ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီဥက္ကဋ္ဌအမိန့်နဲ့ လျှော့ပေါ့မိန့် ထုတ်ပြန်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို ချမှတ်လိုက်တဲ့ ထောင်ဒဏ်ပြစ်ဒဏ်ကို စစ်ကောင်စီဥက္ကဋ္ဌ လျှော့ပေါ့မိန့် ထုတ်ပြန်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ကို ချမှတ်ထားတဲ့ ထောင်ဒဏ် ၄ နှစ်ထဲက ၂ နှစ်ကို စစ်ကောင်စီဥက္ကဋ္ဌအနေနဲ့ လွတ်ငြိမ်းသက်သာခွင့် ပေးလိုက်တယ်လို့ မြန်မာ့အသံက ကြေညာပါတယ်။ ကျန်နေတဲ့ ပြစ်ဒဏ် ၂ နှစ်ကိုလည်း လက်ရှိထိန်းသိမ်းထားတဲ့ နေအိမ်မှာပဲ ကျခံစေဖို့ စစ်ကောင်စီဥက္ကဋ္ဌအမိန့်နဲ့ ထုတ်ပြန်လိုက်ပါတယ်။

သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ကို နေပြည်တော် အထူးတရားရုံးက အမှု ၂ ခုအတွက် ထောင်ဒဏ် ၄ နှစ်စီ ဒီကနေ့ပဲ ချမှတ်ခဲ့တာပါ။

ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ ၃ ဦးကို ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) နဲ့ ပူးတွဲ တရားစွဲထားတဲ့ အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လှုံ့ဆော်လုပ်ဆောင်မှုအတွက် ၃ ဦးလုံးကို အမြင့်ဆုံးထောင်ဒဏ် ၂ နှစ်စီနဲ့ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို ပုဒ်မ ၂၅ နဲ့ သီးခြားစီ တရားစွဲခံထားရတဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ချိုးဖောက်တယ်ဆိုတဲ့ အမှုတွေအတွက် ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းမှုအပေါ် ကန့်ကွက်ကြောင်း ဖေဖော်ဝါရီ ၇ ရက်နဲ့ ၁၃ ရက်မှာ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက် ၂ ခုနဲ့ ပတ်သက်လို့ ပါတီအကြီးအကဲတွေဖြစ်တဲ့ သူတို့ ၃ ဦးလုံးမှာ တာဝန်ရှိလို့ဆိုပြီး စစ်ကောင်စီက ပုဒ်မ ၅၀၅(ခ) နဲ့ တရားစွဲခဲ့တာပါ။

သဘာဝဘေးအမှုကတော့ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ မဲဆွယ်ကာလမှာ ဥတ္တရသီရိမြို့နယ်ထဲ ဖြတ်သွားတဲ့ NLD မဲဆွယ်ယာဉ်တန်းကို ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့က ထွက်ပြီး လက်ပြနှုတ်ဆက်လို့ဆိုပြီး တရားစွဲခဲ့တာပါ။

325  Views
Previous: မြန်မာနိုင်ငံရှိခရစ်ယာန်ညီအစ်ကိုဂိုဏ်းကွဲများက ကက်သလစ်ခရစ်ယာန်ဘာသာဝင်များ၏ ကိုယ်တော်မြတ်မုန့်တော်နှင့်အသွေးတော်စပျစ်ရည်တို့ကို သုံးဆောင်ခွင့်ပြုရန် တောင်းဆို
Next: အင်တာနက် ဒေတာဈေးနှုန်းတွေ ထက်ဝက်နီးပါး မြင့်တက်