆိုတာကို အထွေထွေညီလာခံ သဘာပတိက အကြံပြုရပြီး၊ များသောအားဖြင့် အဲဒီ အကြံပြုချက်အတိုင်း မဲမခွဲရပဲ အတည်ဖြစ်လေ့ ရှိပါတယ်။

အစဥ်အလာကို ကြည့်မယ်ဆိုရင် တရုတ်၊ ရုရှားနဲ့ အမေရိကန် ပါလေ့ပါထ ရှိပါတယ်။ ပြီးခဲ့တဲ့ ၄ နှစ်ကို ကြည့်ရင် ၃ နှစ်မှာ ဥရုဂွေး ပါပါတယ်။ ကျန် ၅ နေရာ အတွက် နိုင်ငံတကာမှာ ဆက်ဆံရေး ကောင်းပြီး ဘယ်သူနဲ့မှ ဆက်ဆံရေး ဆိုးရွားနေတာမျိုး မရှိတဲ့ နိုင်ငံတွေ၊ ဘက်လိုက်မှု မရှိပဲ မျှမျှတတ ဆုံးဖြတ်မယ်လို့ ယူဆရတဲ့ နိုင်ငံတွေကို ကုလအတွင်းရေးမှူးချုပ်ရုံးက ချည်းကပ်ပြီး ကော်မတီထဲ ပါဝင်ဖို့ ကိစ္စ ဆွေးနွေးပါတယ်။ ဘယ်နိုင်ငံတွေလဲ ဆိုတာ နှစ်ဘက်စလုံးက လျှို့ဝှက်ထားရပါတယ်။ ကြိုတင် အသိမခံကြပါဘူး။

ဒီနောက် ဘယ်သူတွေကို လက်ခံတယ်၊ ဘယ်သူတွေကို ငြင်းပယ်တယ် ဆိုတဲ့ အကြံပြုချက်တွေကို ကော်မတီက အထွေထွေ ညီလာခံကို တင်သွင်းပါတယ်။ များသောအားဖြင့် ကော်မတီရဲ့ အကြံပြုချက် အတိုင်း အထွေထွေ ညီလာခံကလည်း တခဲနက် အတည်ပြုပေးပါတယ်။

ဒါပေမယ့် ကွဲပြားတဲ့ အမြင်မျိုး၊ ရပ်တည်မှုမျိုးတွေ ရှိလာရင်တော့ ကော်မတီရဲ့ အကြံပြုချက်ကို လက်ခံမခံ ဆိုတာ မဲခွဲ ဆုံးဖြတ်ရပါတယ်။ တစ်နိုင်ငံတည်းက သဘောမတူ ဖြစ်နေရင်တောင် မဲခွဲ ဆုံးဖြတ်ဖို့ အဲဒီ နိုင်ငံက တောင်းဆိုနိုင်ပါတယ်။

ဗီဒီယို ပုံစာ,တိုင်းရင်းသား ဒေသတွေရဲ့အနာဂတ် ဘယ်လို ဖြစ်လာနိုင်မလဲ

၃။ ကိုယ်စားပြုခွင့်နဲ့ ပတ်သက်ပြီး အငြင်းအခုံဖြစ်လာပြီဆိုရင် …..

ကိုယ်စားပြုခွင့်နဲ့ ပတ်သက်လို့ အငြင်းအခုံ ဝိဝါဒ ကွဲပြားတာမျိုး ပုံစံ အမျိုးမျိုး ရှိနိုင်တာမှာ အဓိကကတော့ နိုင်ငံကို ကိုယ်စားပြုခွင့်ရဖို့ မတူတဲ့ အဖွဲ့တွေက အပြိုင် လျှောက်တာမျိူးပဲ ဖြစ်ပါတယ်။

အခု မြန်မာအရေးမှာ NUG နဲ့ စစ်ကောင်စီ အပြိုင်လျှောက်လာဖွယ် ရှိနေပါတယ်။

အဲဒီလို အငြင်းအခုံ ဖြစ်လာပြီ ဆိုရင် အရင်ဆုံး ကိုင်တွယ်ရမယ့် နေရာက အရည်အချင်းစစ် ကော်မတီပဲ ဖြစ်ပါတယ်။ ပုံမှန်ဆိုရင် ကော်မတီတွင်း ဆွေးနွေး ဆုံးဖြတ်၊ ပြီးရင် အထွေထွေ ညီလာခံကို တခြား နိုင်ငံတွေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာတွေ အကြံပြုချက်တွေနဲ့ အတူတင် ဆိုတဲ့ လမ်းကြောင်းနဲ့ဆိုရင် သီတင်း ၁၂ ပတ် ဝန်းကျင် ကြာမြင့်နိုင်ပါတယ်။

ပိုမြန်တဲ့ လမ်းကြာင်းကတော့ နိုင်ငံတစ်နိုင်ငံက ကမကထလုပ်ပြီး မြန်မာအရေး ဦးစားပေး ဆုံးဖြတ်ပေးဖို့ တောင်းဆိုပြီး အထွေထွေညီလာခံကို အမြန်ဆုံး တင်ပေးဖို့ရာ တောင်းဆိုနိုင်ပါတယ်။

အဲဒီလို တောင်းဆိုတာမျိုးကို အထွေထွေ ညီလာခံ စတင်ပြီ ဆိုတာနဲ့ ပထမဆုံး ရက်အပါအဝင် တချိန်မဟုတ်တချိန်မှာ နိုင်ငံတစ်ခုခုကနေ ပြုလုပ်နိုင်ပါတယ်။

ကော်မတီရဲ့ တာဝန်ကို ကြည့်ရင် အစိုးရတစ်ရပ်ရပ်ကို တခြား နိုင်ငံတွေက အသိအမှတ်ပြု လက်ခံလာရေး အတွက် လုပ်ဆောင်ပေးရမယ် ဆိုတဲ့ အဓိပ္ပာယ် မဟုတ်ဘူးလို့ SAC- M အဖွဲ့က ဆိုပါတယ်။ အထက်မှာ ဖော်ပြထားသလို တင်သွင်းလာတဲ့ အမည်စာရင်းတွေဟာ ကုလစည်းမျဥ်းတွေနဲ့ အညီ နိုင်ငံခေါင်းဆောင်၊ အစိုးရအကြီးအကဲ၊ နိုင်ငံခြားရေး ဝန်ကြီး တစ်ယောက်မဟုတ် တစ်ယောက်က တင်သွင်းတာလား ဆိုတာမျိုးလောက်ပဲ များသောအားဖြင့် ဆန်းစစ်ရတာပါ။

SAC- M
ဓာတ်ပုံ ပုံစာ,ကုလသမဂ္ဂ အဆင့်မြင့် အရာရှိတွေနဲ့ ဖွဲ့ထားတဲ့ SAC- M

ဒါပေမယ့်လည်း မြန်မာအရေးလို အပြိုင်လျှောက်ထားမှုမျိုး ရှိနေတဲ့ အခြေအနေ အပါအဝင်၊ နိုင်ငံတစ်နိုင်ငံဟာ တခြားနိုင်ငံတစ်ခုရဲ့ သိမ်းပိုက်တာ ခံနေရတယ် ဆိုတဲ့ အခြေအနေမျိုး၊ ဒါမှ မဟုတ်လည်း ပြည်တွင်းမှာပဲ အစိုးရအပေါ် အပြင်းအတန် တွန်းလှန် ပုန်ကန်နေကြတဲ့ အခြေအနေမျိုးတွေမှာတော့ ကော်မတီ အနေနဲ့ သက်ဆိုင်ရာ နိုင်ငံရဲ့ မျက်မှောက် နိုင်ငံရေး အခြေအနေနဲ့ အခက်အခဲ ပြဿနာတွေကို ထည့်သွင်း စဥ်းစားရမှာ ဖြစ်တယ်လို့ SAC- M အဖွဲ့က ပြောပါတယ်။

အခြေခံ ထည့်သွင်းစဥ်းစားကြမယ့် အချက်တွေထဲ စစ်ကောင်စီ အတွက် အတိုင်းအတာ တစ်ခုအထိ အားသာချက် ဖြစ်နိုင်တဲ့ “ effective control ” လို့ ခေါ်တဲ့ အခြေခံ အချက်မျိုးလည်း ပါဝင်ပါတယ်။ နိုင်ငံတစ်ခုရဲ့ လုပ်ငန်းဆောင်တာများကို ထိန်းချုပ်လုပ်ဆောင်နိုင်မှု ဆိုတဲ့ အချက်ဖြစ်ပါတယ်။ နိုင်ငံတကာ ဥပဒေမှာတော့ အဲဒီလို အာဏာကျင့်သုံး နိုင်ခြင်းဟာ ငြိမ်းချမ်းတဲ့ နည်းအပေါ်မှာ အခြေခံရမယ်၊ ပြတ်တောင်းပြတ်တောင်း မဟုတ်ပဲ စဥ်ဆက်မပြတ်လည်း ဖြစ်ရမယ်လို့ ဆိုထားပါတယ်။

ထည့်သွင်း စဥ်းစားရမယ့် တခြား အခြေခံအချက်တွေကတော့ NUG ကို အားသာမှု ဖြစ်စေနိုင်ပါတယ်။ ဒီမိုကရေစီနည်းကျဖြစ်ခြင်းတို့၊ နိုင်ငံတကာ ဥပဒေတွေအပေါ် လိုက်နာခြင်းတို့ ဆိုတဲ့ အချက်တွေ ဖြစ်ပါတယ်။

ကော်မတီ အဓိက လိုက်နာရမှာကတော့ အထွေထွေ ညီလာခံရဲ့ ၁၉၅၀ ဆုံးဖြတ်ချက် ဖြစ်ပြီး ၊ အခြေခံကတော့ ကုလသမဂ္ဂ အဖွဲ့ကြီး ဖွဲ့စည်း ထားရှိရခြင်းရဲ့ ပဋိညာဥ် ကနေ မသွေဖီရေး ဆိုတာပဲ ဖြစ်ပါတယ်။

ဆိုလိုတာကတော့ ကော်မတီ အနေတဲ့ ကိုယ်စားပြုခွင့် နဲ့ ပတ်သက်ပြီး လျှောက်ထားချက်ကို ငြင်းပယ်ဖို့ ဆုံးဖြတ်တဲ့အခါ အဲဒီ တိုင်းနိုင်ငံ အနေနဲ့ ကုလ အဖွဲ့ဝင် အဖြစ်ကနေပါ ဆိုင်းငံ့ သွားမှာမျိုး ဖြစ်လာမယ်ဆိုရင် ငြင်းပယ်တဲ့ ဆုံးဖြတ်ချက်ကို ရှောင်လွှဲရမယ်၊ ငြင်းပယ်တာမျိုး မလုပ်ရဘူးလို့ ဆိုတာပဲ ဖြစ်ပါတယ်။

ဗီဒီယို ပုံစာ,နိုင်ငံရေး ဆွေးနွေးမှုအပေါ် မျှော်လင့်ချက် ထားလို့မရဘူးလို့ KNU ပြော

၄။ မြန်မာအရေး ဖြစ်လာနိုင်ခြေ ၄ မျိုး …..

ဒီတော့ မြန်မာအရေးနဲ့ပတ်သက်ပြီး အခု ပြောမယ့် အခြေအနေ ၄ မျိုးထဲက တစ်မျိုးမဟုတ်တစ်မျိုး ဖြစ်လာနိုင်ပါတယ်။

(က) NUG ရဲ့ အဆိုပြုချက်ကို လက်ခံခြင်း

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး ဖယ်ရှားခံရတဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ အစိုးရတွေဘက်က ရပ်တည်ခဲ့တဲ့ သာဓကတွေ အထွေထွေညီလာခံရဲ့ သမိုင်းတလျှောက် ရှိခဲ့ပါတယ်။

၁၉၉၀ ဟေတီ စစ်အာဏာသိမ်းမှုကို လက်မခံပဲ တရားဝင်မှု မရှိတဲ့ အခြေအနေကနေ ဖြစ်ပေါ်လာတဲ့ ဘယ်အရာကိုမှ လက်သင့်ခံမှာ မဟုတ်ဘူး ဆိုပြီး ဟေတီ အာဏာသိမ်း စစ်အစိုးရ တည်ရှိမှုကို အသိအမှတ် မပြုတဲ့ ဆုံးဖြတ်ချက်မျိုး အထွေထွေ ညီလာခံကနေ ချမှတ်ခဲ့ဖူးပါတယ်။

တခါ၊ ၁၉၉၇ မှာလည်း ဆီယာရာလီယွန်းမှာ စစ်အာဏာသိမ်းမှု ဖြစ်ပေမယ့် ဖယ်ရှားခံလိုက်ရတဲ့ အစိုးရက ခန့်ထားတဲ့သူကိုပဲ ကုလသမဂ္ဂမှာ ကိုယ်စားပြုခွင့် ဆက်ပြီး ပေးခဲ့ပါတယ်။ နောက် ၂၀၀၉ ဟွန်ဒူးရပ်စ် စစ်အာဏာသိမ်းမှုမှာလည်း ထို့အတူပါပဲ။ ဒီမိုကရေစီ အစိုးရကို ဖယ်ရှားတဲ့ လုပ်ရပ်ကို လက်သင့်မခံတဲ့ ဆုံးဖြတ်ချက်မျိုး အထွေထွေ ညီလာခံကနေ ချမှတ်ခဲ့ပါတယ်။

ဒီတော့ NUG ရဲ့ ကိုယ်စားလှယ် အကြံပြုချက်ကို လက်ခံ နိုင်တဲ့ ဆုံးဖြတ်ချက်မျိုး ထွက်လာနိုင်ပါတယ်။

(ခ) ဒါမှမဟုတ် အာဏာသိမ်း စစ်ကောင်စီရဲ့ ကိုယ်စားလှယ် အကြံပြုချက်ကို လက်ခံခြင်း

မဖြစ်နိုင်ဘူးလို့ ၁၀၀ % အတတ်မပြောနိုင် ပေမယ့်၊ ဖြစ်လာဖို့တော့ နည်းတယ် ဆိုပြီး SAC- M အဖွဲ့က သုံးသပ်ပါတယ်။ မြန်မာ ပြည် စစ်အာဏာ တကျော့ပြန် အသိမ်းခံရမှု နဲ့ ပတ်သက်ပြီး ချမှတ်ထားတဲ့ အထွေထွေ ညီလာခံရဲ့ သဘောထား ဆုံးဖြတ်ချက်ကို ကြည့်ပြီး SAC- M အဖွဲ့က ပြောတာ ဖြစ်ပါတယ်။

အဲဒီ အထွေထွေ ညီလာခံ ဆုံးဖြတ်ချက်ဟာ မြန်မာပြည် စစ်အာဏာသိမ်းမှုကို တော်တော်လေး ပြင်းပြင်းထန်ထန် ပြတ်ပြတ်သားသား ရှုတ်ချ ငြင်းပယ် ထားတာ ဖြစ်ပါတယ်။

မြန်မာပြည်ထဲ လက်နက် တင်ပို့နေတာတွေကို နိုင်ငံတကာ ပိတ်ဆို့ရေး ဖြစ်လာအောင် တရုတ်၊ ရုရှား မကျန် တစ်နိုင်ငံချင်းစီ မလုပ်မနေရ လုပ်ရမယ် ၊ မဖြစ်မနေ ဖော်ဆောင်ရမယ် ဆိုတာမျိုး အထွေထွေညီလာခံ ကနေ လုပ်ဆောင်လို့ မရပေမယ့် အတည်ဖြစ်ခဲ့တဲ့ မြန်မာအရေး အထွေထွေ ညီလာခံ ဆုံးဖြတ်ချက်ကို ကြည့်ရင် နိုင်ငံအများစုရဲ့ သဘောဆန္ဒဟာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ပေါ်လွင်နေပါတယ်။

ဒါ့ကြောင့် ကိုယ်စားပြုခွင့်နဲ့ ပတ်သက်ပြီး အထွေထွေ ညီလာခံထဲ မဲခွဲ ဆုံးဖြတ်တာမျိုး ဖြစ်လာခဲ့ပြီ ဆိုရင် စစ်ကောင်စီက လျာထားတဲ့သူကို အတည်ပြုပေးဖို့ မဖြစ်နိုင်သလောက်ပဲလို့ SAC- M က ပြောတာ ဖြစ်ပါတယ်။

(ဂ) ဖြစ်နိုင်ခြေ နံပါတ် ၃ ကတော့ ဆုံးဖြတ်ချက် မချသေးပဲ ရွှေ့ဆိုင်းလိုက်ခြင်း

အဲဒီလို ဆုံးဖြတ်ချက် မချပဲ ရွှေ့ဆိုင်းတယ် ဆိုရင် လက်ရှိ ကိုယ်စားပြုသူကပဲ အထွေထွေ ညီလာခံမှာ မြန်မာကို ကိုယ်စားပြု ပါဝင်ရမှာ ဖြစ်တယ်လို့ SAC- M က ဆိုပါတယ်။

အဓိပ္ပာယ်ကတော့ ဦးကျော်မိုးထွန်းပဲ မြန်မာကို ဆက်ပြီး ကိုယ်စားပြုခွင့် ရှိနေမှာ ဖြစ်ပါတယ်။

ဆုံးဖြတ်ချက် ရွှေ့ဆိုင်းတာမျိုး ၁၉၉၇ တုန်းက အာဖဂန်နစ္စတန် အရေးမှာ အထွေထွေညီလာခံ လုပ်ခဲ့ဖူးပါတယ်။ တာလီဘန်တွေ အာဖဂန် တစ်နိုင်ငံလုံးကို သိမ်းပိုက်တဲ့နှစ်ပါ။

အဲဒီအချိန်တုန်းက ရှိလက်စ ကုလဆိုင်ရာ အာဖဂန် သံအမတ်ပဲ သူ့နိုင်ငံကို သူဆက်လက် ကိုယ်စားပြုပြီး အထွေထွေညီလာခံကို တက်ရောက်ခွင့် ရှိခဲ့ပါတယ်။

empty seat
ဓာတ်ပုံ ပုံစာ,ခုံလွတ် empty seat ဖြစ်သွားဖူးတဲ့ သာဓက ကမ္ဘောဒီးယား

(ဃ) နောက်ဆုံး ဖြစ်နိုင်ခြေကတော့ မြန်မာကို ကိုယ်စားပြုခွင့် ဘယ်သူ့ကိုမှ မပေးပဲ ဆုံးဖြတ်ချက် ရွှေ့ဆိုင်းခြင်း

အဲ့ဒါကို ကုလသမဂ္ဂ အသုံးအနှုံး နဲ့ဆိုရင် မြန်မာအတွက် ခုံလွတ် empty seat ဖြစ်သွားတယ်လို့ ခေါ်ပါတယ်။ အဲဒီ အခြေအနေ ဆိုရင် မြန်မာကို ကုလ အထွေထွေ ညီလာခံမှာ ပါဝင်ခွင့်မပေးပဲ ထုတ်လိုက်တဲ့ အဓိပ္ပာယ်မျိုးထိ သက်ရောက်ပါတယ်။

ဖြစ်နိုင်ခြေ အင်မတန်ကို နည်းလွန်းတယ်၊ မဖြစ်နိုင်သလောက်ပဲလို့ SAC- M က ဆိုပါတယ်။ နိုင်ငံတစ်နိုင်ငံကို အဖွဲ့ဝင် အဖြစ်ကနေ ရပ်ဆိုင်းတာမျိုး ဖြစ်မယ့် ဆုံးဖြတ်ချက်မျိုး မချရဘူး ဆိုတာ ကုလအဖွဲ့ကြီးရဲ့ အခြေခံ ပဋိညာဥ် ဖြစ်ပါတယ်။

ဒီ ပဋိညာဥ်ကို ချိုးဖောက်ပြီး အထွေထွေညီလာခံက ဆုံးဖြတ်မှာ မဟုတ်ဘူးလို့ SAC-M အဖွဲ့က သုံးသပ်ပါတယ်။

အထွေထွေညီလာခံ သမိုင်းမှာ တခါတော့ ရှိခဲ့ပါတယ်။ ၁၉၉၇ ကမ္ဘောဒီးယား အရေးမှာပါ။ “ ကိုယ်စားပြုခွင့် ဆုံးဖြတ်ချက် ရွှေ့ဆိုင်းလိုက်ပါတယ်။ လက်ရှိမှာလဲ ဘယ်သူမှ ကမ္ဘောဒီးယားရဲ့ ခုံနေရာမှာ လာပြီး နေရာယူနိုင်မှာ မဟုတ်ဘူးလို့ နားလည်ရပါတယ်” ဆိုပြီး ကော်မတီရဲ့ အကြံပြုချက်အတိုင်း အထွေထွေ ညီလာခံက လက်ခံခဲ့ပါတယ်။

နောက်နှစ်မှာတော့ ကမ္ဘောဒီးယား ပြဿနာ ပြေလည်သွားပါတယ်။ အပြိုင်နှစ်ဖွဲ့ ပူးပေါင်းပြီး ညွန့်ပေါင်းအစိုးရ ဖွဲ့နိုင်ခဲ့လို့ ဖြစ်ပါတယ်။

တောင်အာဖရိက
ဓာတ်ပုံ ပုံစာ,တောင်အာဖရိက အထွေထွေ ညီလာခံမှာ ခုံလွတ် ဖြစ်နေခဲ့တာ အနှစ် ၂၀ ဝန်းကျင် အထိကို ရှိ

နိုင်ငံခုံလွတ် ဖြစ်ရတဲ့ နောက် သာဓကကတော့ တောင်အာဖရိက အရေးပဲ ဖြစ်ပါတယ်။ အပြိုင်လျှောက်မှု၊ ကိုယ်စားပြုခွင့် အငြင်းအခုံ ရှိလို့ မဟုတ်ပါဘူး။ လူဖြူ လူမည်း ခွဲခြားမှုကို ဥပဒေပြုပြီးကို ကျင့်သုံးနေခဲ့တဲ့ တောင်အာဖရိက လူဖြူ အစိုးရရဲ့ ကိုယ်စားလှယ်ကို အသိအမှတ်မပြုဖို့ ကော်မတီက အကြံပြုပြီး အထွေထွေ ညီလာခံမှာလည်း အများစုက သဘောတူခဲ့ကြပါတယ်။ ဒါ့ကြောင့် တောင်အာဖရိကဟာ အထွေထွေ ညီလာခံမှာ ခုံလွတ် ဖြစ်နေခဲ့တာ အနှစ် ၂၀ ဝန်းကျင် အထိကို ရှိပါတယ်။

အချုပ်အားဖြင့်တော့ လာမယ့် စက်တင်ဘာ အရည်အချင်းစစ်ကော်မတီက စလို့ အထွေထွေညီလာခံမှာ မြန်မာကို ကိုယ်စားပြုခွင့် ဘယ်သူ ရနိုင်လဲ ဆိုတာ ဖြစ်နိုင်ခြေ အမျိုးမျိုး ရှိတဲ့အထဲကမှာ NUG ရဲ့ ကိုယ်စားလှယ် လျှောက်ထားချက်ကို လက်ခံတာရယ်၊ ဒါမှမဟုတ် ဆုံးဖြတ်ချက် ချမပေးပဲ ရွှေ့ဆိုင်းထားပြီး ဦးကျော်မိုးထွန်းပဲ မြန်မာကို ကိုယ်စားပြုခွင့် ဆက်ရှိနေနိုင်တာရယ် ဆိုတဲ့ အချက် ၂ ချက်ကတော့ တစ်ခုမဟုတ် တစ်ခု ဖြစ်အလာနိုင်ဆုံးပဲလို့ SAC-M အဖွဲ့က သုံးသပ်ထားပါတယ်။

390  Views
Previous: ကျပ်ငွေ တန်ဖိုး ဆက်တိုက်ကျပြီး စက်သုံးဆီဈေးနှုန်း နှစ်ဆကျော် မြင့်လာ
Next: ဒေါ်လာဈေး၊ ရွှေဈေးတက်သည့် ကိစ္စ မိမိတို့ လက်ထက်တွင်ဖြစ်ခဲ့ခြင်းဖြစ်၍ တာဝန်ယူမှုတာဝန်ခံမှုရှိသည်ဟုပြော