လွိုင်ကော်ကက်သလစ်ပရဟိတဆေးခန်းက ဆရာဝန်နဲ့ သူနာပြု ၁၈ ဦး ဖမ်းဆီးခံရ

ကယားပြည်နယ် လွိုင်ကော်မြို့၊ နောင်ယားရပ်ကွက်က ခရစ္စတူးဘုရင် ကက်သလစ်ဘုရားကျောင်းဝင်းထဲမှာ ရှိတဲ့ ကရုဏာဆေးခန်းကို နိုဝင်ဘာလ ၂၂ ရက်နေ့ မနက်မှာ စစ်တပ်နဲ့ရဲက အင်အားအလုံးအရင်းနဲ့ ဝင်ရောက် စီးနင်းခဲ့ပါတယ်။

အဲဒီနောက် ဆေးခန်းမှာ ကုသနေတဲ့ လူနာ ၆၀ ကျော်ကို လွိုင်ကော်ပြည်သူ့ဆေးရုံနဲ့ စစ်တပ်ဆေးရုံတွေဆီကို အတင်းအဓမ္မ ပြောင်းရွှေ့လိုက်ပြီး၊ ဆေးကုသပေးနေတဲ့ CDM ဆရာဝန် လေးဦးနဲ့ သူနာပြုဆရာမ ၁၄ ယောက်၊ စုစုပေါင်း ၁၈ ယောက်ကို ဖမ်းသွားတယ်လို့ မျက်မြင်တွေက RFA ကို ပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ စစ်ကြောရေးစခန်းမှာ ရှိနေဆဲဖြစ်ပြီး ဒီနေ့ညနေပိုင်းအချိန်အထိ အဆက်အသွယ် မရဘူးလို့ အဲဒီဆေးခန်းက လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“ ၉ နာရီသာသာလေးကနေ ညနေ ၄ နာရီအထိ တစ်ဝင်းလုံးကို ပိတ်ဆို့ထားပြီးတော့မှ အရေးယူ ဆောင်ရွက်မှုတွေ လုပ်တယ်။ ရှာဖွေရေးတွေ သူတို့လုပ်တာပေါ့နော်။ ဒီမှာရှိတဲ့ ဆရာတော် ကျောင်းတိုက် တို့၊ အဆောက်အအုံတို့၊ ဆေးခန်းတို့ မှန်သမျှ သူတို့ မွှေနှောက်နေတာ လှုပ်ရှားသွားတယ်။ ပရဟိတ လုပ်ငန်း လုပ်နေတဲ့ ဆရာဝန် လေးယောက် ပါသွားတယ်။ ကျန်တဲ့ဟာတွေကတော့ နာ့စ်တွေ၊ စေတနာ့ ဝန်ထမ်း တစ်ယောက်ပါတယ်။ အားလုံး ၁၈ ယောက် ပါသွားတယ်။ မနေ့ကတည်းက သူတို့စစ်ဆေးဖို့ ခေါ်သွားတာပေါ့။ အခုချိန်ထိ စစ်ကြောရေးမှာ ရှိတုန်းပါပဲ။ အခုချိန်ထိတော့ ပြန်မလွှတ်သေးပါဘူး”

အဖမ်းခံရသူတွေနဲ့အတူ ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးနဲ့ သီလရှင် စစ္စတာ နှစ်ပါး အဖော်အဖြစ် လိုက်သွားကြတယ်လို့လည်း သူကပြောပါတယ်။

မနေ့က ဆေးခန်းသွားပြရင်း အခင်းဖြစ်နေရာမှာ ရှိနေခဲ့တဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မျက်မြင်လူနာ တစ်ဦးကလည်း RFA ကို အခုလိုပြောပါတယ်။

“ ဆေးရုံကြီးကို တစ်ခန်းဝင် တစ်ခန်းထွက် အဲဒီမှာ စစ္စတာတွေနဲ့ စကားပြော၊ အဲမှာ ကိုယ်တော်တွေနဲ့ လည်း ပြောပေါ့။ ပြောပြီးတဲ့အခါကျတော့ နောက်ပြီးတော့မှ ဆရာဝန်တွေလည်း ပါကုန်သွားကြတယ် ပေါ့နော်။ ပါကုန်သွားတော့ ကျန်ခဲ့တဲ့ စစ္စတာတွေကကျတော့ ဒါဆိုရင် ဆေးရုံစာအုပ်တွေ၊ ဆေးခန်းစာအုပ် တွေ နောက်လမှလာခဲ့ပြောပြီး စာအုပ်ယူပြီးအထွက် ၁၂ နာရီကျော်နေပြီ ပြန်မယ်ဆိုတော့ ဘယ်ဟုတ်မလဲ အပေါက်နား ပြန်ပိတ်ထားတာ လေးနာရီကျော်မှ ပြန်ရတယ်လေ။ အနောက်မှာက မမြင်ပေမယ့် အနောက်က သူများက ပြောပြတာလေး ကိုယ်တော်တွေ ငိုတာတဲ့၊ စစ္စတာတွေလည်း ငိုတာတဲ့။ ကလေးတွေကို ကားနဲ့အရင် ခေါ်သွားကြတာတဲ့။ မိဘတွေကလည်း မသွားချင်ကြဘူးရော၊ ငိုကြတာတဲ့ အဲလိုမျိုးတဲ့”

စစ်တပ်နဲ့ရဲက ဆေးခန်းထဲ ဝင်ရောက်စီးနင်းချိန်မှာ ဆေးခန်းလာပြတဲ့ ကိုယ်ဝန်ဆောင်မိခင် အယောက် ၄၀ နဲ့ တခြားလူနာတွေဟာ ဘုရားကျောင်းဝင်းထဲကနေ အပြင်ထွက်ခွင့်မရဘဲ တစ်နေကုန် ပိတ်မိနေခဲ့ကြပြီး ညနေ လေးနာရီအချိန်လောက်မှ ပြန်ခွင့်ပေးလိုက်တယ်လို့ ဆိုပါတယ်။

စစ်သားတွေက ဆရာဝန်၊ သူနာပြုတွေကို သေနတ်တွေနဲ့ချိန်ပြီး ဖမ်းဆီးခေါ်ဆောင်သွားကြသလို ဘုရားကျောင်းပိုင် မော်တော်ကား သုံးစီးကိုလည်း မောင်းယူသွားကြတယ်လို့ ပြောပါတယ်။

စစ်တပ်နဲ့ ရဲ မနေ့က ဝင်စီးပြီးနောက် ဆေးခန်းကိုလည်း ပိတ်ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကရုဏာဆေးခန်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်ကတည်းက လူမျိုးဘာသာမရွေး အခမဲ့ ကုသပေးနေတဲ့ ဆေးခန်းတစ်ခုဖြစ်ပြီး မွေးလူနာ၊ သက်ကြီးရွယ်အိုတွေနဲ့ နာတာရှည်လူနာတွေ အများဆုံး လာကြတာလို့ လည်း ဒေသခံတွေက ပြောပါတယ်။

catholic-church-loikaw.jpg
ကယားပြည်နယ်၊ လွိုင်ကော်မြို့က ခရစ္စတူးဘုရင် ကက်သလစ်ဘုရားကျောင်းကို တွေ့ရစဉ် (Photo: CJ)

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် အကြမ်းမဖက်တဲ့ အာဏာ ဖီဆန်ရေးလှုပ်ရှားမှု CDM မှာပါဝင်နေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာလည်း ဒီဆေးခန်းမှာ လွန်ခဲ့တဲ့ အချိန် ငါးလကျော်ကတည်းက စေတနာ့ဝန်ထမ်းတွေအဖြစ် လူနာတွေကို ကုသပေးနေကြတာလို့လည်း ဆိုပါတယ်။

ဒါပေမဲ့ ဒီကရုဏာဆေးခန်းက ဆေးခန်းလိုင်စင်ပဲရှိပြီး ဆေးရုံလိုင်စင် မရှိတာကြောင့် အတွင်းလူနာ ထားခွင့် မရှိတဲ့အကြောင်း မနေ့က ဝင်ရောက်စီးနင်းတဲ့အချိန်မှာ စစ်အရာရှိတွေရဲ့ ပြောဆိုသံကို ကြားခဲ့ကြရတယ် လို့လည်း မနေ့က အခင်းဖြစ်နေရာမှာ ရှိနေခဲ့တဲ့ လူနာတစ်ဦးက ပြောပါတယ်။

အဲဒီဆေးခန်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကို ဆေးကုသပေးနေတယ်ဆိုပြီး စစ်တပ်က သံသယ ရှိနေတာကြောင့် ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါပေမဲ့ အဲဒီကျောင်းက လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တာဝန်ရှိသူတစ်ဦးကတော့ ဆေးခန်းမှာ လူနာတွေ ကို ကုသပေးနေတဲ့ CDM ဆရာဝန်တွေနဲ့ သူနာပြုတွေကို စစ်တပ်က ပစ်မှတ်ထားချင်တာလို့ ပြောပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ စစ်ကောင်စီ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကို RFA က ဒီနေ့ ဖုန်းနဲ့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ညနေ သုံးနာရီခွဲအချိန်အထိ အကြောင်းမပြန်ပါဘူး။

“ ဆေးခန်းတွေကို ဝင်ရောက်စီးနင်းခြင်းက လူသား အခြေခံ အသက်ရှင်ခွင့်ကို စစ်အစိုးရက ချိုးဖောက်တယ်”

ကရင်နီ လူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ကိုဗညားကတော့ အခုလို ပရဟိတဆေးခန်းကို ဝင်ရောက်စီးနင်း တာက နိုင်ငံတကာ တားမြစ်ချက်တွေကို ချိုးဖောက်တာလို့ ပြောပါတယ်။

“ ဘာသာရေးအဆောက်အအုံရယ်၊ နောက်ဆေးပေးခန်းတွေကို နိုင်ငံတကာရဲ့ လူသားချင်းစာနာ ထောက်ထားမှု လုပ်ထုံးလုပ်နည်းအရ ဝင်ရောက်စီးနင်းခွင့် မရှိဘူးဆိုတာ အတိအလင်း ပြထားပြီးတာ ပေါ့နော်။ နောက်ပြီးတော့မှ ဒီဟာက ဘာသာရေးအဆောက်အအုံ ဖြစ်တယ်။ နောက်ပြီးတော့မှ ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုပေးတဲ့ နေရာကိုလည်း သူတို့ ဝင်ရောက် စီးနင်းတာတို့၊ ဖမ်းဆီးတာတို့ မလုပ်ရဘူးဆိုတာကို နိုင်ငံတကာက တားမြစ်ချက်တွေ အများကြီးရှိတယ်။ အဲဒီတားမြစ်ချက်တွေကို သူတို့က ချိုးဖောက်တယ်။ ဒါက နံပါတ် (၁) အချက် ကြည့်လို့ရတယ်။ နံပါတ် (၂) အချက်က လူ့ အခွင့် အရေး ချိုးဖောက်မှုက ဘာကိုသွားပြီးတော့ ရှုမြင်လဲဆိုတာ ပြည်သူလူထုတွေရဲ့ ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုကိုပေးနေတဲ့ ဆေးခန်းတွေကို ဝင်ရောက်စီးနင်းခြင်းက လူသား အခြေခံ အသက်ရှင်ခွင့်ကို စစ်အစိုးရက ချိုးဖောက်တယ်”

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကျန်းမာရေး ဝန်ကြီးဌာနက ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း မနေ့က ထုတ်ပြန်ထားကြ ပါတယ်။

ကယားပြည်နယ်မှာ စစ်အာဏာသိမ်းပြီးနောက် နိုဝင်ဘာလ ၁၆ ရက်နေ့အထိ စစ်ကောင်စီကဖမ်းထားတဲ့သူ ၁၇၄ ဦး ရှိတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစုက ထုတ်ပြန်ထားပါတယ်။

 

Source: RFA

279  Views
Previous: လူငယ်တွေကို ပုပ်ရဟန်းမင်းကြီးက သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ကြဖို့ မင်းတို့ကို ငါတို့လိုအပ်တယ် ဟု ဖိတ်ခေါ်တော်မူ
Next: လွိုင်ကော်ခရစ္စတူးဘုရင် ကက်သလစ်ပရဟိတဆေးခန်းက ဆရာဝန်နဲ့ သူနာပြု ၁၈ ဦးတို့ ပြန်လွတ်လာ