လက်နက်ကြီးကြောင့် မင်းတပ်မြို့ ဘုရားကျောင်းနှင့် နေအိမ် ၃ လုံးပျက်စီး

ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် ယမန်နေ့ (စက်တင်ဘာ ၂၂) ညပိုင်းက တိုက်ပွဲဖြစ်ရာ ဘုရားရှိခိုးကျောင်းတစ်ခုနှင့် အဆောက်အအုံတချို့ လက်နက်ကြီးကျည် ထိမှန်ပျက်စီးသွားသည်။

ည ၇ နာရီကျော်၌ မြို့အရှေ့ပြင်ရပ်ကွက်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို CDF (မင်းတပ်) က ပြောက်ကျားဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“မင်းတပ်မြို့ အရှေ့ပြင်ရပ်ကွက်ထဲမှာ ဖြစ်တာများပါတယ်။ (ပစ်ခတ်တာ) နှစ်နေရာလောက်ဖြစ်မယ်။ လောလောဆယ် အတိအကျတော့ ပြောလို့မရသေးဘူး” ဟု ထိုသူက ဆိုသည်။

လက်နက်ကြီးထိမှန်မှုကြောင့် အရှေ့ပြင်ရပ်ကွက်ရှိ လူနေအိမ် ၃ လုံးထက်မနည်းနှင့် ယေဇူးရွှေနှလုံးတော် ခရစ်ယာန်ဘုရားကျောင်းဝင်းရှိ အဆောက်အုံတချို့ ပျက်စီးခဲ့သည်။

“တောင်တန်းကုန်းပေါ်ဆိုတော့ ထွေအုပ်ရုံးနဲ့လည်း အရမ်းနီးတယ်။ ရဲစခန်းနဲ့လည်း နီးတဲ့အခါကျတော့ (CDF) လူငယ်လေးတွေက လာပစ်တယ်ဆိုပြီးတော့ သူတို့(စစ်သားများ) ပစ်ကြတယ်ဆိုပါတော့” ဟု ယေဇူးရွှေနှလုံးတော်ခရစ်ယာန်ဘုရားကျောင်း ကျောင်းထိုင်ဆရာတော် ဖာသာရှယ်ထန်းက Myanmar Now ကို မိန့်သည်။

 

မင်းတပ်မြို့တွင် စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် ဘုရားကျောင်းဝင်းအတွင်းရှိ အဆောက်အအုံတစ်ခု ကျည်ထိမှန်ထားသည်ကို စက်တင်ဘာ ၂၃ က တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့)

 

“ ကျည်ဆန်နည်းနည်းပါးပါး ဟိုထိဒီထိတော့ ထိတယ်။ သာသနာကျောင်းတိုက်အပေါ်ဘက်က မှန် နည်းနည်းပါးပါးထိတယ်။ နောက်ပြီးတော့ ကျောင်းဘေးမှာ လက်နက်ကြီးကျပြီးတော့ နည်းနည်းလေးကွဲသွားတယ်။ ပြတင်းပေါက်မှန်တွေထိတယ်”

ထိခိုက်ပျက်စီးသွားသော ဘုရားကျောင်းဝင်းကို ယနေ့ မနက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ လာရောက်ကြည့်ရှုသွားသည်ဟု ဖာသာက ဆိုသည်။

ယမန်နေ့ည ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်ဒဏ်ရာရမှု ရှိမရှိ မသိရသေးသလို စစ်ကောင်စီကလည်း သတင်းထုတ်ပြန်ခြင်း မရှိပေ။

အလားတူ ကန်ပက်လက်မြို့တွင်လည်း ယမန်နေ့ ည ၇ နာရီဝန်းကျင်၌ ရဲစခန်းနှင့် အထက်တန်းကျောင်း တို့မှာ တပ်စွဲထားသည့် စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် မြို့တွင်းသို့ ပစ်ခတ်၍ လူနေအိမ်တချို့ပျက်စီးခဲ့သည်။

“ကန်ပက်လက်မြို့ထဲကို ရမ်းပြီး လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်တာပါ့။ ထိတွေ့တိုက်ပွဲတော့ မဟုတ်ဘူး”ဟု ကန်ပက်လက်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက အတည်ပြုသည်။

စက်တင်ဘာ ၁၈ က ထန်တလန်မြို့တွင် စစ်ကောင်စီတပ်နှင့် ထန်တလန် CDF တို့ တိုက်ပွဲဖြစ်ပြီး စစ်တပ်၏ ပစ်ခတ်မှုများကြောင့် လူနေအိမ် ၁၉ လုံးနှင့် ဆောက်လုပ်ရေး ရုံးရိပ်သာအဆောက်အအုံတစ်ခု မီးလောင်ပျက်စီးကာ ခရစ်ယာန်သင်းအုပ်ဆရာတစ်ဦး သေဆုံးခဲ့သည်။

စက်တင်ဘာ ၁၉ ကလည်း ဟားခါးနှင့် ထန်တလန် မြို့တွင်းတိုက်ပွဲများကြောင့် ဒေသခံ အရပ်သားများ ထိခိုက်သေဆုံးခဲ့သည့်အပေါ် လက်တုံ့ပြန်သည့်အနေဖြင့် မင်းတပ်မြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မင်းတပ် CDF က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရမှုများရှိကြောင်း ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီတပ်များသည် ဒေသခံ CDF များနှင့် တိုက်ပွဲများပြင်းထန်နေသည့် ချင်းပြည်နယ်တွင်  ခရစ်ယာန်ဘုရားကျောင်းများတွင် တပ်စွဲခြင်း၊ အရက်သောက်စားခြင်း၊ ကျမ်းစာအုပ်များကို ဖျက်ဆီးခြင်း၊ ဘုရားကျောင်းများကို ပစ်ခတ်ခြင်းများသည် ဘာသာရေးနှင့် လူမျိုးရေး ပဋိပက္ခအသွင်ဆောင်သည့် ဖြစ်ရပ်များ ဖြစ်စေနိုင်သည့်အတွက် အပြင်းအထန်ရှုတ်ချကြောင်း ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က စက်တင်ဘာ ၁၉ တွင် ထုတ်ပြန်သည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

371  Views
Previous: ထန်တလန်မြို့လယ်ခေါင်က တိုက်ပွဲကြောင့် ဒေသခံ တစ်သောင်းကျော် ထွက်ပြေးနေ၊ သင်းအုပ်ဆရာတစ်ဦး ပစ်သတ်ခံရ
Next: ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်နဲ့ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ အဖမ်းမခံရဘဲ အိမ်တော်တွေမှာပဲ ဆက်ရှိနေ