ထန်တလန်မြို့လယ်ခေါင်က တိုက်ပွဲကြောင့် ဒေသခံ တစ်သောင်းကျော် ထွက်ပြေးနေ၊ သင်းအုပ်ဆရာတစ်ဦး ပစ်သတ်ခံရ

ချင်းပြည်နယ်၊ ထန်တလန်မြို့လယ်ခေါင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ချင်းအမျိုးသားတပ်ဦး CNF နဲ့ ချင်းဒေသပြည်သူ့ကာကွယ်ရေးတပ် CDF (ထန်တလန်) တို့ပေါင်းပြီး စက်တင်ဘာလ ၁၈ ရက် မနေ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲမှာ လက်နက်မမျှဘဲ စစ်ကောင်စီဘက်က လက်နက်ကြီးတွေပါသုံးပြီး ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် ထန်တလန်မြို့ပေါ်က နေအိမ်တွေ မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ CNF တပ်ဖွဲ့ရဲ့ သတင်းပြန် ကြားရေးတာဝန်ခံ ဆလိုင်းထက်နီက ပြောပါတယ်။

 

ချင်းပြည်နယ်၊ ထန်တလန်မြို့လယ်ခေါင်တိုက်ပွဲကြောင့် ပျက်ဆီးသွားတဲ့ နေအိမ်အချို့ကို ၂၀၂၁ စက်တင်ဘာ ၁၉ ရက်နေ့က တွေ့ရစဉ်

 

“ထန်တလန်မြို့ရဲ့ အတွင်းကျတဲ့နေရာ ဟိုတယ်တွေမှာ စစ်ကောင်စီတပ်က တပ်စွဲထားတာပေါ့။ မြို့လယ်ခေါင်တွေမှာ တပ်စွဲထားတာ။ ကျနော်တို့က စစ်ဆင်ရေးတစ်ခုလုပ်တယ်။ ထန်တလန်က စစ်ကူ လာတဲ့ဟာကို ဘော်လုံးကွင်းထဲမှာ စောင့်ပစ်တာပေါ့။ ကျနော်တို့ဘက်က ၆၀ မမကျည်ထိလို့ တစ်ယောက် ဒဏ်ရာရတယ်။ သူတို့ဘက်က ၁၅ ဦးလောက် အသေအပျောက်ရှိတယ်လို့တော့ သတင်းရတယ်။ ပြည်သူ လူထု အသက်အိုးအိမ်ထိလို့ ကျနော်တို့ပြန်ဆုတ်ပေးလိုက်တယ် အခုကတော့”

စစ်ကောင်စီဘက်က လက်နက်ကြီးတွေ အလွန်အကျွံ အသုံးပြုပစ်ခတ်တာကြောင့် နေအိမ် ၁၈ လုံးနဲ့ သုံးထပ် တိုက် ဟိုတယ်တစ်လုံး မီးလောင်ခဲ့ရတယ်လို့ ဆိုပါတယ်။

မီးလောင်နေတဲ့ နေအိမ်တွေကို မီးငြိမ်းသတ်ဖို့ရောက်လာတဲ့ ဒေသခံလူငယ်တွေကိုလည်း စစ်တပ်ဘက်က ပစ်ခတ်ခဲ့တာကြောင့် အဲဒီထဲက ထန်တလန် ရာပြည့်နှစ်ခြင်းခရစ်ယာန် အသင်းတော် (TCBC) ရဲ့ သင်းအုပ် ဆရာ ပါစတာ ကျူံးဗျက်ဟုမ်း (Pastor Cung Biak Hum) ဟာ သေနတ်ကျည် ထိမှန်သေဆုံးခဲ့ရတယ်လို့ မျက်မြင်ဒေသခံက RFA ကို အခုလိုပြောပါတယ်။

“သူတို့အဖွဲ့တွေ လေးငါးယောက်လောက် ဆိုင်ကယ်နဲ့ မီးလောင်တဲ့နေရာကို အကူအညီပေးဖို့လာတယ်။ မြို့လည်ခေါင်မှာ စစ်သားတွေက ပစ်သတ်တော့ သူကပွဲချင်းပြီးပဲ ပစ်တဲ့နေရာမှာပဲ ဆိုင်ကယ်လည်း လဲတယ်။ သူလည်း ပက်လက်လန်လဲတယ်။ ကျွန်တော်တို့ သွားပြီး မကောက်နိုင်ဘူး။ ဘယ်သူမှ အပြင် မထွက်ရဲဘူး။ သေနတ်သံတွေ ဗုံးသံတွေကြားနေရတယ်။ မီးလောင်ပြီးမှပဲ သူ့အလောင်းကို ကောက်ပြီး သူ့မိခင်အိမ်မှာ ထားခဲ့တာ။ ကောက်တဲ့အချိန်မှာ လက်တွေဘာတွေမကြည့်မိဘူး။ အိမ်ရောက်ပြီးမှ အကျီတွေချွတ် သန့်ရှင်းရေးလုပ်တဲ့ အချိန်မှာ သူ့အမျိုးသမီးနဲ့ လက်ထက်တုန်းက လက်စွပ်ကို သူ့ လက်သူကြွယ်ဖြတ်ပြီးတော့ အခိုးခံထားရတယ်”

သေဆုံးသွားတဲ့ အသက် ၃၁ နှစ်အရွယ် သင်းအုပ်ဆရာ ပါစတာ ကျူံးဗျက်ဟုမ်းမှာ အသက် ဆယ်နှစ် နဲ့ ရှစ်နှစ်အရွယ် သားနှစ်ယောက်နဲ့ ကိုယ်ဝန်လွယ်ထားရတဲ့ ဇနီးတစ်ယောက်ကျန်ရစ်ခဲ့ပါတယ်။

Pastor Cung Biak Hum
(စစ်တပ်ဘက်က ပစ်ခတ်လို့ သေဆုံးသွားတဲ့ ထန်တလန် ရာပြည့်နှစ်ခြင်းခရစ်ယာန် အသင်းတော် (TCBC) သင်းအုပ်ဆရာ ပါစတာ ကျူံးဗျက်ဟုမ်း (Pastor Cung Biak Hum) ကိုတွေ့ရစဉ်) Photo: CJ

ဒေသခံ လူဦးရေ တစ်သောင်းကျော်လောက် နေထိုင်တဲ့ ထန်တလန်မြို့ပေါ်မှာ ဒီနေ့ဆိုရင် လူတစ်ထောင် လောက်ပဲ ကျန်တော့ပြီး အကုန်လုံးလိုလို ကြောက်လန့် ထွက်ပြေးနေကြရတယ်လို့ အကူအညီပေးနေ သူတွေက ပြောပါတယ်။

အများစုဟာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်ကို ထွက်ပြေးသွားကြတာဖြစ်ပြီး တချို့ကလည်း ဟားခါး မြို့ဘက်ကို ထွက်ပြေးသွားကြတယ်လို့ ဆိုပါတယ်။

ဟားခါးမြို့မှာလည်း မနေ့က စစ်ကောင်စီတပ်တွေနဲ့ CDF တပ်ဖွဲ့တွေ အပြန်အလှန် ပစ်ခတ်မှုတွေရှိခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် နေအိမ် နှစ်လုံး မီးလောင်သွားတဲ့အပြင် အရပ်သား ထိခိုက်မှုတွေလည်း ရှိခဲ့တယ်လို့ ဟားခါး CDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“အခုလက်ရှိ ဟားခါးမြို့ကတော့ ပုံမှန်အနေအထားပါပဲ။ ဒါပေမဲ့ အစိုးရရုံးတစ်ဝိုက်က အိတ်တွေကိုတော့ အတင်းပြောင်းရွှေ့ခိုင်းတာတော့ရှိတယ်။ ပြည်သူလူထု ဒုက္ခရောက်အောင် ခြိမ်းခြောက်တဲ့ သဘောပေါ့။ စစ်တပ်ရဲ့ လုပ်ရပ်ကတော့ လူ့အခွင့်အရေးတွေ ချိုးဖောက်နေတယ်။ အပြန်အလှန်ပစ်ခတ်မှု မဟုတ်ဘဲနဲ့ လက်နက်ကြီးအားကိုးပြီးတော့ ဟားခါးရဲ့တောင်ထိပ် စစ်ဗျူဟာကုန်းပေါ်ကနေ လက်နက်ကြီးတွေနဲ့အမြဲ ပစ်ခတ်နေတယ်”

ထန်တလန်မြို့နဲ့ ဟားခါးမြို့တွေမှာ စစ်ကောင်စီဘက်က လက်နက်ကြီးတွေသုံးပြီး ပစ်ခတ်တိုက်ခိုက်နေတာနဲ့ ပတ်သက်ပြီး မေးမြန်းနိုင်ဖို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ် မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါဘူး။

“ လည်ခေါင်မှာ စစ်သားတွေက ပစ်သတ်တော့ သူကပွဲချင်းပြီးပဲ ပစ်တဲ့နေရာမှာပဲ ဆိုင်ကယ်လည်း လဲတယ်။”

ထန်တလန်မြို့တိုက်ပွဲအတွင်း လက်နက်ကြီးနဲ့ ပစ်ခတ်ခံရလို့ နေအိမ်တွေ မီးလောင်ပျက်စီးရတာ၊ သင်းအုပ် ဆရာ တစ်ဦး သေနတ်နဲ့ပစ်သတ်ခံရတဲ့အပြင် အဲဒီသင်းအုပ်ဆရာရဲ့ လက်ကိုဖြတ်ပြီး မင်္ဂလာလက်စွပ်ကို ခိုးယူသွားတာတွေကြောင့် တုန်လှုပ်ခြောက်ခြား နာကြည်းဖွယ်ဖြစ်ရတယ်လို့ ချင်းနှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်က ဒီနေ့ စက်တင်ဘာ ၁၉ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ခရစ်ယာန်ဘုရားကျောင်းတွေမှာ တပ်စွဲထားပြီး အရက်သေစာ သောက်စားတာ၊ သမ္မာကျမ်းစာနဲ့ ဓမ္မသီချင်းစာအုပ်တွေကို ဖျက်ဆီးတာ၊ ဘုရားကျောင်း အဆောက်အအုံ တွေကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ် ဖျက်ဆီးတာတွေဟာ ယုံကြည်ကိုးကွယ်တဲ့ ဘာသာ တရားကို စော်ကားတာဖြစ်ပြီး အဲဒီဘာသာကို သက်ဝင်ယုံကြည်တဲ့ လူမျိုးတွေကိုလည်း မထီမဲ့မြင်ပြုရာ ရောက်တယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဒီလိုလုပ်ရပ်တွေဟာ ဘာသာရေးနဲ့ လူမျိုးရေး အသွင်ဆောင်တဲ့ ပဋိပက္ခတွေ ဖြစ်လာနိုင်တာကြောင့် အခုဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း သဘောထား ထုတ်ပြန်ထားပါတယ်။

458  Views
Previous: မာတင်လုသာ ရေးခဲ့တဲ့နာမည်ကြီး (၉၅) ချက် ကြေငြာစာတမ်း
Next: လက်နက်ကြီးကြောင့် မင်းတပ်မြို့ ဘုရားကျောင်းနှင့် နေအိမ် ၃ လုံးပျက်စီး