လွိုင်ကော်ခရစ္စတူးဘုရင် ကက်သလစ်ပရဟိတဆေးခန်းက ဆရာဝန်နဲ့ သူနာပြု ၁၈ ဦးတို့ ပြန်လွတ်လာ

နိုဝင်ဘာ ၂၂ ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးတာခံခဲ့ရတဲ့ လွိုင်ကော်မြို့ ခရစ္စတူးဘုရင် ဘုရားကျောင်းထဲမှာ ဖွင့်ထားတဲ့ဆေးခန်းက ကျန်းမာရေးဝန်ထမ်း ၁၈ ယောက်တို့ နိုဝင်ဘာ ၂၃ ရက် မနေ့က ပြန်လွတ်လာကြပါတယ်။

ကရင်နီ (ကယား) ပြည်နယ် လွိုင်ကော်မြို့ နောင်ယားရပ်ကွက်က ခရစ္စတူးဘူရင် ဘုရားကျောင်းမှာ ဖွင့်ထားတဲ့ ကရုဏာဆေးခန်းက ဆရာဝန် လေးဦးအပါအဝင် ကျန်းမာရေးဝန်ထမ်း ၁၈ ဦးတို့ နိုဝင်ဘာ ၂၃ ရက် ညနေပိုင်းက ပြန်လွတ်လာကြတာပါ။

စစ်ကောင်စီဘက်က စွပ်စွဲချက်တွေဟာ အထောက်အထား ဘာတစ်ခုမှမရှိတဲ့အတွက် ပြန်လွတ်လာတာလို့ ဖမ်းဆီးခံထားရတဲ့သူတွေနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

“သူတို့က ပြစ်မှုဆိုင်ရာ ဒီနိုင်ငံတကာပုန်ကန်မှု လုပ်တာမဟုတ်ဘူးလေး။ သူတို့ ကျူးလွန်ထားတဲ့ ပြစ်မှုတွေကလည်းမရှိဘူး။ သူတို့ စွပ်စွဲချင်တဲ့ PDF တွေကို ကုသပေးပါတယ်။ လုပ်ပေးပါတယ်ဆိုတဲ့ အထောက်အထား ဘာတစ်ခုမှမရဘူး။ ဘာတစ်ခုမှမရှိဘူးလေး။ သူတို့အပြင်မှာ သတင်းရထားမှန်း မသိဘူးပေါ့နော်။ အဲဒါနဲ့ ဒီဟာနဲ့ ချိတ်ဆက်မှုလည်း မရှိဘူး။ နိုင်ငံတော်ပုန်ကန်မှုထဲမှာလည်း သူတို့ပြောဆို ပုံအရပေါ့ ဘာမှလည်းမရှိဘူး”

ပြီးခဲ့တဲ့နိုဝင်ဘာ ၂၂ ရက်နေ့မနက်ပိုင်းက အဲဒီဘုရားကျောင်းကို စစ်သားနဲ့ ရဲအင်အား ၂၀၀ ဝန်းကျင် ဝင်ရောက်ကာ ကျန်းမာရေးစေတနာ့ဝန်ထမ်း ၁၈ ဦးတို့ကို စစ်ဆေးမေးမြန်းဖို့ သေနတ်တွေနဲ့ချိန်ပြီး ခေါ်သွားခဲ့တာဖြစ်ပါတယ်။

 

လွိုင်ကော်မြို့၊ ခရစ္စတူးဘုရင် ကက်သလစ်ဘုရားကျောင်းဝင်းကို တွေ့ရစဉ်

 

နိုဝင်ဘာ ၂၃ ရက် စစ်ကောင်စီရဲ့ မြဝတီသတင်းမှာ တရားမဝင် ဆေးကုသပေးနေတဲ့ ဆရာဝန် လေးဦး၊ သူနာပြုလေးဦး၊ သူနာပြုအကူ ၁၀ ဦး စုစုပေါင်း ၁၈ ဦးတို့ဟာ တရားမဝင် ခွဲစိတ်ခန်းတစ်ခု၊ တရားမဝင် ဆေးကုသပေးနေတဲ့လူနာ စုစုပေါင်း ၄၈ ဦးကို တွေ့ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် လွိုင်ကော်မြို့နယ် ကုသရေးဦးစီးဌာနက ဆရာဝန် နှစ်ဦးနဲ့ လွိုင်ကော် ပြည်သူ့ဆေးရုံကြီးက သူနာပြု လေးဦးတို့ဟာ အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လုပ်ထားသူတွေဖြစ်ကြပြီး သူတို့ကို လွန်ခဲ့တဲ့ မတ်လက ပုဒ် ၅၀၅-(က) နဲ့ အမှုဖွင့်ခံထားရတဲ့သူတွေလို့လည်း ဖော်ပြထားပါတယ်။

စစ်ကောင်စီက ၅၀၅ (က) နဲ့ တရားစွဲခံထားရထားရသူ တစ်ယောက်မှမရှိဘဲ မမှန်မကန် စွပ်စွဲထားတယ်လို့ ပြန်လွှတ်လာသူတွေနဲ့ နီးစပ်သူတစ်ဦးက အတည်ပြုပြောပါတယ်။

အဲဒီနေ့က ဆေးခန်းမှာ အတွင်းလူနာအဖြစ် ကုသခံယူနေရသူတွေကို လွိုင်ကော်ဆေးရုံနဲ့ စစ်ဆေးရုံတွေကို ပို့ဆောင်ခဲ့ပြီး ကရုဏာဆေးခန်းကိုလည်း စစ်ကောင်စီက ပိတ်သိမ်းလိုက်ပါတယ်။

ဆေးခန်းတာဝန်ရှိသူတွေကတော့ လက်ရှိဆေးခန်းကို ခေတ္တပိတ်ထားရပြီး ပြန်လည်ဖွင့်နိုင်ဖို့ ကြိုးစားမယ်လို့ ဆိုပါတယ်။

လွိုင်ကော် ခရစ်ယာန်ကက်သလစ်သာသနာက ကြီးမှူးဖွင့်လှစ်ထားတဲ့ ကရုဏာဆေးခန်းဟာ ၂၃ နှစ်တိုင် ဖွင့်လှစ်ထားတာဖြစ်ပြီး လူမျိုး၊ ဘာသာမရွေး ကျန်းမာရေး စောင့်ရှောက်မှု ခံယူနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ဖွင့်လှစ်ထားပြီး လူနာတွေကို ကုသပေးနေတယ်လို့ သိရပါတယ်။

317  Views
Previous: လွိုင်ကော်ကက်သလစ်ပရဟိတဆေးခန်းက ဆရာဝန်နဲ့ သူနာပြု ၁၈ ဦး ဖမ်းဆီးခံရ
Next: NUG ငွေတိုက်စာချုပ်ဝယ်ယူသူတွေကို အရေးယူမယ်လို့ စစ်ကောင်စီခြိမ်းခြောက်