ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်က အီစ္စရေးသမ္မတ ရှီမွန်ပက်ရိ(စ်)နှင့်ပါလစ်စတိုင်းသမ္မတ မာမွတ်အာဘတ်(စ်) တို့နှင့်အတူ ဗာတီကန်နန်းတော်တွင်အတူတူဆုတောင်းခြင်း ပြုလုပ်တော်မူ

37-b

ဇွန်လ (၈)၊ ဗာတီကန်

ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်က သန့်ရှင်းသောမြေတွင် မြတ်စွာဘုရားသခင်ကသာ ငြိမ်းချမ်းရေး ကို ယူဆောင်လာပေး နိုင်မည်ဖြစ်ကြောင်း အီစ္စရေးသမ္မတ ရှီမွန်ပက်ရိ(စ်)နှင့်ပါလစ်စတိုင်းသမ္မတ မာမွတ်အာဘတ်(စ်) တို့အား မိန့်ကြားတော် မူလိုက်သည်။ ရဟန်းမင်းကြီးသည် သန့်ရှင်းသောမြေတွင် ငြိမ်းချမ်းရေးရရှိနိုင်ရန်အတွက် အီစ္စရေးသမ္မတ ရှီမွန်ပက်ရိ(စ်)နှင့် ပါလစ်စတိုင်းသမ္မတ မာမွတ်အာ ဘတ်(စ်) တို့အား ဗာတီကန်နန်းတော်သို့ ဖိတ်ကြားတော်မူပြီး ဇွန်လ ၈ ရက်နေ့ ဖြစ်သော သန့်ရှင်းသော ဝိညာဉ်တော်ဘုရားဆင်း သက်သော ပွဲနေ့ဖြစ်သည့် တနင်္ဂနွေနေ့ညနေ (၇) နာရီတွင် ဗာတီကန် နန်းတော်၊ မြက်ခင်းပြင်ထဲတွင် ပြုလုပ်ချိန် ထိုကဲ့သို့ မိန့်ကြားတော် မူလိုက်ခြင်း ဖြစ်သည်။ ၎င်းအတူတကွ ဆုတောင်းခြင်းအခမ်းအနားတွင် ရဟန်းမင်းကြီးက နတ်ဆိုး၏ သွေးဆောင်မှုကြောင့် ဖြစ်ပေါ်လာရသော အကြမ်းဖက်မှုများကို အဆုံးသတ်နိုင်ရန်အလို့ဌာ လူသားတို့၏ ကြိုးစားမှုဖြင့် အောင်မြင်မှု မရရှိသောနေ ရာတွင် မြတ်စွာဘုရားသခင်က ဝင်ရောက်လှုပ်ရှားတော်မူပါရန် ဘုရားသခင်ထံတော်သို့ ဆုတောင်းတော် မူလိုက်သည်။ ဆက်လက်ပြီး ရဟန်းမင်းကြီးက ““ ကျွန်တော်တို့က ငြိမ်းချမ်းရေးအနားကို တစ်ခါမ က ရောက်ရှိခဲ့ကြကြောင်း၊ သို့သော် ၎င်းငြိမ်းချမ်းရေးကို မကောင်းဆိုးဝါးက ပိတ်ပင်တားဆီးခဲ့ကြောင်း၊ ဒါကြောင့်မို့ ယခုကဲ့သို့၊ ဒီနေရာမှာ စုရုံးခြင်းဟာ ကျွန်တော်တို့အားလုံး ဘုရားသခင်၏ အကူအညီကို လိုအပ်ကြကြောင်းကို သိရှိခြင်းနှင့် ယုံကြည်ခြင်းပင် ဖြစ်ကြောင်းဖြင့် ထည့်သွင်း မိန့်ကြားတော်သည်။  ၎င်းငြိမ်းချမ်းရေးအတွက် ဆုတောင်းခြင်းပွဲသို့ တက်ရောက်လာသော အီစ္စရေးနိုင်ငံသမ္မတ ရှီမွန်ပက်ရိ(စ်) က၊ ““ကျွန်တော်ငယ်ငယ် ကတည်းက အခု အိုမင်းသည့်အထိ စစ်ပွဲကို ခံစားခဲ့ရကြောင်း၊ ငြိမ်းချမ်းရေး အာရသာကိုလည်း မြည်းစမ်းခဲ့ရကြောင်း၊ ဒါကြောင့်မို့ စစ်ပွဲကြောင့် အတိဒုက္ခရောက်ခဲ့ကြသော မိသားစုများ၊ မိဘများနှင့်ကလေးသူငယ်များကို ဘယ်တော့မှ မမေ့နိုင်ကြောင်း၊ ကျွန်တော့ဘ၀ တစ်ခုလုံး ကို နောင်လာသားစဉ်မြေးဆက်များ၏ အနာဂါတ်ငြိမ်းချမ်းရေးအတွက် မရပ်မနားဘဲ ဆက်လက် လုပ်ဆောင်နေမည်ဖြစ်ကြောင်း၊ ၎င်းငြိမ်းချမ်းရေးကို တကယ်ရရှိနိုင်ရန်အတွက် ကျွန်တော်တို့အားလုံး လက်တွဲလုပ်ဆောင်ကြပါစို့”” ဟု အင်္ဂလိပ်ဘာသာဖြင့် ပြင်ဆင်လာသော ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်း ပြောဆိုလိုက်သည်။

ပါလစ်စတိုင်းသမ္မတ မာမွတ်အာဘတ်(စ်)ကလည်း မိမိတို့က မိမိတို့အတွက်ရော အိမ်နီးနားချင်းအတွက်ပါ ငြိမ်းချမ်းရေး၊ သာယာဝပြောမှုနဲ့စိတ်နှလုံးပျော်ရွှင်မှုတို့ကို လိုချင်ပါတယ်”” ဟု အာရဗိဘာသာ စကားဖြင့် ပြင်ထားသော စာကို ဖတ်ကြားခဲ့သည်။         ၎င်းအခမ်းအနားကို ညနေ (၇) နာရီတွင် စတင်ကျင်းပရာ အီစ္စရေးနိုင်ငံသမ္မတ ရှီမွန်ပက်ရိ(စ်)သည် ဗာတီကန်နန်းတော်သို့ နာရီဝက်စော ပြီး ရောက်လာကာ ပါလစ်စတိုင်းသမ္မတ မာမွတ်အာဘတ်(စ်)သည်လည်း ၁၅ မီနစ်နောက် ကျပြီး ရောက်လာကြပြီးနောက် ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်၏ရှေ့တော်တွင် သမ္မတနှစ်ဦးစလုံး အချင်းချင်းပွေ့ဖက်ရင်း ““အခုလိုတွေ့ရတာ ဝမ်းသာပါတယ်”” ဟု ပြောဆိုရင်းနှုတ် ဆက်ကြလေသည်။ ၎င်းအတူတကွဆုတောင်းခြင်းအခမ်းအနားတွင် တမူးထူးခြားချက်ကမူ၊ ဂရိသြသဒေါ့ အသင်းတော်မှ ဂျေရုစလင်မြို့၏ တာဝန်ခံဖြစ်တော်မူသော ပက်ထရိသီအိုဖီလောစ် (၃) နှင့် ဘာတိုလိုမေအို၊ ပါလက်စတိုင်းနယ်မှ လူသာရန်အသင်းတော် ဆရာတော် မိုနိပ်ယွာနန်အပါအဝင် သက်ဆိုင်ရာနိုင်ငံ (၃) ခုမှ ကိုယ်စားလှယ်တော်များလည်း ပါဝင်တက်ရောက်ခဲ့ကြသည်။

ဂရိသြသဒေါ့အသင်းတော်မှ သာသနာပိုင်ချုပ်ဆရာတော်ကြီး ပက်ထရိဘာတိုလိုမေအိုကလည်း ဓမ္မဟောင်းကျမ်းစာမှ ဟေရှာယ ကျမ်းပိုဒ်တစ်ခုဖြစ်တော်မူသော ““တောခွေးသည် သိုးသငယ်နှင့် အတူ နေလိမ့်မည်။ ကျားသစ်သည်ဆိတ်သငယ်နှင့်အတူ အိပ်လိမ့်မည်။ နွားသငယ်၊ ခြင်္သေ့သငယ်၊ ဆူအောင်ကျွေးသော အကောင်တို့သည် အတူသွားလာကြ၍ လူသူငယ်သည် သူတို့ကို ပို့ဆောင်လိမ့်မည်။ နွားမနှင့်ဝံမသည် အတူကျက်စားပြီး သူတို့သားငယ်များသည် အတူအိပ်ကြလိမ့်မည်”” ဟူသော ကျမ်းပိုဒ်ကို ရွတ်ဆိုတော်မူသည်။

ထို့အပြင် ရဟန်းမင်းကြီး အရှေ့အလယ်ပိုင်းဒေသတို့ ဒေသစရီကြတော်မူချိန်က လိုက်ပါခဲ့ကြသော ရဟန်းမင်းကြီး၏ မိတ်ဆွေများ ဖြစ်ကြသည့်ဂျူးဘာသာမှ ရာဘီအာဘရာဟမ် စကောကာ၊ မွတ်စလင်ဘာသာမှ အိုမာအာဘိုဒ်တို့လည်း ပါဝင်တက်ရောက်ခဲ့ကြသည်။ ထို့နောက် အခမ်းအနားတွင် ပါဝင်တက်ရောက်လာကြသော သက်ဆိုင်ရာနိုင်ငံများမှ ကိုယ်စားလှယ်တော်များသည် ဂျူးဘာသာ၊ ခရစ်ယာန်ဘာသာနှင့်မူစလင်ဘာသာတို့ဖြင့် ပြင်ဆင်ထားသော ဆုတောင်းမေတ္တာတော်များကို အတူ တကွ ရွတ်ဆိုတော်မူကြသည်။ ၎င်းဆုတောင်းမေတ္တာတော်များသည် စကြာဝဌာတစ်ခုလုံးကို ဖန်ဆင်းတော်မူသော ခမည်းတော်ဘုရားကို ချီးမွမ်းတော်မူခြင်း၊ အပြစ်များအတွက် ဝန်ချတောင်း ပန်ခြင်းနှင့် သန့်ရှင်းသောမြေ (ဒေသ) တွင် ငြိမ်းချမ်းရေးရရှိနိုင်ရန်အတွက် ဆုတောင်းတော်မူခဲ့ကြသည်။

ထိုအတူတကွဆုတောင်းခြင်း အခမ်းအနားကို ပြီးဆုံးပြီးနောက် ရဟန်းမင်းကြီးဖရန်စစ်သည် အီစ္စရေးသမ္မတ ရှီမွန်ပက်ရိ(စ်)၊  ပါလစ်စတိုင်းသမ္မတ မာမွတ်အာဘတ်(စ်)၊ ဂရိသြသဒေါ့အသင်းတော်မှ သာသနာပိုင်ချုပ်ဆရာတော်ကြီး ပက်ထရိဘာတိုလိုမေအိုတို့နှင့်အတူ သံလွင်ပင်ကို ဗာတီကန်နန်းတော် ဝန်းထဲတွင် အမှတ်တရ စိုက်ပျိုးကြသည်။ ထို့နောက် ရဟန်းမင်းကြီးသည် သူတို့သုံးဦးနှင့်အတူ အခန်းတစ်ခုထဲတွင် (၁၅) မီနစ်ကြာ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။ (၀၀၂) ဝင်းလှိုင်ဦး

1544  Views
Previous: မြန်မာနိုင်ငံသို့ ကက်သလစ်သာသနာတော် ရောက်ရှိခြင်း နှစ် (၅၀၀) ဂျူဗလီနှင့်စပ်လျဉ်းသော သုတေသနစာတမ်းဖတ်ပွဲ ကျင်းပ
Next: ခရစ်တော်ဘုရားကို ငြင်းပယ်သူများ မဖြစ်ကြရန်အတွက် သတိရှိရှိ နေထိုင်ကြရန် ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က တိုက်တွန်းတော်မူ